ကျွန်တော်နှင့် မြန်မာ့ဘောလုံး
lotaya.mpt.com.mm
|
2019-12-21



“တောက်….ဘောလုံးပွဲရှိပါတယ်ဆို ဂျူတီက ကျပြန်ပြီ”

“ဘာပွဲရှိလို့လဲ”

“မြန်မာပွဲ”

တစ်မြန်နေ့ ညနေခင်းက အမှတ်မထင် ကြားမိသော စကားလေးတစ်ခွန်း ။

“ဟေ့ကောင် ၊ဟိုနေ့ကတော့ မြန်မာပွဲကို ဒီတစ်သက်မကြည့်တော့ဘူးဆို”

“အေး…ဒီကောင်တွေကို ဒီတစ်ပွဲတော့ အခွင့်အရေး ပေးလိုက်မယ်။ နိုင်အောင်ကန်ရင် ကန်ပေါ့ကွာ ။မဟုတ်ရင် တကယ်ဒီတစ်သက် မကြည့်တော့ဘူး”

ဒါက ကြားနေကျ စကားများ။ အချိန်တန်ရင် တီဗွီရှေ့မှာ ပုဆိုးကြီး ရင်ခေါင်းစိုက်ဝတ်ပြီး ဖရုဿဝါစာ ပေါင်းစုံ ရွတ်ကာ လာအားပေးဦးမှာ။ မသိရင် ခက်လို့ ။သွေးက စကားပြောတယ်ဆိုသော စကားပုံကို ဒီနေရာမှာ သုံးရန်သင့်တော်ပါက သုံးပါမည်။ ထိုအစ်ကို နည်းတူ မောင်ပွတို့လည်း မြန်မာအသင်း ကန်ပြီး ဆိုပါက ဆဲဆိုကြိမ်းမောင်းကာ ရှုံးများ ရှုံးသွားလို့ကတော့ -

“နောက်တစ်ခါ မင်းတို့ပွဲကို ကြည့်မိရင် ကိုယ်ဘာသာကိုယ် ထုသတ်ပစ်မယ်”

“အလို ကြမ်းတယ်ညော်”

“ တကယ်ပြောနေတာ။ စောက်သုံးတစ်စက်မှ မကျဘူး။ တီဗွီသာ သုံးလေးထောင်လောက်နဲ့ ဝယ်လို့ရရင် ပြေးခွဲပြီးပြီ။ ဘောလုံးကန်နေတာပဲ အိုသေတော့မယ်။ ခုထိ ဘောလုံးအထိန်းအသိမ်းကအစ စုတ်ပြတ် နုံချာ ဘတ်လဘိုင်ကို လိုက်နေတာပဲ။ နောက်တစ်ခါ ဒင်းတို့ပွဲကြည့်မိရင် တကယ် ချီးတစ်လ မပါဘဲ နေပလိုက်မယ်”

“ကောင်းသားပဲ အိမ်သာ မလုရတော့ဘူးပေါ့”

“ငင်….ရှူးရှူးလေးတော့ ပေါက်ပျစေညော်”

ခက်တော့လည်း ခက်သည်။ မောင်ပွတို့က ဖြစ်နိုင်ရင် ကိုယ့်အသင်းကို ကမ္ဘာ့ဖလားတောင် ရစေချင်တာလား။ သို့ပေမဲ့ခမျာ အာဆီယံတွင်းတောင် ယက်ကန် ယက်ကန်။ ကိုယ်တွေကသာ တီဗွီရှေ့မှာ မိုးမွှန်းအောင် ဆဲနေတာ။ ကွင်းအတွင်း ကန်နေရတဲ့သူတွေမှာ ဘယ်လောက်တောင် စိတ်ဖိစီး ပင်ပန်းမလဲဆိုတာ ဘောလုံးကန်ဖူးတော့ ကိုယ်ချင်းစာ သည်။ ပရိသတ်တွေက ဒါကို မသိဘူးလားဆိုတော့ သိကြပါသည်။ သို့သော် မခံချင်စိတ်နှင့် ကိုယ်အသင်းသာအနိုင်ရစေချင်သော အတ္တ ပေါင်းစပ်မိသောအခါတွင်တော့ ခုနက နားလည်မှုများကား ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်ကြခြင်းပင်။ မောင်ပွသည်လည်း ထိုသူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်ပေသည်။ ခက်တာက မောင်ပွက သူများတွေထက် ပို၍ ရူးသည်။ မတော်တဆ နှပ်ချီး နှိုက်နေစဉ် မြန်မာအသင်း ဂိုးရသွားပါက -

“ဟ….နှပ်ချီးနှိုက်ရင် ဂိုးတယ်ဟ”

