ကျွန်တော်တို့ ယိမ်းအဖွဲ့ ( ဖတ်ဖတ်ပြီး.... ခွီး....)
lotaya.mpt.com.mm
|
2019-10-06



ကိုယ်တွေ ၁၆ ၁၇ လောက်က ယခုလို KTV တွေ ပေါ်သေးသည် မဟုတ် ။ ကာရာအိုကေဆိုင်မှာ တစ်ပုဒ် ၂၀၀၊ သုံးပုဒ် ၅၀၀ နဲ့ သွားသွားဟဲရသော ကာလ။ ပြီးတော့ ဆိုမည့်သီချင်းကို ရွေးပြီးရင် စက်ကိုင်အား သွားပြော၊ ထိုသူမှ အခွေရှာ ဖွင့်ပေးရင်တီဗွီရှေ့မှာ ထိုင်ဆို။ ပြီးတော့ ယခုလို Private room များနှင့်လည်း မဟုတ်။ ကိုယ်ဆိုနေတုန်း တခြားဆိုမည့်သူ လာလျှင် ထိုလူများက ဒီဟောခန်းထဲမှာပဲ ထိုင်စောင့် ၊ကိုယ်ရှေ့ကလူ ဆိုတာကို သည်းခံပြီးနားထောင်။ ဒီလို အခန်းမျိုး ။ ကိုယ်တွေကလည်း အနုပညာ အထုံပါသည် ပြောရမည်။ သီချင်းဆို သားချော့တေးတောင် အလွတ်မပေး။ ဒီတော့ ထို ကာရာအိုကေဆိုင်ဆိုတာ ကိုယ်တွေခြေရာတွေချည်း။ ထိုတုန်းက တွဲနေကျ သူငယ်ချင်း သုံးယောက် ခန့်ရှိသည်။ ထိုသူများ ထဲတွင် အနဲဟု ချစ်စနိုး ခေါ်ဝေါ်ကြသည့် ဟိန္ဒူကုလားလေး တစ်ယောက်လည်း ပါသည်။ အမယ် သွားတော့ အထင်မသေးနဲ့ ။ စော်မကြည်ချက်က ကြောက်ခမန်းလိလိ။ ဘယ်လောက်တောင်များလဲလို့ တစ်နေ့ သူ့လမ်းထဲက ခွေးမ ကလေးနို့တိုက်နေတာကို ကြည့်မိလို့ ခွေးမက လိုက်တာ ကံကောင်းလို့ မသေတယ်။

နောက်တစ်ယောက်က ဝင်းတင်။ သူက တောသားဆိုပေမယ့် သူလည်း အထင်သေးလို့မရ ။ သူလည်း စော်ကြည်သည်ဟု သူ့ဘာသူတော့ ပြောလေ့ရှိသည်။ စော်ကြည် မကြည်တော့ မပြောတတ်။ တစ်နေ့ သူ့ဘေးအိမ်က ကောင်မလေး အိမ်ပြင်ထွက်လာသည်မြင်လို့ ဒီဘက်အိမ်က ပြုံးပြလိုက်ရာ ကောင်မလေးခမျာ မူးမေ့လဲသွားလေသည်။ လဲမပေါ့ ။ ဒင်းက အသားမည်းမည်း အမှောင်ထဲကနေ ပြုံးပြတာ၊ မသိရင် သွားဖြူကြီး လေပေါ်ဝဲနေတယ်ထင်ရှာမပေါ့။

နောက်တစ်ယောက်က အသေးလေး ။ သူလည်း ဂေါ်မစွံ။ အသက်ကသာ ဆယ်ကျော်သက်။ ဝတ်လိုက်တဲ့ ပုဆိုးတွေက လူရွှင်တော်ဆင်တွေ။ ဒါတင်မက ရင်ခေါင်းက တက်ဝတ်သေးသည်။ လူကောင်းသေးသလောက် လေလုံးကတော့ ထွားသည်။ အတွေးကလည်း အတော်ခေါင်သေးသည်။ မဟုတ်က ဟုတ်က ဖောဖို့ဆိုရင် ထိပ်ဆုံးက။

