လွဲလွန်လွန်း
lotaya.mpt.com.mm
|
2022-02-21

အသားဖြူဖြူ၊ ခပ်ပြည့်ပြည့်လူတစ်ယောက် ကြိုက်တာယူ ၅၀၀၀ ဆိုတဲ့ အထည်ဆိုင်ထဲ ဝင်ချလာသည်။ ပြီးတော့ အနွေးထည်တွေရှိတဲ့တန်းကို တန်းတန်းမတ်မတ်လျှောက်သွား၏။ တစ်ထည်ပြီးတစ်ထည်စိတ်ကြိုက်ရွေးသည်။ နောက်ဆုံးမှာတော့ အကြိုက်ဆုံးတစ်ထည်ကို တွေ့လိုက်သည်။ ငါးထောင်တန်လေးတစ်ရွက်ကိုပေးပြီး ပျော်ရွှင်စွာပြန်ထွက်လာသည်။

သူကား .. ခန့်လင်းမိုရ်။

မကြာခင်မှာ တောင်ကြီးဘက်ကို ခရီးထွက်စရာရှိတဲ့အတွက် သူလိုအပ်တာတွေလိုက်ဝယ်နေခြင်းဖြစ်သည်။ အခုဆိုရင် ရန်ကုန်တစ်မြို့လုံးက ဘေထုပ်ဆိုင်တွေလည်း ကုန်သလောက်နီးနီးဖြစ်နေပြီ။ အိမ်ပြန်ရောက်တော့ ခရီးဆောင်အိတ်ထဲကို ဝယ်လာတဲ့အနွေးထည်ထည့်လိုက်သည်။ ပြီးတော့ စာရွက်ထဲက စာရင်းမှာ အနွေးထည်ဆိုတဲ့နေရာလေးကို အမှားခြစ်လိုက်သည်။ ကျန်တဲ့စာရင်းမှာတော့ မာဖလာတစ်ခုရယ်၊ ဖိနပ်တစ်ရံရယ်သာကျန်တော့သည်။

ဖက်ကြမ်းတစ်လိပ်ကိုမီးညှိလိုက်ပြီး အိမ်ရှေ့ကွပ်ပျစ်ပေါ်ကို ထွက်လာ၏။ တောင်ကြီးသွားဖို့ရက်က တစ်လခွဲလောက်လိုနေသေးပေမဲ့ သူ့စိတ်ထဲမှာတော့ မြန်မြန်ရောက်စေချင်သည်။ သူက ခရီးထွက်ရတာကို အင်မတန်နှစ်သက်သူတစ်ယောက်ဖြစ်သလောက် ခရီးထွက်ရမယ့်ကိစ္စတွေကြုံလာတိုင်း လွဲချော်လေ့ရှိသည်။ ဒီတစ်ခါတော့ ဘာတစ်ခုမှလွဲစရာမရှိတော့။ အားလုံးအဆင်သင့်ပင်။

ဆေးပေါ့လိပ်သောက်ရင်းနဲ့ အတိတ်ကလွဲချော်ခဲ့တဲ့ ခရီးစဉ်တွေအကြောင်းကို ပြန်တွေးမိနေသည်။ သူပထမဆုံး ခရီးစဉ်တစ်ခုကို လွဲချော်ခဲ့တာကတော့ ...

သူ့အသက် ၉နှစ်လောက်ဖြစ်မည်။ အဲဒီတုန်းက သူကမူလတန်းကျောင်းသားလေးပေါ့။

“ကဲ .. သားတို့ လာမယ့် တနင်္ဂ‌နွေနေ့ ရန်ကုန်မြို့ထဲလေ့လာရေးခရီးထွက်စရာရှိတယ်။ လိုက်မယ်ဆိုရင် .. စာရင်းလာပေးကြ။ ပိုက်ဆံ ၃၀၀ ပါ ယူခဲ့ကြ”

အတန်းပိုင်ဆရာမရဲ့ ပြောစကားကြောင့် တစ်ခန်းလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။ ကလေးတွေဆိုတော့လည်း သွားလာရတာကို ပျော်တာကိုး။ ဒါပေမဲ့ ပိုက်ဆံ ၃၀၀ ကကျတော့ အဲဒီခေတ်အနေအထားအရ နည်းပါးလွန်းတဲ့ငွေကြေးမျိုးတော့မဟုတ်ပြန်ဘူး။ အဲဒီအချိန်မှာ ကျောင်းသားလေးတစ်ယောက်က ..

