
(၁)
ရုံးခန်းထဲက ထွက်လာတဲ့ ထွန်းအောင်သိန်းတစ်ယောက် ခြေထောက်နဲ့မြေကြီးပင် မထိတော့တဲ့အထိ မြောက်ကြွမြောက်ကြွဖြစ်နေသည်။ အကြောင်းရင်းကား အလုပ်ရှင်သူဌေးမှ သူ့ကို မန်နေဂျာရာထူးတိုးပေးလိုက်သောကြောင့်ပင်။
“ငါတို့ ကုမ္ပဏီရဲ့ အောင်မြင်မှုက မင်းအပေါ်အများကြီးမူတည်သွားပြီ .. ဒါကြောင့် မင်းကို မန်နေဂျာရာထူးတိုးပေးလိုက်တာပဲ”
အဲဒီစကားကို ကြားကြားချင်းတုန်းက ထွန်းအောင်သိန်းတစ်ယောက်ကိုယ့်နားကိုယ်ပင် မယုံနိုင်အောင်ဖြစ်မိသည်။
“အရိုးကြေကြေအရေခမ်းခမ်း ကုမ္ပဏီအတွက် အသက်ကိုတောင်မငဲ့ကွက်ဘဲ ပေးဆပ်သွားပါမယ်”
နှလုံးသားက လျှံကျလာတဲ့ စကားလုံးတွေက နှုတ်ဖျားဆီကနေ သူဌေးရဲ့ ရင်ဘတ်ထိ ရောက်သွားပုံရသည်။ သူဌေးကား မိန့်မိန့်ကြီးပြုံးလို့။
အိမ်ပြန်ရောက်တော့ မိန်းမဖြစ်သူက ..
“မယားငယ်နဲ့ ပျော်ပါးလာတာလား မျက်နှာက စပ်ဖြဲဖြဲနဲ့”
ထွန်းအောင်သိန်း က မိန်းမဖြစ်သူကို သနားသလို ကြည့်လိုက်ပြီး ..
“နင့်စကားတွေကို ပြန်ပြင်လိုက်တော့ .. နင်အခုပြောနေတာ အရင်လို ကုမ္ပဏီဝန်ထမ်းကောင်လေး ထွန်းအောင်သိန်းမဟုတ်တော့ဘူး”
“ဘာလဲ .. အလုပ်ပြုတ်လာပြီလား .. စိတ်ညစ်လိုက်တာ”
ယောကျ်ားအပေါ် မိန်းမဖြစ်သူရဲ့ ယုံကြည်မှုက .. အဲဒီလို။ ထွန်းအောင်သိန်းကတော့ တွေးသည်။ “အောင်မြင်တဲ့ ယောကျ်ားတစ်ယောက်ရဲ့ နောက်မှာ မိန်းတစ်ယောက်ရှိတယ်” ဆိုတဲ့ စကားပုံမှာ ဒီမိန်းမတော့ မပါလောက်ဘူးဟု တွေးမိခြင်းဖြစ်သည်။
“ငါ့ကို အခု မန်နေဂျာရထူးတိုးပေးလိုက်ပြီဟ”
“ဒါဆို .. လစာတိုးမှာလား”
“လစာကတော့ ရာထူးတိုးတဲ့ စောင့်ကြည့်သုံးလမှာ တော့ မတိုးသေးဘူးပေါ့ဟာ .. ဒါပေမဲ့ ရှေ့မှာတိုးတက်မယ့်လမ်းကြောင်းတွေတော့ ပေါ်လာပြီလေ”
“တိုးတက်တာတွေ မတိုးတက်တာတွေ မပြောနဲ့ လောလောဆယ် ... ဘဲဥနှစ်လုံးသွားဝယ်ဦး ညနေစာအတွက် ကြော်ရဦးမယ်”
ဒီနေ့ပဲ မန်နေဂျာရာထူးတိုးလာတဲ့ ထွန်းအောင်သိန်းကို အိမ်ရောက်တော့ မိန်းမဖြစ်သူရဲ့ ဂုဏ်ပြုမှုကတော့ ဘဲဥသွားဝယ်ခိုင်းတာပင်။ ထွန်းအောင်သိန်းတစ်ခုခုပြောမလို့ဟန်ပြင်ပြီးမှာ စကားနည်းရန်စဲသဘောနဲ့ ကုန်စုံဆိုင်သို့ ထွက်လာခဲ့တော့၏။
(၂)
သူငယ်ချင်းတွေက ဖုန်းဆက်သည်။ ရာထူးတိုးသွားသောကြောင့် တစ်ဝိုင်းလောက်တော့ တိုက်သင့်သည်ဟု ပြောခြင်းဖြစ်၏။ ဖုန်းကိုတစ်လှည့် မိန်းမကိုတစ်ဖက်ကြည့်ပြီး ..
