
တင်အောင်တို့လင်မယားဟာ အသက်အရွယ်ကွာပေမယ့် အနုအရွစကားလေးတွေနဲ့ တွတ်တီးတွတ်တာ ပြောဆိုမှုမှာတော့အားနည်းသည်ဟု ဆိုရမည်။အခေါ်အဝေါ်ကမှ အစပေါ့။ တင်အောင်မိန်းမ တင့်တင့်ရဲ့ ဘဝဖြတ်သန်းမှုပုံစံအရလည်း အနုအရွ ဆိုတာဘာမှန်း မသိခဲ့ရဘူး။ နေထူးနိုင်ဇာတ်ကားနဲ့ကြီးပြင်းခဲ့ရပြီး အရွယ်ရောက်တော့လည်း ဘဝကို ခပ်ကြမ်းကြမ်း ဖြတ်သန်းခဲ့ရတော့ တင့်တင့်ဟာ တင်အောင်နဲ့မညားခင်က မိန်းခလေးတစ်ယောက်ထက် tomboy တစ်ယောက်နဲ့ပိုတူခဲ့သည် ။ဒီတော့ ချစ်တယ်ကြိုက်တယ် ဘာညာ အနုအလှ 'သိင်္ဂါရ' ဆန်ဆန်တွေလည်းမပြောတတ်ဘူး။ စိတ်ကြည်နေရင်တောင် ' ချစ်လား ' အင်း ချစ်တယ် ' ''ဘယ်လောက်ချစ်လဲ '' '' တော်တော်များများချစ်တယ်'' ဒီလောက်နဲ့ရပ်ရင်ရပ်။ မရပ်ရင် လင်မယားနှစ်ယောက်ဟာ ' တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်သလဲ ' ဆိုတဲ့ခေါင်းစဉ်ကနေ '' တစ်ယောက်ကိုတစ်ယောက် ဘယ်လိုသတ်ရင်ကောင်းမလဲ '' ဆိုတဲ့ခေါင်းစဉ်ဘက် ပြောင်းသွားတတ်ကြသည်။
သို့သော် လင်ရယ်မယားရယ်လို့ဖြစ်လာရင် ဘယ်လောက်ပဲ အနုအရွတွေမရှိပါဘူးပြောပြော တစ်ခါတလေတော့လည်း အနုအရွနဲ့ ရိုမန်တစ်ဆန်တာလေးတွေလည်း လိုအပ်တယ်မဟုတ်လား။ ဒီနေရာမှာ တင်အောင်က တစ်နေ့တစ်နေ့ ဘယ်သူ့ကြပ်ရမလဲပဲ စဉ်းစားနေသူဆိုတော့ တင်အောင်ထက်စာရင် တင့်တင့်ကမှ အနုအလှ နဲ့ ရိုမန်တစ် ဆန်ဆန် လေးတွေ တစ်ခါတစ်ရံပြောတတ်သေးသည်။
တစ်နေ့ လင်မယားနှစ်ယောက် ရောက်တတ်ရာရာ ပြောနေရင်းနဲ့ အငယ်အနှောင်း အိမ်ထောင်ရေးဖောက်ပြန်မှုတွေအကြောင်းရောက်သွားရော။မိန်းမတို့ထုံးစံအတိုင်း တင့်တင့်က ခါးခါးသီးသီး ရှုံ့ချနေတော့ တင်အောင်ကလည်း သူ့စရိုက်အတိုင်း နောက်ချင်စိတ်ဖြစ်လာတာနဲ့
''ကဲ ဒါဆို ငါနောက်မယားငယ် ယူတယ် ဆိုပါတော့ နင်ဘာလုပ်မလဲ''
'' စမ်းကြည့်လိုက်လေ တင့်တင့်တို့က တစ်ခုလပ်တော့အဖြစ်မခံဘူး မုဆိုးမပဲ အဖြစ်ခံလိုက်မယ်''
မိန်းမတိုင်းပြောလေ့ရှိတဲ့စကား။ သတ်မယ် ဖြတ်မယ်။ ကိုင်ပေါက်လိုက် ပြန်ကောက်လိုက် ကိုင်ဆောင့်လိုက် လုပ်မယ် ဘာညာပေါ့။ယောက်ျား များဟာလည်း ကိုယ့်ကိုသတ်မယ်ပြောနေတာတောင် အောက်သွားမရှိ တစ်ဟဲဟဲ ဖြစ်တဲ့စကားတွေဆိုလေ့ရှိသလို တင်အောင်ကလည်း စပ်ဖြဲဖြဲနဲ့
''တင့်တင့်ရယ် နင်ကလေ အပိုတွေသိပ်ပြောတာပဲ ''