“ တကယ်တော့ အရူးချီးပန်းဆိုတဲ့ စကားက ပုဂံခေတ်က ဖင်ပြားမင်း လက်ထက်မှာပေါ်လာတာကွ”

“ဟေ…. ဒီကိစ္စ မကြားဖူးပါလား၊ ဖင်ပြားမင်း၊ ဘယ်လိုကြီးလဲ နာမည်က၊ ပျဉ်ပြားမင်း မဟုတ်ဘူးလား”

သူ့ဖင်က ပြားတယ်ကွ။ အဲဒါကြောင့် အလွယ်ဖင်ပြားမင်းလို့ ခေါ်ကြတာ”

“အွန်း….သူပြားတာ မင်းတွေ့ဖူးလို့လား”

“ပလ္လင်ပေါ်ထိုင်တာများတော့ ပြားမှာပေါ့ကွာ၊ ဒါက စိတ်ကူးနဲ့ မှန်းကြည့်လို့ရတယ်”

“ ဒါဆို ဘုရင်တွေ အကုန်လုံးက ဖင်ပြားကြီးတွေဖြစ်ကုန်ပြီ၊ ကြား မကြားဖူးပါဘူး”

“ မကြားဖူးရင် မှတ်ထား၊ အဲဒီ ဖင်ပြားမင်းက ဂွေးသီးတအားကြိုက်တယ်ဆိုပဲ ၊တစ်နေ့ သူ ဒိန်းမတ်ကို တောထွက်ကစားတော့ “

“ ဟေ့ကောင်….ဒါတော့ နည်းနည်းလွန်ပြီ၊ အဲဒီတုန်းက ဒိန်းမတ်ဆိုတာ ရှိလို့လား”

“ လျှာမရှည်နဲ့ ၊ပြောတာနားထောင်၊ ဒိန်းမတ်ကိုသွားတော့ ဒိန်းမတ်ပြည်ကို သိမ်းပိုက်ချင်စိတ်ဖြစ်သတဲ့။ အဲဒီမှာ ဒိန်းမတ်ဘုရင်ကဂွေးသီးတော့ ယူပါ ၊ လူကိုချမ်းသာပေးပါဆိုလို့ ဂွေးသီးတွေ အပြည့်တင်လာတဲ့ ကုန်တင်လှည်းတွေနဲ့အတူ ပြန်လာသတဲ့ ။ အမှန်တော့ ဒိန်းမတ်ဘုရင်က အကြံနဲ့လေ ၊ သူ့ဂွေးသီးတွေက တယ်အချဉ်စူး ဆိုသကိုး။ ဗျူဟာကတော့ ဖင်ပြားဘုရင်ချီးပန်းသေအောင်ပေါ့ကွာ”

“ လခွီး၊ ဘယ်ဘုရင်မှ တိုင်းပြည်သိမ်းဖို့သွားတာ၊ ဂွေးသီးနဲ့ လာဘ်ထိုးလို့ပြန်လာတယ်ဆိုတာ မကြားဖူးဘူး”

“ မကြားဖူးရင် မှတ်လေ”

“ တိန်”

“ခုနကဟာ ဆက်မယ်၊ အဲဒီ ပြန်လာတဲ့ လမ်းတစ်နေရာမှာ အရူးတစ်ကောင်က ဖင်းပြားမင်းဆီမှာ စားစရာတောင်းလို့ ဘုရင်က ဂွေးသီးတစ်တောင်း ပေးလိုက်သတဲ့ ။အဲဒီ အရူးလည်း အဲဒီ ဂွေးသီးစားပြီးရော ချီးပန်းသေပါလေရော။ အဲဒီမှာ အရူးချီးပန်းဆိုတာ ဖြစ်လာတာ။ အဲဒီသတင်းကို ဖင်ပြားမင်းကြားပြီးတော့ ဒေါသထွက်ပြီး အဲဒီ ဂွေးသီးအကုန်လုံး လမ်းဘေးမှာ ပစ်ခိုင်းလိုက်တာ ဂွေသီးတွေက များလွန်းလို့ တောင်လိုပုံနေတာကြောင့် အဲဒီနေရာကို နောက်တော့ တောင်ကြီးမြို့လို့ ခေါ်တွင်ခဲ့တယ်ကွ”

