ထီသည်..
lotaya.mpt.com.mm
|
2019-10-31



လူတိုင်းလူတိုင်းရဲ့ ငယ်ဘဝမှာ အသက်ကြီးလာရင် ဘာဖြစ်ချင်လဲဆိုတဲ့ အိပ်မက်ကိုယ်စီရှိတတ်ကြတယ်။ ကျွန်တော်တို့ ဘော်ဒါတွေထဲက တစ်ယောက်ရဲ့ ငယ်ဘဝအိပ်မက်က တော်တော်လေးထူးဆန်းတယ်။ သူက ကြီးလာရင် ထီသည် ဖြစ်ချင်တာတဲ့။ တကယ်လည်း နောက်ထပ် ငါးနှစ်လောက်အကြာမှာ သူ ထီသည်ဖြစ်ခဲ့သလို တိုးတက်မှုလည်း ရှိခဲ့တယ်။ ပထမ လွယ်အိတ်လေးတစ်လုံး စက်ဘီးလေးတစ်စီးကနေ နောက်တော့ ဆိုင်ကယ်လေးနဲ့ဖြစ်လာတယ်။ နောက် နှစ်နည်းနည်းကြာလာတော့ သုံးဘီးဆိုင်ကယ်လေးတစ်စီးနဲ့ ဆိုင်ခန်းလေးတစ်ခန်းပိုင်လာ၏။

“ ငါက လူတွေ အတွက် ပျော်စရာသတင်းကောင်းတွေပဲပေးတဲ့ လူ ဖြစ်ချင်တာကွ”

အထက်ပါစကားက သူ့အလုပ်နဲ့ပတ်သက်တိုင်း သူအမြဲပြောနေကြစကားတစ်ခွန်း။

အဲဒီနေ့က ထီဖွင့်ရက်။ကျွန်တော် သူ့အိမ်ကို အလည်သွားတော့ ဖုန်းနှစ်လုံးရယ်၊ စာအုပ်တစ်အုပ်ရယ်၊ ထီပေါက်စဉ်ရယ် ကိုင်ပြီး အလုပ်တွေ ရှုပ်နေတယ်။ ကျွန်တော့်တောင် နှုတ်မဆက်အားဘူး။

ပထမဆုံး ဖုန်းတစ်လုံးကို သူကောက်ခေါ်လိုက်တယ်။

“ ဟဲလို ဦးညိုကြီးလား”

“ဟုတ်ပါတယ် ဘယ်သူလဲ မသိဘူး”

“ ကျွန်တော် ထီသည်ပါ ဦးလေးထီပေါက်လို့ ဖုန်းလှမ်းဆက်လိုက်တာပါ”

“ဟေ”

တစ်ဖက်က လူက တော်တော်လေး အံ့ဩမှင်တက်သွားပုံရတယ်။ ဖုန်းက စပီကာဖွင့်ထားတော့ တစ်ဖက်က ပြောတာတွေကို ကျွန်တော်ပါကြားနေရတယ်။

တစ်ဖက်က လူမှ အသံ တုန်တုန်ယင်ယင်ဖြင့်

“တကယ်… တကယ်ပြောတာလားဗျ”

“ဟုတ်ပါတယ် ခင်ဗျာ”

“ဟေး … မိန်းမရေ ငါထီပေါက်ပြီဟ”

ကျွန်တော့်ဘော်ဒါက ကျွန်တော့်ကို ကြည့်ပြီး တစ်ခုခုပြောဖို့ ဟန်ပြင်သည်။ သို့သော် ဖုန်းထဲက ထွက်လာတဲ့ တစ်ဖက်မှ အသံတွေကြောင့် ပြောခွင့်မသာ။

“မိန်းမရေ .. မင်းဖုန်းနဲ့ မင်းသားဆီ ဖုန်းဆက်စမ်း”

“အင်း ..အင်း ကျွန်မ ဆက်လိုက်မယ်”

“ ဟဲလို … သားလား … အမေတို့ ထီပေါက်ပြီ သားပြန်လာခဲ့တော့”

“ဟဲ့ ..နင့်သားဆီ ဆက်ပြီးရင် ငါ့ညီဆီ ဆက်စမ်း ငါထီပေါက်ပြီ သူ့အိမ်နဲ့ ခြံကိုပါ ပြန်ရွေးပေးမယ်လို့ပြောလိုက်”

တစ်ဖက်မှ ဦးညိုကြီးဆိုသူသည် ဒီဘက်က ကျွန်တော့်ဘော်ဒါကို ပြန်မပြောအားတော့။

“ ဟဲလို … ဥက္ကဋ္ဌလား .. ရပ်ကွက်ဓမ္မာရုံအသစ်ဆောက်ဖို့ ကျွန်တော် မ တည်ပေးမယ်ဗျာ”

“ဟဲလို ….”

“ဟဲလို ….”

