
(၁)
အချိန်ကား .. ၂၀၀၀ပြည့်နှစ်ကို ၂နှစ်ကျော်တဲ့ကာလ။
နာရီတကြည့်ကြည့်နဲ့ နေကြီး တစ်ယောက် ရင်ခုန်သံတွေမြန်နေသည်။ ဘာဖြစ်လို့လည်းဆိုတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဗေဒင်ဆရာက ဟောထားသည်။ ၂၀၀၃ခုနှစ်ရဲ့ ပထမဆုံး စက္ကန့်မှာ ချစ်ရေးဆိုရင် အောင်မြင်လိမ့်မည်ဆိုသော ကြောင့်ပင်။ နေကြီး ငါးနှစ်လုံးလုံးတစ်ဖက်သတ်ချစ်လာရတဲ့ မေဇင်ချို ကို အဲဒီအချိန်မှာ ဖွင့်ပြောဖို့ ဆုံးဖြတ်ထားသောကြောင့်ဖြစ်ပြီး အခုတော့ အားလုံးဝိုင်းဖွဲ့သီချင်းတွေဆိုပြီး နှစ်သစ်ကို စောင့်မျှော်နေကြခြင်းဖြစ်သည်။
နေကြီး က တစ်ခါမှ ရည်းစားမထားဘူးသလို ဘယ်မိန်းကလေးကိုမှလည်း မချစ်ခဲ့ဖူးဘူး။ သူဟာ ဆယ်တန်းတက်ကတည်းက မေဇင်ချိုကို တစ်ဖက်သတ်ချစ်နေခဲ့တာဖြစ်ပြီး သူငယ်ချင်းသံယောဇဉ်လေး ပြတ်တောက်သွားမှာ စိုးရိမ်သောကြောင့် ဖွင့်မပြောဘဲ ကြိတ်ချစ်နေခဲ့တာ။ အခုတော့ ဖွင့်ပြောတော့မည်။
ပုံမှန်ဆို နေကြီး က ဗေဒင်တွေဘာတွေ သိပ်ယုံလေ့ယုံထ မရှိပေမဲ့ အခု ဟောတဲ့ ဗေဒင်ဆရာကတော့ တော်တော်လေးမှန်သလို နေကြီး ရဲ့ အခြားကိစ္စတွေကို ဟော ပြောတုန်းကလည်း မှန်ခဲ့တာကြောင့် အခုတော့ ဗေဒင်အားကိုးနဲ့ ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
(၂)
မေဇင်ချို က အခုချိန်ထိ ရည်းစားမထားဖြစ်သေး။ သူ့ကို ချစ်ရေးဆိုသူတွေ အများအပြားနဲ့ ကြုံတွေ့ခဲ့ရသော်လည်း သူ မျှော်လင့်နေတဲ့သူမဟုတ်တဲ့အတွက်ကြောင့် ဘယ်သူ့ကိုမှ ပြန်ပြီးမချစ်ခဲ့။ နောက်ပြီးတော့ သူမျှော်လင့်နေတဲ့သူကလည်း သူ့ကို ချစ်နေလိမ့်မယ်လို့ ယုံကြည်နေတဲ့အတွက်ကြောင့် သူ စောင့်မျှော်နေခြင်းဖြစ်သည်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ သူငယ်ချင်းတွေက အကြံပေးသည်။ ယောကျ်ားလေးဘက်က ဖွင့်မပြောရင် ကိုယ့်ဘက်က ဖွင့်ပြောလိုက်လို့ အကြံပေး၏။ ဒါပေမဲ့ ဒါကိုတော့ မေဇင်ချို လက်မခံ။ ဘာဖြစ်လို့လည်းဆိုတော့ မိန်းကလေး သိက္ခာရှိသေးသည်။
အခုတော့ မေဇင်ချို ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချထားသည်။ အဲဒါကတော့ ၂၀၀၂ခုနှစ် နောက်ဆုံးမိနစ်၊ နောက်ဆုံး စက္ကန့်ရောက်လို့မှ သူ့ဘက်က ချစ်ရေးမဆိုလာလျှင် ဒီဇာတ်လမ်းကို မေ့ပစ်လိုက်တော့မည်။ သူ့အနေနဲ့ ဒီထက်ပိုပြီး မစောင့်ချင်တော့တာဖြစ်သလို ၂၀၀၃ ခုနှစ်၊ နှစ်သစ်မှာ သူ့ ဘဝအတွက် ပိုမိုစဉ်းစားရမှာဖြစ်ပြီး အချစ်ရေးကိစ္စကို ဦးစားပေးလို့မရတော့ပေ။