“မင်းတို့ ခဏစိုက်ထားပြီး သောက်မလား လကုန်ပြန်ပေးမယ်လေ”
“ဟ .. မင်းက ရာထူးတိုးသွားတာတောင် အကျင့်က မပျောက်သေးဘူး မင်း ခဏစိုက်ထားဆိုရင် ဘယ်တုန်းက ပြန်ရဖူးလို့လဲ .. မရဘူး ဟေ့ကောင် ... လမ်းထိပ်ကဆိုင်ကို ပိုက်ဆံယူပြီး ၁၅မိနစ်အတွင်းထွက်ခဲ့”
ထွန်းအောင်သိန်းက မိန်းမဖြစ်သူကို မျက်နှာငယ်လေးနဲ့ကြည့်တော့ ..
“ရေ့ာ .. ဒါအကုန်ပဲ .. လကုန်ထိ ပုန်းရည်ကြီးသုပ်နဲ့ဘဲဥနဲ့ပဲ နှစ်ပါးသွားပေတော့”
မိန်းမဖြစ်သူက ငါးထောင်တန်အနွမ်းလေးနှစ်ရွက်ကို ထုတ်ပေးလိုက်ခြင်းဖြစ်သည်။ ထွန်းအောင်သိန်းတစ်ယောက် ဒီတစ်ခုတော့ မိန်းမကို အချစ်ပိုမိသည်။ သူ့မိန်းမကား ဘော်ဒါတွေကြား သူစိမ်းတွေကြားမှာ သူ့ယောကျ်ားကို မျက်နှာမငယ်စေလိုခြင်း ဖြစ်ပုံရသည်။
ဆိုင်ကို ရောက်တော့ .. မျက်မှန်းတန်းမိရင်းနှီးတဲ့သူတွေပါ ပါနေပြီး စုစုပေါင်း ဝိုင်း ၂ ဝိုင်း လူ ၁၃ ယောက် ကို မြင်လိုက်တော့ ထွန်းအောင်သိန်း မျက်လုံးပြူးသွားသည်။ ခုနက ဖုန်းဆက်တဲ့ဘော်ဒါနားကို သွားပြီး ... လေသံတိုးတိုးဖြင့် ...
“ဟေ့ကောင် ငစိုင်း ဘယ်ကောင်တွေကို ခေါ်ထားတာလဲ”
“အော် .. ဒီလူတွေ အကုန်လုံးမင်းမသိတာ ကြ နေတာပဲ”
“အေး သိတော့ သိတာပေါ့ကွ .. ဒါပေမဲ့ ငါက မင်းတစ်ယောက်တည်းထင်လို့ နောက်ဆုံးကွာ မင်းအပြင် နောက်တစ်ယောက်နှစ်ယောက်ပေါ့ အခုတော့ .”