ဟု အပြောခံလိုက်ရသည်။ ဟုတ်လည်း ဟုတ်နေတာမို့ ဘာမှ ပြန်မပြောမိ။ တစ်ခေါက်က လေးနိုင်ငံ ဖိတ်ခေါ်ဖလားပွဲ ဗိုလ်လုပွဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ကန်တာ မြန်မာရှုံးနေစဉ် မောင်ပွ ကျူရှင်မှ ပြန်ရောက်လာသည်။ အိမ်တွင် အဖေနှင့် အစ်ကိုလုပ်သူတို့ ဆဲဆိုသံများက မိုးမွှန်နေပြီ။ မောင်ပွလည်း အိမ်တံခါးဖွင့်ဖွင့်ချင်း ရှူးဖိနပ် ချွတ်ရန် ဖိနပ်ချွတ်တွင် ဆောင့်ကြောင့် ထိုင်ချလိုက်သည်။ထိုစဉ်-

“ဂိုး…….”

“ဟာ..ဒီနေရာမှာ ဆောင့်ကြောင့်ထိုင်ရင် ဂိုးတယ်ဟ”

ဟု ပက်ပက်စက်စက်တွေးကာ ဖိနပ်ချွတ်သော နေရာတွင်ပင် ဆောင့်ကြောင့်ထိုင်ကာ အားပေးလေတော့သည်။ ပွဲကတော့ ပြီးခါနီးပြီ။ ဘင်္ဂလားဒေရှ်က ၂-၁ ဖြင့် နိုင်နေစဉ် မောင်ပွနားသို့ တစ်စုံတစ်ယောက် ရောက်လာလေသည်။ ကြည့်လိုက်တော့ အစ်ကို-

“ ဟေ့ကောင် ဟိုဘက်ကိုနည်းနည်းတိုး”

“ငင်….ဘာလုပ်ဖို့လဲ”

“ငါလည်း ဆောင့်ကြောင့်ထိုင်ပျစေ”

“ငင်”

သွားရှာပြီ။ သူလည်း မောင်ပွ မှိုင်းတိုက်တာ ခံလိုက်ရလေပြီ။ ကိုယ်အသင်း နိုင်စေချင်သဖြင့် လုပ်မိလုပ်ရာ လုပ်ကြခြင်းပင်။ တော်သေးသည်။ လောကနတ်ပုံစံ လုပ်နေစဉ် ဂိုးမသွင်းလို့ပေါ့။ တစ်ခါတစ်လေ မြန်မာအသင်း မကန်ခင် မောင်ပွ တစ်ယောက်တည်း စာအုပ်လှန်သည်။ လှန်မိသော စာမျက်နှာနံပါတ် နောက်ဆုံးဂဏန်းအား ကြည့်ခြင်းပင်။

“အကြီးကျရင် မြန်မာ အသင်းနိုင်၊ အသေးကျရင်ရှုံး ၊ဟပ်ချလောင်း…ငင်။ အသေးကြီးပါလား။ ရတယ်။ ဒါက အစမ်းလှန်တာ၊ ခုမှ အစိန်လှန်မယ်။ လာလေရော့ ။ ဟိုင်းယား….ငင်။ အသေးပဲ ထပ်ကျပြန်ပြီ။ ဟိုလေ..ဒီတစ်ခေါက်မှ တကယ်အစိန်၊ ဟိုင်းယား…ဟေး …အကြီးကျပြီ။မြန်မာနိုင်ပြီကွ”

စသည် စသည် အဓိပ္ပာယ်မဲ့ အပေါစားလုပ်ရပ်များကိုပြုလုပ်ခြင်း တစ်ဖုံ။

“အရှင်ဘုရား ၊တပည့်တော်သည် အဖေနှင့်အမေတို့၏ သားဖြစ်ပြီး ၊အဖေနှင့်အမေတို့မှာ တပည့်တော်၏ မိဘများဖြစ်ကြပါသည်။ ဤမှန်သော သစ္စာ စကားကြောင့် ဒီည မြန်မာအသင်း ယိုးဒယားကို ဂိုးပြတ်ဖုတ်နိုင်ပါစေ အရှင်ဘုရား”

စသည့်လုပ်ရပ်က တစ်မျိုး စသဖြင့် နိုင်ရာနိုင်ကြောင်း ဘက်ပေါင်းစုံက ကြိုးစားဖူးသည်။ ဆုတောင်းမပြည့်သည်က များ၏။ ဒီည မြန်မာအသင်း ရှုံးသွားသည်လား၊ ရတယ်။ နောက်နေ့တော့ မောင်ပွမှ ထိုအရှုံးကို လှလှပပ လက်စားပြန်ချေသည်။ ဘယ်လိုလုပ်လဲဆိုတော့ ဘောလုံးဖြင့် အိမ်နံရံကို ကန်သည်။ အုတ်နံရံနှင့်ထိပြီး ပြန်ထွက်လာသော ဘောလုံးကို ဖမ်းသည်။ ပါးစပ်ကလည်း ကြေညာသေးသည်။