“ ဟာကွာ….တော်ပြီ၊ မင်းဟာက သမိုင်းကို ဇောက်ထိုးလုပ်မယ့် ကောင်ပဲကွ”

ထိုသို့သောလူများ ပေါင်းစပ်ထားသော မောင်ပွတို့အုပ်စုပင်။ တစ်နေ့ ပိုက်ဆံလေးတွေစု သူငယ်ချင်းလေးယောက် ကာရာအိုကေဆိုင် သွားဟဲကြမည်ပေါ့။ လမ်းတွင် ဝင်းတင်က စဖောက်သည်။

“ ငါတို့ ဒီလိုချည်းပဲ ဆိုနေတာ ပျင်းစရာကြီး၊ တစ်ခုခု လုပ်ကြရင် မကောင်းဘူးလား”

“ ဘာလဲ …..ဒီလို မဆိုလို့ နှာခေါင်းပေါက်နဲ့ ဆိုရမှာလား”

“ မဟုတ်ဘူးလေ ၊ပျော်စရာလေးလည်း ဖြစ်သွားအောင် ၊ တစ်ယောက်ဆိုရင် ကျန်တဲ့ကောင်တွေက ကတယ်ဆိုပေမယ့် ခြေထောက်ကို ဘယ်ထိုး ညာထိုး ဒီလောက်ပဲကွာ”

“ ငွင့်…ရှက်စရာကြီးကွာ၊ ကိုယ်တွေချည်းပဲလည်းမဟုတ်”

“ ဟေ့ကောင် မွေးတုန်းကတောင် ဖင်တုံးလုံးနဲ့ ထွက်လာတာ ၊ ဘယ်သူ့မှ ရှက်မနေနဲ့ ၊ မင်းမှာ ဘာရှိလဲ ၊ငါ့မှာ ဘာရှိလဲ လူတွေသိပြီးသား”

အတွေးအခေါ်ကြီးက ကြောက်မက်ဖွယ်ရာ ။ ဒီလိုနဲ့ နောက်ဆုံးတော့ မကတဲ့သူ ပိုက်ဆံရှင်းကြေးဖြင့် သဘောတူသွားကြလေသည်။ ဆိုင်သို့ရောက်ပါပြီ ။ပမထဆုံး စဆိုမှာက အနဲ။ ဒီကောင်က ဆိုတယ်လို့သာ ပြောရတာ။ အမှန်က( Rapping )ရွတ်နေခြင်းသာ။ ဘာသီချင်းပဲလာလာ၊(Rap) စာသားအဖြစ် ပြောင်းဆိုနိုင်တာ သူ့ပါရမီဟု ဆိုရမလားပင်။ အခုလည်း ရွေးလိုက်ပါပြီ ။နဂါးနီတဲ့။ ဘုရား ဘုရား။ ဟုတ်တယ်လေ၊ သီချင်းတိုရင် ၂၀၀ ပေးရတာ မတန်။ ရှည်တဲ့သီချင်းကိုရွေးတော့ ပေးရတာတန်သည်။

“ အဟမ်း အဟမ်း ကောင်လေးတွေ ရှေ့မှာ ထွက်တန်းစီပါ “

အိမ်း….ဇာတ်လမ်းက စပြီ။တော်သေးသည်။ အထဲမှာ စက်ကိုင်တဲ့သူရယ်၊ ကိုယ်တွေရယ်ပဲ ရှိလို့ ။ကျန်တဲ့သုံးယောက်က ဘေးမှာ ထွက်တန်းစီးလိုက်ရသည်။ ခြေထောက်တွေကို ဘယ်ဘက်သို့ ထိုးကာ အသင့်အနေအထား လုပ်ရသည်။ သီချင်းသံထွက်လာတာနဲ့ စထိုးပေးလေရော့။

“ ကဲ….စမယ်၊ ရယ်ဒီ ဝမ်း တူး သရီး”

သီချင်းသံ စထွက်လာတော့ ခြေထောက်တွေ စထိုးပါပြီ။ အမယ် မဆိုးဟ။ နဂါးနီ သီချင်းက ခြေထိုးလို့တော့ ကောင်းသား။ မသိရင် သံချပ်ဆိုနေတဲ့ သူတွေလိုလို ဘာလိုလို။