ပြောရင်းနဲ့ ထွန်းအောင်ငြိမ်း အသံ သိမ်ဝင်သွားသည်။ ပြောရရင် စိတ်ကူးထဲမှာ ကျသင့်ငွေတွေကို တွက်ချက်နေပြီး မျက်ရည်ဝဲချင်ချင်ဖြစ်သွား၏။
“ဘာလဲ .. မင်းက မတိုက်ချင်တော့ဘူးလား”
ငစိုင်းရဲ့ အသံက နည်းနည်းကျယ်သွားတော့ .. နှစ်ဝိုင်းစလုံး ခေါင်းထောင်ကြည့်ကြသည်။
“ဟေ့ကောင် ဟိုတစ်ခါ ငါ့အိမ်သစ်တက်ပွဲတုန်းက မင်းကို ဖိတ်တယ်လေ”
“ငါ့သမီး ဆယ်တန်းအောင်တုန်းကလည်း မင်းပဲ တဖြဲနှစ်ဖြဲ လာစားသွားတာ မဟုတ်လား”
“ ဟိုနေ့က ဘလိုင်းကြီး ငါလက်ဖက်ရည်ဖိုးရှင်းလိုက်ရသေးနော်”
တစ်ယောက်တစ်ပေါက်နှင့် ပြောကြတဲ့အသံတွေကြောင့် ထွန်းအောင်သိန်းတစ်ယောက် ...
“မဟုတ်ပါဘူးကွာ ... မင်းတို့ကလည်း .. သောက်ကြပါဟ ... “
“ဟေး ..”
“ဝိုး .. “
“ဖြောင်း .. ဖြောင်း .. ဖြောင်း .. “
“အဲဒီလို လုပ်စမ်းပါကွ”
စုစုပေါင်း ဘေလ်တွက်လိုက်တော့ ၉၅,၀၀၀ ကျသည်။ လက်ထဲမှာ ခပ်နွမ်းနွမ်း ငါးထောင်တန်လေးနှစ်ရွက်ကို ကောင်တာပေါ်တင်ပြီး .. လက်သူကြွယ်က လက်စွပ်လေးကို ချွတ်ကာ ..
“ဒါလေး လက်ခံပေးပါနော်”
ဆိုင်ရှင် က သက်ပြင်းချလိုက်ပြီး ..
“သဘောပေါက်တယ် ထားခဲ့”
“ဟူး .. “
ဒီတစ်ခါ သက်ပြင်းချသူက ထွန်းအောင်သိန်း။ မင်္ဂလာဦးလက်စွပ်လေးမပါဘဲ အိမ်ကို ဘယ်လိုပြန်ရမလဲမသိ။ သူ့မိန်းမက ထမင်းငတ်ရင် ငတ်ပါစေ မင်္ဂလာဦးလက်ဖွဲ့ပစ္စည်းတွေကိုတော့ ဘယ်တော့မှ အထိခိုက်မခံခဲ့။ ဒီနှစ်တွေအတွင်းမှာ သူတို့ စီးပွားရေး သိပ်အဆင်မပြေ။ ဒီနေ့မှ မန်နေဂျာရာထူးတိုးမှ ဒီနေ့ပဲ မိန်းမနဲ့ ပြဿနာတက်ရတော့မယ့်ကိန်းပဲ။ အိမ်ပြန်ရောက်တော့ ထင်တဲ့အတိုင်းပဲ ရန်ဖြစ်ကြသည်။ မိန်းမက အိမ်ပေါ်က ဆင်းသွားသည်။ ရွှေလက်စွပ်ရွေးပြီးမှ ပြန်လာခေါ်ဟုလည်း ဆိုသွားသေးသည်။
(၃)
“အစ်ကို ကျနော်မေးစရာလေးရှိလို့”
“အေး ... ပြောလေ”
“ဟိုဟာ လေ .. ကျနော်က အခု ဒီမှာ မန်နေဂျာရာထူးနဲ့ အလုပ်လုပ်နေတာနော်”
“အေး ... ဟုတ်တယ်လေ”
“အဲဒါဆို အရင်က အလုပ်လုပ်နေတဲ့ ကောင်လေးသုံးယောက်က ဘာလို့ မလာတော့တာလဲ နောက်ပြီးတော့ ကျနော့်အခုဆို အောက်ခြေသိမ်းအလုပ်တွေက အစ လိုက်လုပ်နေရတယ်။ ကျနော်ခိုင်းရမယ့် လက်အောက်ငယ်သားလည်း မရှိဘူး”
ထွန်းအောင်သိန်းရဲ့ အမေးစကားကို ကြားတော့ သူဌေးက ပြုံးလိုက်၏။ ပြီးနောက် ..