“ဆရာမ ပိုက်ဆံက ဘယ်နေ့နောက်ဆုံးပေးရမှာလဲ”

“လာမယ့်သောကြာနေ့နောက်ဆုံးပေးရမယ်”

ညနေကျောင်းဆင်းတော့ ခန့်လင်းမိုရ်တစ်‌ယောက် အိမ်ကိုဘယ်လိုပြောရမလဲဆိုတာ လမ်းလျှောက်ရင်း အကြံထုတ်နေမိသည်။ ပုံမှန်ဆိုရင်တော့ ဒီပိုက်ဆံလောက်က အလွယ်တကူ‌တောင်းလို့ရလောက်ပေမဲ့ ပြီးခဲ့တဲ့ရက်ကမှ ပါကျဲအရုပ်လေးဝယ်ပေးထားတာဖြစ်လို့ မလွယ်လောက်ဘူးလို့ ထင်နေခြင်းဖြစ်သည်။ ခန့်လင်းမိုရ်က အခြားကလေးတွေနဲ့ အနည်းငယ်တော့ကွဲပြားသည်။ ယောကျ်ားလေးဆိုပေမဲ့ အခြားကလေးတွေလို သစ်ပင်တက်၊ ဘောလုံးကန်၊ ဂျင်ပေါက် ဆိုတဲ့ ယောကျ်ားလေးကစားနည်းတွေကို ဝါသနာမပါဘဲ .. အိုးရုပ်လေးတွေ၊ ခုနကလို ဝူခုံးကားထဲက ပါကျဲရုပ်လေးတွေ၊ ပုံဆွဲတာလေးတွေကို ထူးထူးခြားခြားဝါသနာပါသောကြောင့်ပင်။ ပါကျဲရုပ်ဝယ်တဲ့နေ့ကလည်း အရုပ်ဆိုင်မှာ အခြားကလေးတွေက တန်ကိုယ်တော်အရုပ်တွေ၊ ဝူခုံးအရုပ်တွေကို အလုအယက်ဝယ်နေကြပေမဲ့ ခန့်လင်းမိုရ်ကတော့ ပါကျဲရုပ်ကိုသာ ပြေးယူလေသည်။

“သားက ပါကျဲကို ချစ်တယ် .. ပါကျဲက သားနဲ့တူတယ်”

လူကြီးတွေ ထရယ်ကြသည်။ ဆိုင်ရှင်အန်တီကြီးတောင် ချစ်သွားပြီး ဈေးတွေလျှော့ပေးလိုက်သေးသည်။ အခုလည်း ကျောင်းရဲ့ လေ့လာရေးခရီးကိုလိုက်ဖို့ ပူဆာရဦးမည်။

“အမေ သား ကျောင်းက သူငယ်ချင်းတွေနဲ့ လေ့လာရေးခရီးလိုက်သွားချင်တယ်”

မီးပူတိုက်နေတဲ့ အမေဖြစ်သူက ကုလားထိုင်မှာထိုင်နေတဲ့ အဖေဖြစ်သူကိုမေးငေါ့ပြသည်။ ဆိုလိုတာက နင့်အဖေကိုပြောဆိုတဲ့ သဘော။ ခန့်လင်းမိုရ်လည်း သူ့အဖေနားကို မဝံ့မရဲကပ်သွားပြီး ..