“ ဘိုးဘိုးအောင်နဲ့ ရှင် အစ် အစ်”

ဘာတုန်းဟ ။ ရှင် အစ်အစ် ဆိုတာ တစ်ခါမှလည်း မကြားဖူးပါလား။ သွားပြီ ။မောင် အနဲတစ်ယောက် ၊ မြန်မာစာ မကျေခဲ့ခြင်းအကျိုးကို လောလောလတ်လတ် ခံစားရလေပြီ။ ရှင်အဇ္ဇဂေါဏကိုသင်း အသံမထွက်တတ်တော့ ။ ရှင် အစ်အစ် ဖြစ်သွားလေတော့သည်။ အမယ် ဒင်းက ဣန္ဒြေမပျက်ပင်။ ဆိုရင်းတန်းလန်းနှင့်ပင်-

“ ဟိုကောင်တွေ ညီညီညာညာ လုပ်မယ်၊ ညီညီညာညာ လုပ်မယ်”

ဟု လှမ်း အမိန့်ပေးနေသေးသည်။ နောက်တစ်ကျော့ သီချင်းပြန်လာတော့ -

“ ဘိုးဘိုးအောင်နဲ့ ရှင်အဇုဂေါဏတို့မ, တဲ့ကိန်း ဆိုက်မည်”

ဘုရား ဘုရား။ ဒင်းနဲ့တွေမှ ရှင်အဇ္ဇဂေါဏလည်း နာမည်အစုံရတော့သည်။ အမယ် သူက ဆိုနေရင်းနဲ့ မုဝင်သွားတယ် ထင်ပါ့။ ကိုယ်တိုင်ပင် ခြေထိုးနေတော့သည်။ သင်းအလှည့်ပြီးတော့ နောက်တစ်ယောက် အသေးလေး အလှည့် ။ ရွေးလိုက်သည့် သီးချင်းက စန္ဒရားလှထွဋ်ရဲ့တစ်ပြည်သူ မရွှေထား။

“ တစ်ပြည်သူ မရွှေထားရယ် အခြေမတူ ဘဝတွေခြားနေ”

ခွီး။ သီချင်းကြီးက နှေးထှာ။ ကိုယ်တွေခြေထိုးရတာလည်း စလိုးမိုးရှင်းနဲ့ ဖြစ်ကုန်တော့သည်။ ဒီကြားထဲ အနဲက ခြေထိုးတာနဲ့ မတူ ၊အမေဆီ မုန့်ဖိုးတောင်းတာမရလို့ ခြေဆောင့်နေသော သူနှင့် တူနေသေးတော့သည်။

“ ထားသခင်ကိုမှ အချစ်ပိုသည်ညား၊ အပြစ်ဆိုမည်လားလေ၊ နှလုံးအိမ်တွေလည်း ပွင့်ထွက်တော့မယ်၊ ကြာရင်ခက်ရချည်ရဲ့ တစ်ပြည်သူ ဟိုကောင်တွေ စိတ်ပါလက်ပါက စိတ်ပါလက်ပါက “

အွန် မသိရင်ဘဲ ကိုယ်တွေက တစ်ပြည်သူဟိုကောင်တွေ ကျနေတာပဲ။ စိတ်ပါလက်ပါကရအောင် သူ့သီချင်းကြီးက ကလို့ အတော်ကောင်းတာကိုး။ ဝင်းတင်ဆို ကနေရင်းနဲ့ သမ်းပါသမ်းသည်။

ကဲ ပြီးပါပြီ။ နောက်တစ်ယောက်လာပြီ၊ အချစ်ရှုံးသမားလေး မောင်ဝင်းတင် ၊ဘာသီချင်းဘာလိမ့် ။ အမယ် တောသားလို့ မပြောရဘူး။ တွံတေးသိန်းတန်ရဲ့ မေတ္တာမီးအိမ်ဆိုပါလား ။ ဒီသီချင်းကလည်း စလိုးမိုးရှင်းနဲ့ ခြေထိုးရမည့်သီချင်း။ ခြေဆင်းကလည်း ပါသေးဆိုတော့ ခြေဆင်းဆိုရင် နှပ်နေရုံပဲ။