“မင်းကို စောင့်ကြည့်ကာလ မန်နေဂျာရာထူးပေးထားတာ ဖြစ်လို့ လက်အောက်ငယ်သား မခန့်ပေးသေးတာ .. မင်းဘယ်လောက် လုပ်နိုင်စွမ်းရှိလည်းဆိုတာကို စမ်းသပ်တာပေါ့ကွာ”
သူဌေးရဲ့ အဖြေစကားကို ကြားလိုက်ရတော့ ထွန်းအောင်သိန်းတစ်ယောက် သဘောပေါက်သွားသည်။ ဒီသုံးလဟာ သိပ်ကို အရေးကြီးတယ်ဆိုတာ။ အဲဒါနဲ့ အလုပ်ကို ခါတိုင်းထက်စောစောလာပြီး နောက်ကျမှ ပြန်သည်။ အလုပ်တွေကိုလည်း တံမြက်စည်းလှဲ သန့်ရှင်းရေးကိစ္စကအစ ကလိုင်းရန့်တွေနဲ့ အလုပ်သဘောတူညီမှု စာချုပ်ချုပ်တဲ့ နေရာတွေအထိ အကုန်လုံးကို လစ်ဟင်းမှုမရှိအောင် ကြိုးစားသည်။ နောက် ၃ လ ဆိုရင်တော့ .. သူသက်သာပြီလို့ တွေးမိသည်။ ပြီးတော့ မန်နေဂျာဆိုတာ ခေါင်းဆောင်ပဲလေ အောက်ခြေအလုပ်တွေကို သိသင့်တယ်ဆိုတဲ့ အတွေးနဲ့ ထွန်းအောင်သိန်းတစ်ယောက် သုံးလလုံးလုံး မငြီးမငြူကြိုးစားလိုက်သည်။
(၄)
“ရှင့်ကို ပြောစရာရှိသေးတယ်”
“ဟယ်လို ... မိန်းမပြန်လာတော့မလို့လား”
လက်စွပ်ကိစ္စနဲ့ အိမ်ပေါ်က ဆင်းသွားတာ တစ်လခွဲလောက်ကြာပြီဖြစ်တဲ့ မိန်းမဖြစ်သူ ဖုန်းဆက်လာခြင်းကြောင့် ထွန်းအောင်သိန်းတစ်ယောက်ပျော်ရွှင်သွား၏။
“ဟုတ်တယ် .. ကျမ ပြန်လာတော့မလို့”
“ဟေး .. ဝမ်းသာလိုက်တာ မိန်းမရယ် .. ကိုယ်ဘယ်တော့ လာခေါ်ရမလဲ”
“ဒီနေ့ပဲ လာခေါ် .. ဒီတစ်ခါ ရှင့်အိမ်ပေါ်ပြန်လာမယ့်သူက နှစ်ယောက်”
“ဟင် ..ဘာလဲ ယောက္ခမ ပါ လိုက်လာမှာလား”
ထွန်းအောင်သိန်းရဲ့ စိတ်ပျက်တဲ့အသံကြောင့် .. မိန်းမဖြစ်သူက .. ဒေါသထွက်သွားပြီး ..
“ကျမ အမေ မဟုတ်ဘူးဟေ့ ... ရှင်လုပ်လို့ လူဖြစ်လာမယ့်ကလေး ...”
ရုတ်တရက် ထွန်းအောင်သိန်း ကြောင်သွား၏။ နောက်တော့မှ ..