“အဖေ .. သား .. ကျောင်းလေ့လာရေးခရီးလိုက်သွားချင်တယ်”

“ဘယ်သူတွေပါမှာလဲ”

“ကျောင်းက ဆရာမတွေရယ်၊ သူငယ်ချင်းတွေရယ်”

“အေးပေါ့ .. လေ့လာရေးခရီးဆို‌တော့လည်း ဗဟုသုတရတာပေါ့ သွားလေ”

ဖအေဖြစ်သူရဲ့ ခွင့်ပြုချက်ကြောင့် ခန့်လင်းမိုရ်ပျော်သွားသည်။ ဒါပေမဲ့ အပြည့်အဝတော့မပျော်ရဲသေး။ ပိုက်ဆံကိစ္စဆက်ပြောရဦးမည်။

“ကားခနဲ့စားဖို့အတွက်တဲ့ တယောက်ကို ၃၀၀ ပေးရမယ်တဲ့”

ဖအေဖြစ်သူမျက်ခုံးပင့်ကြည့်သည်။ ပြီးတော့ ပိုက်ဆံကိစ္စဖြစ်သောကြောင့် ဘာမှလုပ်ပိုင်ခွင့်မရှိတဲ့သဘောမျိုးနဲ့ မအေဖြစ်သူကို ပြန်မေးငေါ့ပြသည်။ ခန့်လင်းမိုရ် အမေဖြစ်သူဆီ မျက်နှာငယ်လေးနဲ့ .. ပိုက်ဆံကိစ္စပြောတော့ လွယ်လွယ်ကူကူပင်ခေါင်းညိမ့်လိုက်သည်။ ဒီလိုနဲ့ လေ့လာရေးခရီးကိုသွားရမယ့် လူစာရင်းထဲ ခန့်လင်းမိုရ်ပါသွားသည်။ သွားရမှာ တနင်္ဂနွေနေ့မှ ဆိုပေမဲ့ ဗုဒ္ဓဟူးနေ့လောက်ကတည်းက ခန့်လင်းမိုရ် ကျောင်းမုန့်ဖိုးတွေကို စုနေသည်။

တနင်္ဂနွေနေ့မနက် ငါးနာရီထိုး ကျောင်းကိုအရောက်လာဖို့၊ မိဘတွေကို လိုက်ပို့ခိုင်းဖို့ အတန်းပိုင်ဆရာမက ညွှန်ကြားလိုက်သည်။ စနေနေ့ညမှာတော့ ခန့်လင်းမိုရ်တစ်‌ယောက် မှတ်စုစာအုပ်တစ်အုပ်၊ ဘောပင်တချောင်း၊ ကစားစရာအရုပ်အနည်းငယ်ကို ကျောပိုးအိတ်ထဲ ထည့်ပြီး မနက်ကျရင်သွားဖို့အတွက် အဆင်သင့်ပြင်ထားလိုက်သည်။ အင်္ကျီအဝတ်အစားတွေ၊ လမ်းမှာစားဖို့မုန့်တွေကိုတော့ အမေဖြစ်သူက စီစဉ်ပေးမည်ဖြစ်ပြီး ကျောင်းကိုတော့ ဖအေဖြစ်သူက လိုက်ပို့မှာပဲ ဖြစ်သည်။

အရာအားလုံးက အစီအစဉ်တကျပင်။ တနင်္ဂနွေနေ့မနက် ၄ နာရီလောက်မှာ အိပ်ရာက ထ ပြီး ပြင်ဆင်သည်။ အားလုံးအဆင်သင့်ဖြစ်ပြီး အိမ်က ထွက်ခါနီးမှာ ခန့်လင်းမိုရ်ကို မအေဖြစ်သူက ..

“သေးလေးဘာလေး သွားပေါက်လိုက်ဦး .. ကားပေါ်မှာ ပေါက်ရခက်မှ ဆီးအောင့်နေဦးမယ်”

ခန့်လင်းမိုရ်အိမ်သာတံခါးဆွဲအဖွင့်မှာပဲ မီးက ပျက်သွားသည်။ အဲဒီမှာပဲ အိမ်ရှေ့က သူ့သူငယ်ချင်းတွေရဲ့ အသံကို ကြားလိုက်ရသည်။

“ခန့်လင်းမိုရ်ရေ ငါတို့သွားပြီဟေ့”

အဲဒီအသံကြားတော့ ကလေးပီပီ ကျန်ခဲ့မှာစိုးရိမ်တဲ့စိတ်နဲ့ သေးကို ဆုံးအောင်မပေါက်ဘဲ .. လောလောနဲ့ အမှောင်ကြီးထဲမှာ ‌ဘောင်းဘီဇစ်ကိုဆွဲတင်လိုက်တာ .. ဇစ်နဲ့ ငယ်ပါနဲ့ ညှပ်သွားရော။

“အား ... အား ..”