အဲဒီလို ဆုံးဖြတ်ချက်အတွက်လည်း မေဇင်ချို ဝမ်းနည်းမိသည်။ အတူသွားအတူစား အတူလာခဲ့တဲ့အချိန်တွေ၊ ပျော်ရွှင်စရာတွေကို ပြန်လည်တွေးမိပြီး ဝမ်းနည်းမိခြင်းဖြစ်သည်။ ဒါပေမဲ့လည်း မဖြစ်နိုင်လာတော့တဲ့ ဇာတ်လမ်းမျိုးကိုတော့ စောစောစီးစီး သံယောဇဉ်ဖြတ်ပစ်မှဖြစ်မည်။ သူ့အနေနဲ့ တစ်ဖက်သတ်အချစ်နဲ့ပဲ အဆုံးသတ်သွားရမယ်ဆိုရင် ကံတရားပဲဟု တွေးထားလိုက်၏။
(၃)
ဟတ်ပီးနယူးရီးယား ည ကို သူငယ်ချင်းတွေ ဝိုင်းဖွဲ့ပြီး မေဇင်ချို အိမ်မှာပဲ ဂစ်တာတီး၊ သီချင်းဆို၊ သောက်စားကြဖို့ စီစဉ်ထားကြသည်။ မေဇင်ချိုက နေကြီးကို ခိုးခိုးကြည့်၏။ နေကြီးကတော့ အရက်ကို သောက်လိုက် နာရီကိုကြည့်လိုက်နဲ့ အလုပ်ရှုပ်နေသည်။ မေဇင်ချိုက နေကြီးအနေနဲ့ ဟတ်ပီးနယူးရီးယားမအော်ခင် သူနဲ့ စကားတွေပြောချင်သည်။ ဒါပေမဲ့ နေကြီး ကတော့ မေဇင်ချိုကို တစ်ချက်တောင်မကြည့်။ အချိန်က .. ၁၁နာရီ ၄၇ မိနစ် ကို ရောက်လာသည်။ မေဇင်ချို ဝမ်းနည်းလာသည်။ သူ့အတွက် အချိန်က ၁၃ မိနစ်သာကျန်တော့သည်။ နေကြီးကတော့ ရင်ခုန်သံတွေ ဆူညံလာသည်။ သူ့အနေနဲ့ နောက် ၁၃ မိနစ် ပြည့်တာနဲ့ ချစ်ရေးဆိုရတော့မည်။
၁၁နာရီ၊ ၅၆မိနစ်
မကြာခင်မှာ နှစ်သစ်ကို ကြိုဆိုတော့မှာဖြစ်လို့ ဂစ်တာဝိုင်းကို သိမ်းလိုက်ကြသည်။ မေဇင်ချို မျက်ရည်တွေ ဝဲ တက်လာသည်။ နေကြီး မျက်နှာကတော့ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်လာသည်။
၁၁နာရီ၊ ၅၇မိနစ်
နေကြီး နေမထိ ထိုင်မသာဖြစ်ပြီး စိတ်တည်ငြိမ်ဖို့အတွက် အိမ်သာထဲမှာ တစ်မိနစ်လောက် ဆေးလိပ်သွားသောက်ဖို့ ဆုံးဖြတ်လိုက်သည်။ နေကြီး ထ ထွက်သွားတာကို ကြည့်ပြီး မေဇင်ချို အရမ်းငိုချင်လာသည်။ အဲဒါနဲ့ သူလည်း နောက် စက္ကန့်သုံးဆယ်လောက်အကြာမှာ အခန်းထဲမှာ အားရပါးရငိုချလိုက်ဖို့အတွက် ထ ထွက်လိုက်သည်။
၁၁နာရီ၊ ၅၈မိနစ်
မီးပျက်သွားသည်။ နေကြီးက အိမ်သာထဲက ထွက်ဖို့ တံခါးဖွင့်တော့ တံခါးက အရမ်းကြပ်နေသည်။ လွယ်လွယ်နဲ့ဖွင့်မရ။ မေဇင်ချိုက အခန်းထဲဝင်ငိုမလို့ ဟန်ပြင်တုန်း မီးပျက်သွားတာဖြစ်တာကြောင့် အောက်ကို ပြန်ဆင်းလာသည်။
၁၁နာရီ၊ ၅၉မိနစ်
အမှောင်ထဲမှာ အိမ်သာထဲမှာ တဒုန်းဒုန်း ထုသံကြောင့် မေဇင်ချို လန့်သွားသည်။
“ဘယ်သူလဲ”
“ငါ .. နေကြီး .. “
မေဇင်ချိုက အပြင်က ဂျက်ထိုးထားတယ်ထင်ပြီး အိမ်သာ တံခါး ဝ ရှေ့ကို ရောက်လာသည်။ ဒါပေမဲ့ တံခါးက ဂျက်မထိုးထား။
“တွန်းဖွင့်လိုက်လေ”
“မရဘူး အရမ်းကြပ်နေတယ်”
အဲဒီအချိန်မှာ မီးပျက်သွားလို့ သူငယ်ချင်းတွေအကုန်လုံးက အိမ်ထဲ ဝင်လာကြ၏။ အိမ်သာရှေ့မှာ မတ်တပ်ရပ်နေတဲ့ မေဇင်ချိုကို တွေ့တော့ ..