“ဟာ ... ဟာ .. မင်းမှာ ကိုယ်ဝန်ရှိနေပြီပေါ့ .. ရက်စ် ... ရက်စ် .. “
ထွန်းအောင်သိန်းတစ်ယောက် အပျော်ကြီးပျော်မိတော့သည်။
(၅)
၃လတင်းတင်းပြည့်သောနေ့
ရုံးကိုရောက်တော့ တိတ်ဆိတ်ပြီး ငြိမ်သက်နေသည်။ သူဌေးရုံးခန်းထဲမှာလည်း သူဌေးမရောက်သေး။ ဘာပဲ ဖြစ်ဖြစ် ဒီနေ့ ဝန်ထမ်းအသစ်တွေခန့်မယ် အလုပ်စားပွဲမှာ ဇိမ်ကျကျနဲ့ မန်နေဂျာတစ်ယောက်လို စီမံခန့်ခွဲမည်ဟု အတွေးနဲ့ ပျော်ရွှင်နေမိတာအမှန်ပင်။ နောက်ပြီးတော့ မိန်းမနဲ့လည်း ပြန်ပြေလည်ပြီ အနာဂတ်အတွက် သားသားလေးလား၊ မီးမီးလေးလား မသိရသေးပေမဲ့ သံယောဇဉ်ကြိုးလေးတစ်ချောင်းကို ချဉ်နှောင်ထားပြီးပြီ။ အရာအားလုံးက ချိုမြိန်နေသလို ခံစားရသည်။
သူဌေးရောက်လာသည်။
“အစ်ကို ဒီနေ့ ဝန်ထမ်းအသစ်တွေခန့်မယ်နော်”
သူဌေးဆိုသူက သူ့ကို နားမလည်နိုင်သလိုကြည့်ပြီး ..
“ဘယ်နေရာအတွက်လဲ”
“အယ်.. “
ရုတ်တရက် ထွန်းအောင်သိန်း ဘာပြန်ပြောရမလည်းမသိ။ ပြီးတော့မှ ပထမဆုံးသတိရမိတာ .. သန့်ရှင်းရေးဝန်ထမ်း .. ။
“သန့်ရှင်းရေးဝန်ထမ်းခန့်မယ် အစ်ကို”
“အခု သန့်ရှင်းရေး ဘယ်သူလုပ်နေတာလဲ”
“ကျနော်လုပ်နေတာ”
“ဘာအဆင်မပြေလို့လဲ .. ပင်ပန်းလို့လား”
“အဲလို ရယ်လို့လည်း မဟုတ်ပါဘူး .. “
“ဝန်ထမ်းဆိုတာ မလိုအပ်ဘဲ မခန့်ရဘူးလေဗျာ ကုမ္ပဏီအတွက် အပိုပိုက်ဆံကုန်တာပေါ့”
“ဒါပေမဲ့ .... “
ထွန်းအောင်သိန်း စကားဆက်မပြောခင် .. သူဌေးဆိုသူမှ ..
“ခင်ဗျားအရမ်းခန့်ချင်နေရင်လည်း ခန့်ဗျာ ... အဲဒီ သန့်ရှင်းရေးဝန်ထမ်းလစာကိုတော့ ခင်ဗျားကို တိုးပေမဲ့ လစာထဲက နှုတ်လိုက်မယ်လေ”
ထွန်းအောင်သိန်း ထောင်းကနဲ ဒေါသဖြစ်သွားသည်။ ဒါပေမဲ့ အိမ်က ဗိုက်ကြီးနေတဲ့ မိန်းမရဲ့ မျက်နှာကို မြင်ယောင်ပြီး ဒေါသတွေကို လျှော့ချလိုက်သည်။
“ဒါဆို .. Helper နှစ်ယောက်လောက်တော့ ခန့်မယ်ဗျာ”
“ဘာအတွက်လဲဗျ”
“ကလိုင်းယန့်တွေနဲ့ တွေ့နေတဲ့အချိန်တွေမှာ ရုံးမှာ ကျနော် လက်လွှဲထားခဲ့လို့ရအောင်ပါ”