“ဟဲ့ .. ဟဲ့ .. ဘာဖြစ်တာလဲ”

“အား ... အမေရေ .. သားဂွေးစိ ဇစ်ညှပ်သွားလို့”

“ဗု‌ဒ္ဓေါ ... ဖေကြီးရေ ... လာပါဦး”

အဲဒီအချိန်မှာ မီးပြန်လာသည်။ ဖအေလုပ်သူ အိမ်သာထဲကို ပြေးဝင်လာတော့ .. ငယ်ပါရဲ့ အလယ်တည့်တည့်လောက်မှာ ဇစ်က ညှပ်နေတာဖြစ်သည်။ ဖအေလုပ်သူက ဇစ်ကို အောက်ပြန်ဆွဲချတော့ ခန့်လင်းမိုရ်က ငယ်သံပါအောင် အော်သည်။ ခန့်လင်းမိုရ်ကလည်း မျက်ရည်တွေတောင်ပေါက်ပေါက်ကျနေပြီ။ မအေလုပ်သူကလည်း ပြူးပြူးပြာပြာနဲ့ ..

“ဆေးခန်းသွားရအောင်”

ဆေးခန်းရောက်တော့ .. ဇစ်ကို ပလာယာနဲ့ သေချာဖြတ်ပြီး ဆေးတွေထည့်ပေးလိုက်တော့မှာ သက်သာသွားသည်။ ကံကောင်းတာက အရေခွံကိုပဲ ညှပ်မိသွားတာကြောင့် ဖြစ်ပြီး အခြားစိုးရိမ်စရာတော့မရှိတော့ဘူး။ အိမ်ပြန်ရောက်တော့ ၆နာရီထိုးခါနီးဖြစ်သွားတာကြောင့် ကျောင်းလေ့လာရေးခရီးကို လိုက်ခွင့်မရတော့။

အဲဒါဟာ ခန့်လင်းမိုရ်ရဲ့ ခရီးသွားတာနဲ့ပတ်သက်ပြီး ပထမဆုံးလွဲချော်မှုဖြစ်သည်။ အဲဒီစိတ်နဲ့ သုံးရက်‌လောက်ဖျားသွားသေးသည်။ သူ့အမေကတော့ ဇစ်ညှပ်တဲ့ဒဏ်ရာကြောင့်ဖျားတယ်လို့ထင်ပေမဲ့ တကယ်တော့ ခရီးနဲ့လွဲသွားလို့ စိတ်ထိခိုက်ပြီးဖျားခြင်းဖြစ်၏။

နောက်တစ်ခုက လူပျို‌ပေါက်အရွယ်မှာ ဖြစ်သည်။ ရည်းစား စ ထားဖူးတဲ့အချိန် ...

“မောင် .. သဲတို့ .. လာမယ့် အပတ် ခရီးထွက်ဖို့ရှိတယ် .. မောင်လိုက်မလား”

ခန့်လင်းမိုရ်က ခရီးသွားရမယ့်ကိစ္စဆို နှစ်ခါမခေါ်ရ။ အဲဒီအကြောင်းကို လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေကို ပြန်ပြောပြတော့ ..

“အားကျလိုက်တာ သားကြီးရာ .. “

“အေးကွာ ... ဒီကောင်တော့ ရည်းစားရတာတောင်မကြာသေးဘူး ခရီးတွေဘာတွေတောင် အတူတူထွက်ခွင့်ရနေပြီ”

“ဟေ့ကောင် ... ဘာညာဆေးယူဦးမလား”

တစ်‌ယောက်တပေါက်နဲ့ ဝိုင်းပြောနေကြပေမဲ့ အားလုံးကတော့ ခန့်လင်းမိုရ်ကို အားကျနေတာအမှန်ပင်။ တကယ်တော့ ခန့်လင်းမိုရ်လည်း ရည်းစားဦးလည်းဖြစ်၊ ခရီးကလည်း လေးငါးရက်လောက်ကြာမယ့်ခရီးဆိုတော့ တွေးရင်းနဲ့ ရင်ခုန်နေမိတာအမှန်ပင်။ လက်ဖက်ရည်ဆိုင်ကနေ လမ်းခွဲပြီးပြန်လာတော့ .. ခုနတုန်းက “ဘာညာဆေးယူဦးမလား” လို့ မေးတဲ့ကောင်နဲ့ ပြန်မယ့်လမ်းတူနေတော့ ..