“ ထီသည် ညီလေး ခဏနေ ကိုကြီးပြန်ခေါ်လိုက်မယ်ကွာ”

“ဂွပ်”

ကျွန်တော့်ဘော်ဒါ မျက်နှာ ဇီးရွက်လောက်လေးသာ ရှိတော့သည်။

“ဟေ့ကောင် ဘာဖြစ်နေတာလဲ မင်းဆီက ပေါက်တာပဲ ဘာလို့ မှိုင်နေတာတုန်းဟ”

“သားကြီး ငါသူ့ကို ဖုန်းဆက်တော့ သိန်းတစ်သောင်းခွဲပေါက်တယ်လို့ ငါမပြောလိုက်ဘူးနော်”

“ဟေ…. သူက ဘယ်လောက်ပေါက်တာတုန်း”

“ ငါးသောင်း”

“ဟာ”

နောက်ထပ်ရှိသေးတယ်။ ဒီကောင် ထီသည်ဖြစ်ချင်တဲ့ ပင်မ အကြောင်းအရင်းက ဒီကောင်က မိုက်ကိုင်ပြီး ဟိုပြောဒီပြော ပြောရတာကို သဘောကျတာ။ အဲဒီတော့ ဒီကောင် ထီသည်ဖြစ်တဲ့အချိန်မှာ ထီဖိုးအရင်းအနှီးထက် ဆောင်းဘောက်ဖိုးတွေ၊ မိုက် ဖိုးတွေကတော့ ပိုပြီး များနေသေးတယ်။ တစ်ခါများ ဒီကောင် မူးမူးနဲ့ ညကိုးနာရီထိုးကြီး ဆောင်းဘောက်အကျယ်ကြီးဖွင့် သီချင်းတွေဆိုနေလို့ ရပ်ကွက်လူကြီးက ခေါ်ပြီး သတိပေးရသေးတယ်။ ဒီကောင်က ထီကို အကြွေးရောင်းတော့ ရောင်းကောင်းတယ်ဆိုရမယ်။ ဒါပေမဲ့ ပြဿနာက ထီဖွင့်ရက်ကြီး အကြွေးတောင်းလေ့ရှိတာပဲ။

“ မင်းကလည်းကွာ … ထီဖွင့်ရက်ကြီး ဖုန်းဆက်ပြီးအကြွေးပတ်တောင်းတော့ ထီထိုးထားတဲ့သူတွေက ထီပေါက်တယ်ထင်နေမှာပေါ့ကွ”

“ ဟ … မင်းကလည်း .. အဲဒီရက်ဖုန်းခေါ်မှ သူတို့ကလည်း ဖုန်းကိုင်တာဟ အခြားရက်တွေကို ဖုန်းခေါ်ရခက်လွန်းလို့”

သူပြောတာလည်း ဟုတ်သလိုလိုပဲ။ ကျွန်တော်တောင် သူ့ဆီမှာ ထီထိုးထားပြီး ထီဖွင့်ရက်သူ့ဆီက ဖုန်းလာရင် မကိုင်မဖြစ်ကိုင်လိုက်ရတာပဲ။ အကြွေးတောင်းမှာလား၊ ထီပေါက်တာ ဆက်သွယ်မှာလား မသေချာဘူးလေ။

တကယ်တော့ ထီသည် ဆိုတာ ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေပဲ မဟုတ်လား။ ခုချိန်ထိတော့ သူ့ဆီမှာ ထီတစ်ခါမှ မပေါက်ဖူးသေးပါဘူး။ ဒါပေမဲ့လည်း တစ်လတစ်ခါလောက်တော့ ဒီကောင့်ဆီမှာ ထီထိုးဖြစ်နေဆဲပဲ။ ထီရောင်းရင်း ဒီကောင်ကြုံတွေ့ခဲ့ရတာတွေကို ပြန်ပြောပြတာတွေကလည်း ရယ်စရာလိုလို၊ မောစရာလိုလိုတွေပါပဲ။

တစ်ခါများ သူ့ဆီက ဆင်းရဲတဲ့ မိသားစုက သိန်းတစ်ရာပေါက်တယ်။ ဖုန်းဆက်တော့ ဖုန်းက စက်ပိတ်ထားတာနဲ့ သူတို့ပေးခဲ့တဲ့ အိမ်လိပ်စာကို လိုက်သွားတာပေါ့။ အိမ်က ကျူးကျော်တဲလိုမျိုးပဲ။ အိမ်ထဲမှာ မိန်းမကြီးတစ်ယောက်က ငိုနေတယ်။ အဘိုးကြီးတစ်ယောက်ကတော့ တောက်တစ်ခတ်ခတ်နဲ့။

“ အိမ်ရှင်တို့ ..”

“ ဘယျသူလဲ”

“ ကျနော် ထီသည်ပါ ဦးလေးတို့ ထီ သိန်းတစ်ရာ ပေါက်လို့ လာအကြောင်းကြားတာပါ”

“ ဟေ…”

ထီပေါက်တယ်လည်းဆိုရော အိမ်လေးလက်နှစ်လုံးကို လင်မယားနှစ်ယောက် ဗြောင်းဆန်အောင် မွှေနှောက်နေပါရော။

“ ဘာလုပ်နေကြတာလဲဗျ”

“ ထီစာရွက် ဘယ်နားထားမိမှန်းမသိလို့”

“ဟာ..”