“ ညမှောင်မှောင် ညမှောင်မှောင် ကြယ်ရောင်သော်မလင်းတဲ့ ဟဲ့ ဟိုကောင်တွေကလေ”

“နင့်မေဗြန့် ခြေဆင်းကြီး ဘယ်လို ကလို့ရမှာလဲ”

“မလိုချင်ဘူး က”

ခက်ကပြီ၊ ကဆိုတော့လည်း မဖြစ်ဖြစ်အောင် ခြေထိုးရပြန်ပါလေရော။

“ချစ်သူလာသောညက ရွှေပန်း သာပါတယ်။ ချစ်သူ မလာသော ခုည ရွှေပန်းဘယ်ကိုရောက်နေလဲ အဲ ဘာတွေပါလိမ့်။ မှားကုန်ပြီ “

ကတောက် မှားဆိုစရာ ရှားလို့။

လာပြီ ၊နောက်ဆုံး ကိုယ့်အလှည့်။ တွေ့မယ် ဒင်းတို့ တွေ့မယ်။

“ဟိုလေ အဲလက်စ်နဲ့ ထွန်းအိန္ဒြာဗိုလ် သီချင်းလေ။ ကားလေးစီးလို့ အဲဒီ သီချင်းထည့်ပါဗျိုး’”

“ ဟေ….အဲဒါကြီးနဲ့ ဘယ်လိုလုပ်ကရမတုးံ”

“မသိဘူးလေ ၊ငါတောင် မင်းတို့သီချင်းတွေ ရအောင်ခြေထိုးသေးတာပဲ။ မလိုချင်ဘူးထိုး။ ညီညီညာညာထိုး”

ကိုယ့်အလှည့်တုန်းက ရအောင် ခြေထိုးထားတာ ထိုးစမ်းရအောင်။ ဒီသီချင်းက ( Disco ) ပုံစံဆိုတော့ အသေးလေးက ပုဆိုးထ ခါးတောင်းကျိုက်သည်။ အနဲက ပုဆိုးပြင်ဝတ်သည်။ ကြမ်းကြတော့မယ် ဆိုတဲ့ သဘော။ ထိုအချိန် ဆိုင်ထဲသို့ ကောင်မလေး နှစ်ယောက်နဲ့ ကောင်လေးတစ်ယောက် ဝင်ချလာသည်။ ခုနက အသားကုန်ပြင်ဆင်နေသော သူတို့ အိုးတိုးအမ်းတမ်းတွေ ဖြစ်ကုန်ကြသည်။ မောင်ပွအား အသနားခံသော မျက်လုံးများနှင့် ကြည့်ကြလေလျှင်-

“ကြည့်မနေနဲ့ ကြည့်မနေနဲ့ ဟိုမှာ သီချင်းလာပြီ ဟေး ဟေး”

“ အိုဘာတဲ့၊ ကားလေးစီးလို့ မင်းနဲ့အတူ လျှောက်လို့လည်မယ် အပျော်ဆုံးပေါ့ ကိုယ့်ရင်ထဲ….ညီအောင်က၊ ညီအောင်က “

လခွီး။ ဟိုသုံးကောင် ပွဲပျက်နေလေပြီ။ သီချင်းက မြန်လိုက်သည့်အမျိုး ။မမီမီအောင် ထိုးနေရသည့် ဒင်းတို့ အဖြစ်။ အနဲဆို ပုဆိုးပင် လွှားခနဲ လွှားခနဲ ဖြစ်နေလေပြီ။ ကြည့်ရတာ အားရထှာ ဟေး။ မြန်လွန်းတော့ ဘယ်ညာတွေ မညီ ဖြစ်ကုန်ကြတော့သည်။ ကောင်မလေးတွေမှာလည်း ပါးစပ်အဟောင်းသားနှင့် သီချင်းတောင် မရွေးနိုင်တော့။