“ဟေ့ကောင် မင်းမှာတကယ်ရှိတာလား”
“ဘာလဲဟ .. အဆုံးမရှိအစမရှိ”
“ခုနက လက်ဖက်ရည်ဆိုင်မှာပြောတဲ့ ဘာညာဆေးလေ”
“ဟား ...ဟား ... အေးပါကွာ ရှိတယ် ပေးမယ်”
“အခု ပေးမှာလား”
“ဟာ ..လခွမ်း ရှာရဦးမှာဟ မနက်စောစော မင်းမသွားခင်လာပေးမယ်”
“အေး .. ပြီးရော”

ဒီလိုနဲ့ ခရီးထွက်မယ့်မနက်ကို ရောက်‌ရောဆိုပါတော့။ အားလုံးအဆင်သင့်။ ဒါပေမဲ့ ခန့်လင်းမိုရ် မသွားဖြစ်သေး အ‌ရေးတကြီးဖုန်းခေါ်နေတာကြောင့်။ ဖုန်းက ၁၂ခါလောက်ခေါ်တဲ့အချိန်ထိ တစ်ဖက်ကမကိုင်။ စိတ်မရှည်တာနဲ့ “ဟေ့ကောင် ...ဖုန်းကိုင်စမ်း” ..စာပို့လိုက်သည်။ ဒါပေမဲ့ ဘာမှမထူးခြား။ အဲဒါနဲ့ နာရီကိုကြည့်လိုက်တော့ ကားထွက်ဖို့တော်တော်လေးနီးကပ်နေပြီ။ ဆေးမယူတော့ဘဲ သွားတော့မယ်ဟု ဆုံးဖြတ်ပြီး ထွက်လာချိန်ကျမှ .. ဖုန်းပြန်ဝင်လာသည်။

“ဟဲလို .. ငါလာနေပြီ သုံးမိနစ်ပဲစောင့်”


ခန့်လင်းမိုရ်စောင့်လိုက်သည်။ သိပ်မကြာဘူး ခန့်လင်းမိုရ်ဘော်ဒါက ဆိုင်ကယ်နဲ့ရောက်ချလာသည်။

“ရော့ ဒီမှာဆေး ..”

“ငါ့ကို လိုက်ပို့ဦး”

“အေး .. တက်”

ပုံမှန်ဆိုရင် သွားဖို့ချိန်းထားတဲ့နေရာကို ဆိုင်ကယ်နဲ့သွားရင် .. အလွန်ဆုံး ၁၀ မိနစ်ပဲ။ အချိန်က တော်တော်လေးလုံလောက်သည်။ ဒါပေမဲ့ ပြဿနာက လမ်းထိပ်အရောက်မှာတင် ဆိုင်ကယ်က ဆီပြတ်သွားသည်။ အဲဒါနဲ့ ဆီဆိုင်ကိုတွန်း၊ ဆီဆိုင်မှာဆီဖြည့်ပြီး ပြန်အထွက်မှာ ဆိုင်ကယ်က ချိန်းထပ်ကျသွားသည်။ ခန့်လင်းမိုရ်ရဲ့ ကောင်မလေးက ဖုန်းဝင်လာသည်။

“မောင် .. မလာသေးဘူးလား .. ဒီမှာ လူစုံနေပြီ”
“အခု လာနေတဲ့လမ်းမှာ ဆိုင်ကယ် ချိန်းကြိုးပြတ်သွားလို့”
“မောင် ကတော့ လုပ်ပြီ... အဲဒါဆို အဲဒီလမ်းကပဲ စောင့်နေ .. ကားမောင်းတဲ့ ဦးလေးကြီးကို ဝင်ခေါ်ဖို့ပြောလိုက်မယ်”
“ခေ..ခေ. ဒါနဲ့ ကားနံပတ်က ..”
“2G 2813”
“အိုခေ”