အဲဒါနဲ့ ဒီကောင်လည်း အိမ်လေး လက်နှစ်လုံးပေါ်တက် ထီစာရွက် ဝင်ရှာပေးရတာပေါ့။ ဘယ်လိုရှာရှာ မတွေ့ဘူး။ တော်တော်လေးလည်း ချွေးပြန်နေပြီ။

“ငါ့တူရေ .. ထီလက်မှတ်က ဘယ်လိုမှ မတွေ့ဘူးကွာ”

အဘိုးကြီးမှ ငိုမဲ့မဲ့နဲ့ပြောတော့ တော်တော်သနားသွားမိတယ်။ အမျိုးသမီးက ဝင်ပြောတယ်။

“ ရှင့်သမီး အိတ်ထဲများ ပါသွားသလား”

“ ဦးလေးတို့ သမီးက ဘယ်သွားလို့လဲ”

“လင်နောက်လိုက်သွားလို့”

တော်သေးတယ်ဆိုရမယ်။ သူတို့သမီးဆိုသူက သုံးရက်လောက်နေတော့ ပြန်ရောက်လာပြီး ထီလက်မှတ်လည်း ပြန်ပါလာလို့။ သူတို့လင်မယားနှစ်ယောက်က ပထမတုန်းကတော့ သူ့သမီးကို ခိုးပြေးသွားတဲ့ကောင်ကို သတ်မယ်ဖြတ်မယ်တွေ လုပ်နေပေမဲ့ ခုတော့ ရွှေသားမက်လေးဆိုပြီး ပါးစပ်ဖျားကကို မချတော့ဘူးဆိုပဲ။

တကယ်တော့ ထီသည် လုပ်ရတာ မလွယ်ပါဘူး။ လူတိုင်းရဲ့ မျှော်လင့်ချက်တွေကို ထမ်းပိုးထားရတယ်ဆိုပေမဲ့ တစ်ခါတရံ ထီသည်ကိုယ်တိုင်လည်း မျှော်လင့်ချက်တွေ ပျောက်သွားခဲ့ရတာမျိုးတော့ ရှိတာပေါ့။ ခုဆိုရင် ထီဈေးတွေတက်တော့ အရင်ကလောက် မရောင်းရတော့သလို၊ သူ့ဆီက ထီပေါက်တဲ့သူတွေလည်း နည်းလာတယ်။ ဒီကောင်က အရက်ကလေးကလည်း နည်းနည်းသောက်တတ်တော့ အမှားလေးကလည်းရှိတယ်။ ကံတရားက မျက်နှာသာပေးခဲ့တုန်းက သူအရမယူနိုင်ခဲ့တာကို ခုချိန်ထိ တောက်တခတ်ခတ်နဲ့ ကြေကွဲမဆုံးဘူးဖြစ်နေတဲ့အကြောင်းတစ်ခု ရှိသေးတယ်။

အဲဒီနေ့က လကုန်ရက်ကြီး ။ သူ့လက်ထဲမှာ ထီက ဆယ်စောင်တွဲတစ်အုပ်ပဲရှိတော့တာ။ လကုန်ခါနီးဆိုရင် ဒီကောင်က ထီကို အကြွေးပတ်ရောင်းလေ့ရှိတော့ လက်ထဲမှာ ပိုက်ဆံက မရှိတဲ့အချိန် မိုးက အေးအေးနဲ့ အရက်ကလေးကသောက်ချင်လာတော့ အရက်ဆိုင်ကိုသွားပြီး အရက်ဆိုင်ပိုင်ရှင်ကို ထီတစ်အုပ်နဲ့ အရက်နဲ့ လဲသောက်ခဲ့တယ်။ ကံကောင်းတာလား ကံဆိုးတာလား မသိဘူး နောက်နေ့ ထီထွက်တော့ အဲဒီထီလက်မှတ်က သိန်း၅၀၀ ပေါက်သွားတယ်လေ။ ခုချိန်ထိ အဲဒီအကြောင်းပြန်ပြောတိုင်း ဒီကောင် ရင်နာလို့မဆုံးဖြစ်နေတာပေါ့။

ဒီလတော့ ကျနော်လည်း ဒီကောင့်ဆီမှာ ထီထိုးထားသေးတယ်။ အကြွေးထိုးထားတာဆိုတော့ ထီဖွင့်ရက်ကျရင် ဒီကောင် ကျနော့်ဆီ ဖုန်းဆက်လိမ့်မယ်။ အကြွေးတောင်းမလား ၊ ထီပေါက်တာအကြောင်းကြားမလားဆိုတာတော့ … ။ ။

ခြူးသစ်မောင်

နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#funny

Some text some message..