'' အပို ထင်ရင် စမ်းကြည့်လေ။ အရင်ဆုံး ကိုတင်ရဲ့ မယားငယ်ကို အရင်သတ်မယ် ပြီးရင် ကိုတင် ကို ဓါးနဲ့ထိုးသတ်မယ် နောက်ဆုံးမှ သမီးကိုယ်သမီး ဓါးနဲ့ထိုးပြီးသတ်သေမယ်'' ဒေါ
တင့်တင်တစ်ယောက် မာန်ပါပါ အသံစာစာ နဲ့ပြောနေရင်းက မျက်နှာကတည်သွာပြီး အသံကလဲ တိုးသွားကာ
''ဒါပေမဲ့ ကိုတင်ရယ် ကျွန်မကိုယ်ကျွန်မ ဓါးနဲ့ထိုးရင်လေ ကိုတင် ကို ထိုးတဲ့ဓါးနဲ့ မထိုးဘူး။နောက် ဓါးတစ်ချောင်းနဲ့ထိုးပြီးသတ်သေမယ်သိလား''
တင်အောင် ပြုံးမိသွားကာ စိတ်ထဲကနေလည်း “အလဲ့ ငါ့မိန်းမ မဆိုးဘူးဟ ဒါမျိုးတွေ မပြောတတ်ဘူးထင်နေတာ။ပြောတတ်တယ်ဟ” လို့တွေးလိုက်မိသည်။ တင်အောင်က အတွေးတွေထပ်ပွားပြီး ပိုပြီးတောင် ပီတိဖြစ်လာသည်။ အဲဒီအဖြစ်အပျက်ကို ရုပ်ရှင် ဇာတ်ဝင်ခန်းတစ်ခုအဖြစ်မြင်ယောင်ကြည့်လိုက်။ တင်အောင် မယားငယ်ထားတာကို မိန်းမကသိသွား။ အချစ်ကြီးရင် အမျက်ကြီးတယ် ဆိုတဲ့စကားအတိုင်း တင်အောင့် မိန်းမအကြီးအကျယ်ပေါက်ကွဲ။ အရင်ဆုံး တင်အောင့် မယားငယ်ကို သတ်။နောက် တင်အောင့်ကိုပါ ဓါးနဲ့ထိုးသတ်။နောက်ဆုံးမှ သူ့ကိုယ်သူ အခြားဓါးနဲ့အဆုံးစီရင်။အမျက်ကြီးလို့သာ ကိုယ့်ယောက်ျားကိုသတ်လိုက်ရပေမယ့် သူအရမ်းချစ်တဲ့ လင်ယောက်ျားကို ထိုးထားတဲ့ ဓါးကို လက်မှာကိုင်မြတ်နိုးစွာ တစ်စိမ့်စိမ့်ကြည့်ရင်းနဲ့ သူ့ဘဝရဲ့ နောက်ဆုံးအချိန်ကို - - - - - - - ကဲ ဘယ်လောက်ကြေကွဲဖို့ကောင်းလိုက်သလဲ။ အထက်ပါအရာတွေအားလုံးသည် တင်အောင် လက်လှမ်းမီသမျှ တွေးမိနေခြင်းသာ ဖြစ်သည်။ ဒါနဲ့ ပိုပြီးသေချာသွားအောင်လို့
''နေစမ်းပါဦး။ နင်ကဘာလို့ ငါ့ကိုထိုးနဲ့ဓါးနဲ့မထိုးပဲ နောက်ဓါးတစ်ချောင်းနဲ့ထိုးရသတုန်းဟ'' .
တင့်တင့်က အဓိပ္ပါယ်ပါပါပြုံးလိုက်ရင်း
'' ပိုးတွေကူးမှာစိုးလို့ ''
ကဲ မပြောဘူးလား။ တင်အောင့် မိန်းမဟာ အနုအလှစကားတွေပြောတတ်ယုံမကဘူး ကျန်းမာရေးအသိပါ ပြည့်စုံတယ်လို့။ နောက်ပြီးတော့ တင်အောင်တစ်ယောက် ရပ်ကွက်ထဲ လူတကာကိုသာ ပတ်ကြပ်နေတာ သူ့မိန်းမနဲ့ တွေ့ရင် သူကိုယ်တိုင်တောင် ရူးသွားလေ့ရှိသည်။ အခုလည်းကြည့်ပါလား တင်အောင်ထင်သလို ချစ်လွန်းလို့မဟုတ်ဘဲ ရွံလွန်းလို့ ဓားနောက်တစ်ချောင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ထိုးသတ်မယ့် တင့်တင့်ပါတကား။ ။
ခြူသစ်မောင်
#lotaya_funny
နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။