ဖုန်းချပြီး.. သိပ်မကြာဘူး။ ခန့်လင်းမိုရ် ရပ်နေတဲ့အရှေ့တည့်တည့်ကို .. ကားတစ်စီးရပ်လာသည်။ ခန့်လင်းမိုရ်က ကားနံပတ်ကို ကြည့်လိုက်တော့ .. “2G 2813” ။ အဲဒါနဲ့ ခန့်လင်းမိုရ်ကားပေါ်ကို စွေ့ကနဲခုန်တက်လိုက်သည်။ ကားပေါ်ရောက်တာနဲ့ ကားက မောင်းထွက်သွားသည်။ ကားပေါ်မှာ သူ့ရည်းစားကို လိုက်ရှာသည်။ မတွေ့။ ကားပေါ်မှာ မိန်းကလေးတွေများပြီး ယောကျ်ားလေးက နည်းနေသည်။ အကုန်လုံးကလည်း သူ့ကို စူးစမ်းသလိုကြည့်ကြသည်။ ခက်တော့ခက်ပြီ .. ။ အဲဒါနဲ့ ဖုန်းဆက်တော့ .. ဖုန်းက လိုင်းမအား။ ပြိုင်တူများခေါ်နေမိသလားမသိ။ ခန့်လင်းမိုရ်လည်း လွတ်တဲ့ခုံတစ်ခုံမှာဝင်ထိုင်လိုက်ပြီး .. ဖုန်းကို ထပ်ခေါ်ပြန်သည်။ မအားသေး။ ခန့်လင်းမိုရ်စိတ်ထဲ တစ်ခုခုတော့လွဲနေပြီလို့ ထင်သည်။ ဒါပေမဲ့ ဘယ်သူ့ကို မေးလို့မေးရမှန်းလည်းမသိ။ အဲဒါနဲ့ ဘေးခုံက ကောင်မလေးတစ်‌ယောက်ကို ..

“ညီမလေး .. ဒီကားက ဘယ်သွားနေတာလဲ”
“အလုပ်ထဲကိုလေ .. အစ်ကိုက လူသစ်လား”
“အမ် .. မဟုတ်ဘူးလေ .. အစ်ကို ခရီးထွက်ဖို့လေ”
“အစ်ကိုကလည်း ခရီးထွက်ဖို့ဆို အဝေးပြေးဂိတ်ကိုသွားလေ”
“ဒီကားက အစ်ကို့ရှေ့မှာ လာရပ်တာလေ”
“ဒီကားက ဖယ်ရီကြိုတဲ့ကားရှင့်”
“ဟာ.. မှားပြီ... ကားဆရာရေ ကျနော်က ခရီးသွားမှာဗျ”
“အဲဒါ .. ညီလေး ကိစ္စလေကွာ”
“ဟာ .. ရပ်ပေးဗျာ ရပ်ပေး”

ခန့်လင်းမိုရ် အသံတွေတုန်၊ မျက်ရည်တွေပါဝဲတက်လာသည်။

“ရပ်ပေးလို့မရသေးဘူး.. ဟိုရှေ့မှာ ဘဲဥတွေရှိတယ်ကွ”

ကားပေါ်က လူတွေအားလုံးက အဲဒီတော့မှ ခန့်လင်းမိုရ်ကို သတိထားမိသွားပြီး ...

“ဟာ... စက်ရုံကားပေါ်မှာ လူစိမ်းပါလာတယ်ဟ”
“ဘာအကြံနဲ့လဲ”
“ဘာခိုးမလို့လဲ”
“ရဲစခန်းကို မောင်းဗျို့”

အဲဒီနေ့မှာ ခန့်လင်းမိုရ်တစ်ယောက် ရဲစခန်းမှာ အကျိုးအကြောင်းတွေ မနည်းရှင်းပြလိုက်ရသည်။ အားလုံးပြေလည်ပြီးနေကာမှ ...

“ဒါက ဘာလေးလဲ ညီလေး”

“ဗျာ .. ဟို .. ဟို ... ဆေး ပါ”

“ဘာ.. ဆေးတုန်းကွ”

လူအများရှေ့မှာမေးတော့ ခန့်လင်းမိုရ် မျက်လွှာကိုအောက်ချထားပြီး .. မဝံ့မရဲနဲ့ ..