“ သိပ်ချစ်တယ် အရမ်းချစ်တယ် မင်းနဲ့အတူပဲ ၊ ကိုယ်ဘဝဟာ မင်းအတွက်ဆို အမြဲအသင့်ပါပဲ။ မင်းလောက်ဂျီးထူတဲ့သူ မင်းလောက် အဲ မှားကုန်ပြီ “

သကောင့်သားများ ဘယ်ညာမှားလိုက်ပုံကတော့ အနဲက ဘယ်ထိုးတော့ ဘေးက ဝင်းတင်က ညာထိုး၊ သူတို့နှစ်ယောက် အလယ်မှာ အဆုံ-

“ ခွပ်”

“ အား လား လား”

နဖူးချင်းရိုက်သည့်အသံ ။ ကြားရတာ နားဝင်ချိုလိုက်သည့်ဖြစ်ချင်း။ သီချင်းမဆုံးခင်မှာပင်-

“ ဟိုကောင်တွေ ဒီနားတင် ရပ် အခုရပ်”

ယခုခေတ် နီနီခင်ဇော် သီချင်းစာသားနှင့် အတူ အပေါက်ဝမှာ တွေ့လိုက်ရတာက မောင်ပွတို့ ကျူရှင်ဆရာ။ ကတောက် ကျူရှင်လစ်ပြီး သီးချင်းလာဆိုတာ ဘယ်သကောင့်သား သတင်းပေးလိုက်သည် မသိ။ကာရာအိုကေ ဆိုင်ကလည်း ကျူရှင်နဲ့ သိပ်မဝေးလေတော့ ခက်ကုန်လေပြီ။

“လာခဲ့ မင်းတို့လေးကောင် ၊ ဒီမှာ လာတန်းစီ”

“စာမေးပွဲဖြေဖို့ ဘယ်နှလပဲ လိုတော့လဲ ၊သိလား”

“ ဟုတ်ကဲ့ လေးလပါ”

“ အေး…. လေးလပဲ လိုတော့တယ်။ မင်းတို့က အခုထိ ပျော်လို့ကောင်းတုံး ။မဖြစ်ဘူး။ မင်းတို့မိဘတွေဆီ တိုင်စာပို့မယ်”

“နောက် မဖြစ်စေရပါဘူး ဆရာ ၊ ဒါ နောက်ဆုံးပါပဲ “

“ဘာကွ….နောက် မဖြစ်စေရဘူးဆိုတော့ သီချင်းမဆိုတော့ဘူး ဆိုတဲ့ သဘောလား”

“ဟုတ်ပါတယ်”

“ ဖြစ်မလားကွ၊ ဟေ့ စက်ကိုင်ကောင်လေး၊ ငါ့ကို တွံတေးသိန်းတန် စီးရီးလိုက်ထည့်ကွာ ဟေး ဟေး”

“အွန်း”

အပြောင်းအလဲက မြန်ထှာ ။ အခုမှ သတိရသည်။ ဒီနေ့က ဆရာ့အချိန် မဟုတ်ဘူးပဲ။ အမှန်က ဆရာကလည်း ဟဲဖို့လာတာ ။ အရှေ့က စောင့်နေတဲ့သူတွေကို ကျော်ချင်တာနဲ့ အကွက်ခင်းသွားတာ။ ကိုယ်တွေလည်း ဘာပြောကောင်းမလဲ။

“ ဒေါင်းဒေါင်းမြည်မှအိုး၊ တောင်ဆီလာမှ မိုး၊ သုံးလွန်းတင်မှ ကြိုး၊ ဆိုရိုးဘယ်လို ရှိခဲ့ပေမယ့် မင်းကိုချစ်တာ ထာဝစဉ်၊ လွန်းမတင်ဘဲ မြဲတဲ့ သံယောဇဉ်၊ ဟိုလေးကောင် ညီညီညာညာလေးလုပ် အေး အေ း ဟုတ်တယ်”

ထို့နေ့က တော်တော်နှင့်အိမ်ပြန် မရောက်ပေ။

(မနှစ်က ကွယ်လွန်သွားသော ဆရာဦးညွှန့်လွင်အားအမှတ်တရ။ တချို့နေရာများအာ စိတ်ကူးနှင့် ဖြည့်စွက်ထားပါသည်။)

ကိုပှ

နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#funny

Some text some message..