“ဟဲ့ ဘာလုပ်နေတာလဲ .. ဟတ်ပီးနယူးရီးယားစက္ကန့်သုံးဆယ်ပဲ ကျန်တော့တယ်”
အဲဒီ အသံကြောင့် နေကြီး ပြယာခတ်သွားပြီး အိမ်သာတံခါးကို အားနဲ့ တွန်းဖွင့်ဖို့ ကြိုးစားသည်။ မေဇင်ချိုက
“အေး .. အထဲမှာ နေကြီး ပိတ်မိနေလို့”
“အာ ... အဲဒါဆိုလည်း အထဲကနေပဲ ဟတ်ပီးနယူးရီးယား အော်လိုက်တော့ အမှတ်တရပေါ့”
“လုပ်ပါ တံခါးရအောင် ဖွင့်ပေးပါ”
နေကြီးက အထဲကနေ အသားကုန်အော်သည်။ ဒါပေမဲ့ ... သူငယ်ချင်းတွေကတော့ .. Count Down စ ရေတော့သည်။
“၁၀”
“၉”
“၈”
နေကြီး ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်သည်။
“၇”
“၆”
“၅”
မေဇင်ချို ရှိုက်ငိုနေသည်။
“၄”
“၃”
“၂”
နေကြီး တံခါးကို ခန္ဓာကိုယ်နဲ့ ပစ်တိုက်လိုက်သည်။
“၁”
(“ဝုန်း” .. “ဟတ်ပီး” “မေဇင်ချို” “နယူး” “နင့်ကိုငါ” “ရီးယား” “ချစ်တယ်”)
အသံက တပြိုင်နက်ထဲ ထွက်လာသည်။ ပြီးတော့ မီးပြန်လာသည်။
“ဟေး :::::::::::::::::::: “ ဆိုတဲ့ အော်သံတွေ ဆူညံသွားသည်။ နေကြီးက တံခါးကို အားကုန်ဆောင့်ပြီး ဖွင့်လိုက်တာကြောင့် အရှိန်လွန်ပြီး အိမ်သာရှေ့မှာ ရပ်နေတဲ့ မေဇင်ချို အပေါ် ပိ ကျ သွားချိန်နဲ့ မီးလာချိန်က တစ်ပြိုင်နက်ထဲ ဖြစ်သည်။ အဲဒီအချိန်မှာ အိမ်ပေါ်က မေဇင်ချိုရဲ့ အဖေက ဆင်းလာတော့ .. အောက်မှာ လုံးထွေးနေတဲ့ နေကြီးနဲ့ မေဇင်ချိုကို မြင်သွားသည်။
(၄)
“မောင်နေကြီး နှင့် မမေဇင်ချို” တို့ ရဲ့ မင်္ဂလာဧည့်ခံပွဲ။
မင်္ဂလာဆောင် ဖိတ်စာကိုကြည့်ပြီး မေဇင်ချို ပြုံးလိုက်မိသည်။ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်က အဖြစ်အပျက်တွေက မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းပြန်ပေါ်လာသောကြောင့် ပြုံးလိုက်မိခြင်းဖြစ်သည်။ အဲဒီအချိန်မှာပဲ .. အိပ်နေတဲ့ အငယ်ဆုံးသားလေး ရီးယား က ထငို သည်။ အလတ်မ နယူး က ကျောင်းက ပြန်လာသည်။ အကြီးဆုံးသားလေး ဟတ်ပီးကတော့ ဂိမ်းဆော့နေလေရဲ့။
မွေးထားတဲ့ ကလေး သုံးယောက်ကို ဟတ်ပီး၊ နယူး၊ ရီးယား ဆိုပြီး မှည့်ထားခဲ့တာဖြစ်ပြီး အခု ဗိုက်ထဲက ကလေးအတွက်တော့ နာမည်မစဉ်းစားရသေး။ တကယ်လို့များ မှည့်ဖြစ်ခဲ့ရင်တော့ .. ဖူးစာ ဆိုပြီးတော့သာ မှည့်လိုက်တော့မည်။ ဟတ်ပီးနယူးရီးယားဖူးစာ ပေါ့လေ။ ။
ခြူသစ်မောင်
#lotaya_funny