“ရပါတယ် ... ခင်ဗျားမရှိရင် ရုံးမှာ လုပ်စရာအထွေအထူးကိစ္စမှ မရှိတာ .. ဒါပေမဲ့ ခင်ဗျား ခန့် .. ချင်”
“နေ ... နေ .. နေတော့”
သူဌေး စကားပင်မဆုံးလိုက် .. ထွန်းအောင်ငြိမ်း သူ့လစာထဲက ခန့်ရမယ်ဆိုတာကို ရိပ်မိပြီး မြန်မြန်ဖြတ်ချလိုက်ရသည်။
“ဒါဆို စာရင်းစစ်တစ်ယောက်တော့ ခန့်ဗျာ”
“အခု စာရင်းတွေ ဘယ်သူစစ်နေတာလဲ”
“ကျနော်ပဲ စစ်နေရတာလေ”
“အင်းလေ .. ခင်ဗျားလုပ်နေတာ လုံးဝအဆင်ပြေနေတာပဲကို”
“ကျနော် ညဘက်တွေအထိ အိမ်သယ်ပြီး လုပ်နေရတာဗျ”
“အော် ... ခင်ဗျားကလည်း အရမ်းခန့်ချင်နေရင် .. ရင်.. “
“တော် ... တော်... တော်တော့”
ထွန်းအောင်သိန်း နောက်ဆုံးတစ်ယောက်တော့ ရအောင်ခန့်ခိုင်းမည်ဟုတွေးပြီး ...
“ကဲဒါဆိုလည်း ကျနော့်အတွက် အတွင်းရေးမှုးတစ်ယောက်တော့ ခန့်ပေးဗျာ”
“အော် .. အဲဒါက ခန့်ပြီးပြီ .. ‘
“ဟာ .. တကယ်လား ..”
ဘာပဲဖြစ်ဖြစ် ကိုယ့်လက်အောက်မှာ အတွင်းရေးမှုးတစ်ယောက်လောက် ရှိနေရင်လည်း မဆိုးဘူးပေါ့။ မန်နေဂျာဆိုတဲ့ ဂုဏ်လေးတော့ မပျက်ဘူးပေါ့။
“ဒါနဲ့ သူက ဒီနေ့ ရုံးမလာဘူးလား”
ထိုအချိန် ...
“ဝင်ခဲ့မယ်နော်”
လှည့်ကြည့်လိုက်တော့ ...
“ဟင်မိန်းမ”
“ဒီနေ့ပဲ ရှင့်ရဲ့ အတွင်းရေးမှူးအဖြစ် ကျမအလုပ်စဝင်ပါပြီ”
“ဟာ .. “
ထွန်းအောင်သိန်း သူဌေးကို လှမ်းကြည့်လိုက်တော့ .. သူဌေးက ..
“မင်းအတွက် အကောင်းဆုံး အတွင်းရေးမှူးဖြစ်လာမှာပါ”
“ဗျာ”
(၆)
မနက် ၆နာရီမှာ အိပ်ရာထရပြီး ... ဈေးဝယ်၊ ထမင်းဟင်းချက်၊ ရုံးသွား၊ သန့်ရှင်းရေးလုပ်၊ ကလိုင်းယန့်တွေနဲ့တွေ့၊ ညနေပြန်လာ၊ ထမင်းချက်၊ စာရင်းစစ်၊ မိန်းမကိုနှိပ်ပေး ဆိုတဲ့ schedule ကိုတော့ အတွင်းရေးရာထူးယူထားတဲ့ မိန်းမဖြစ်သူ ရေးဆွဲပေးထားတာဖြစ်ပြီး ... အားလပ်ရက်တွေမှာတော့ ကိုယ်ဝန်သည်မိန်းမကို ကိုယ်ချင်းစာတဲ့အနေနဲ့ အဝတ်လျှော်ပေးရသေးသတဲ့။ ရပ်ကွက်ထဲကတော့ သူကို .. ဂျာကြီး ... ဂျာကြီး ဆိုပြီး ခေါ်သံတွေက ပျံ့နှံ့လို့ပေါ့။ ။
ခြူသစ်မောင်
#lotaya_funny