“ဘာညာဆေးပါ”

ခန့်လင်းမိုရ်ရဲ့ အဖြေစကားလည်းကြားရော .. အားလုံးပြုံးစိစိဖြစ်ကုန်ကြသည်။ ညနေ‌စောင်းလောက်မှ ရဲစခန်းထဲက ပြန်ထွက်လာခဲ့ရတော့ .. ခရီးကိုလည်းမမီတော့။ ခန့်လင်းမိုရ်အတွက် မိအေးနှစ်ခါနာဆိုသလိုပဲ .. ခရီးစဉ်နဲ့လည်းလွဲ၊ ရည်းစားဦးရဲ့ ဖြတ်ခြင်းကိုပါ ခံလိုက်ရသောကြောင့်ပင်။ ဘာကြောင့်အဖြတ်ခံရလည်းဆိုတော့ အဲဒီခရီးစဉ်မှာ ပါတဲ့ကောင်လေးတစ်ယောက်နဲ့ ခန့်လင်းမိုရ်ရဲ့ ရည်းစားနဲ့ ကြိုက်သွားတာကြောင့် ခန့်လင်းမိုရ်ကို ဖြတ်လိုက်ခြင်းပင်ဖြစ်သည်။

အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ တော်တော်ကြာအောင် အတိတ်က လွဲချော်ခဲ့မှုတွေကို ပြန်တွေးမိနေတဲ့ ခန့်လင်းရ်တစ်‌ယောက် ဖုန်းဝင်လာသံကြောင့် လက်တွေ့ဘဝထဲကို ပြန်ရောက်လာသည်။

“ဟဲလို .. ကိုခန့်လင်းမိုရ်လား ခင်ဗျာ”
“ဟုတ်ကဲ့ ပြောပါခင်ဗျာ”
“ကျနော်တို့ သွားမယ့်ခရီးစဉ်မဖြစ်တော့တဲ့ အကြောင်း လှမ်းပြီးအကြောင်းကြားတာပါ”

“ဗျာ ... ဘာ ... ဘာဖြစ်လို့လည်းဗျာ”

“အခု . ကိုဗစ်တွေကလည်း ဆိုးဆိုးရွားရွားဖြစ်နေတော့ .. ရုံးက မသွားဖို့ဆုံးဖြတ်လိုက်တာခင်ဗျ”

ပွဲစီစဉ်တဲ့မန်နေဂျာ ထွန်းအောင်သိန်းရဲ့ စကားသံအဆုံးမှာ ခန့်လင်းမိုရ်တစ်ယောက် အရုပ်ကြိုးပြတ်။

အဲဒီနေ့မှာ လာသမျှဖုန်းကို ခန့်လင်းမိုရ်မကိုင်တော့။ တစ်ရုံးလုံးလည်း ဆူညံပွက်လောရိုက်ကုန်ကြသည်။ အကြောင်းကား .. ခန့်လင်းမိုရ် ရဲ့ အလုပ်ထွက်စာကြောင့်ဖြစ်ပြီး အားလုံးလည်းအံ့အားသင့်ကုန်ကြ၏။ ခန့်လင်းမိုရ်က ရုံးအပေါ်မှာ စိတ်အနာကြီးနာသွားပုံရသည်။ ပြီးတော့ ...

“ဟေ့ကောင် ခန့်ကြီး .. နေ့ခင်းကြောင်တောင် ထူပိန်းနေတဲ့အနွေးထည်ကြီးနဲ့ မင်းအစားငါပူလိုက်တာကွာ”
“ xီးဖြစ်လား”

ဟုတ်ပါတယ်။ ခန့်လင်းမိုရ်အစစ်ပါ။ သူဟာ ရုံးမှာ ထွက်စာတင်ပြီး ရပ်ကွက်ထဲမှာ ထူပိန်းနေတဲ့အနွေးထည်ကြီးကိုဝတ်ပြီး လျှောက်သွားနေတာပါ။ စိတ်ဒဏ်ရာတွေက ကြောက်စရာကောင်းပါဘိ။    ။

ခြုသစ်မောင်

#lotaya_funny


#ရည်းစား
#အချိန်
#လေ့လာ
#ပိုက်ဆံ
#လောက

Some text some message..