“အခုဆို မြန်မာအသင်း ဘောလုံးရလာပြီ၊ ကန်ပြီဂိုး…”

အုတ်နံရံ ကန်ထွက်လာသော ဘောလုံးကို ဖမ်းမိနိုင်ပေမယ့် လွှတ်ပေးလိုက်သည်။ သည်တော့ မြန်မာဂိုးပြီပေါ့။ သို့သော် ဘောပွဲဆိုတော့ တစ်ဖက်သတ် ဖိထားလို့မရ ။ ဟိုဘက် အသင်းကလည်း ကန်သွင်းရဦးမည် မဟုတ်လား။

“အခုဆို ယိုးဒယားအသင်း ဆွဲလာပြီ ၊ ကိုင်တီဆတ်ရလာပြီ။ ကန်တယ်၊ မြန်မာဂိုးသမား အောင်ကျော်ကျော် ဖမ်းမိပါတယ် ခင်ဗျာ”

မိမှာပေါ့။ ကိုယ် ကန်ပြီး ပြန်ထွက်လာမယ့်နေရာ ဘယ်နေရာလဲဆိုတာ သိနေတာကိုး ။ သည်လိုနှင့် ယိုးဒယားအသင်းခမျာ မောင်ပွ၏ မြန်မာအသင်းကို ပက်ပက်စက်စက် အရှုံးပေးရလေတော့သည်။ မောင်ပွ လက်ထက် မြန်မာအသင်း ကမ္ဘာ့ဖလားတောင် ဘရာဇီးကို သိပ်ပြီး ဖလားယူလိုက်လေသည်။

“၁၉၉၄ ကမ္ဘာ့ဖလားချန်ပီယံ မြန်မာအသင်း ဖြစ်ပါတယ်ခင်ဗျာ”

စသည် ကြေညာကာ ကမ္ဘာ့ဖလားကြီးကို ကိုင်အမြှောက်-

“ဟဲ့ …မီးဖိုချောင်ထဲက ဓာတ်ဘူး ဘယ်ရောက်သွားသတုံး’’

“ငင်”

“ငင်…လက်စသတ်တော့ ဒီမှာကိုး။ နေပါဦး၊။ နင်က ဓာတ်ဘူးကြီး မြှောက်ပြီး ဘာလုပ်နေတာတုံး”

“ကမ္ဘာ့ဖလားလေ အမေ”

“ ငင်…ဘယ်လို”

“မြန်မာ့အသင်း ကမ္ဘာ့ဖလားရလို့လေ။ ဒါကြီးက ကမ္ဘာ့ဖလား”

သူ့သား အရူးအနှမ်း စရိုက်ကို သိပြီးဖြစ်သော အမေလုပ်သူကတော့ ဘာမှမပြော။

“ကဲ….ကဲ….ပြီးရင်လည်း အဲဒီ ကမ္ဘာ့ဓာတ်ဘူး၊ အဲလေကမ္ဘာ့ဖလားလေး အမေ့ကို ပြန်ပေးညော်”

“ငင်…..နေပါဦး၊ အမေကလည်း မြို့ထဲပတ်ပြီး အောင်ပွဲခံရဦးမယ်”

“ခွီး”

ဒါတွေက ငယ်ငယ်တုန်းက ကလေးအတွေးနဲ့မို့ လုပ်ခဲ့တာတွေ။ ကြီးလာတော့ ထိုအရူးချီးပန်းကွက်တွေ မနင်းတော့ ။ အတည်များသာ ကြံတော့သည်။

“ဟေ့ကောင် မောင်ပွ ၊ဘာပုဆိုးကြီး ဝတ်လာတာတုံး။ ဝါထိန်တောက်ပနေတာပဲ”

“ဒီနေ့ မြန်မာပွဲရှိတယ်လေ”

“အေးလေ …ငါသိတာပဲ။ ဒါနဲ့ ဒီပုဆိုး အဝါ တောက်တောက်ကြီးက ဘာလုပ်တာတုံး။ မင်းဟာက လူရွှင်တော်ဆင်ကြီး”

“ဟေ့ကောင် သေသေချာချာကြည့်၊ အဝါနောက်ခံမှာ အမည်းစက်လေးတွေပါတယ် တွေ့လား။ အမည်းနဲ့ အဝါဆိုတာ မလေးရှားအသင်းဝတ်စုံ ။ဒါ မလေးရှားကို နာမ်နှိမ်ထားတာ။ အောက်ပိုင်းမှာ ဝတ်ပြီးတော့”

“ငင်…အဲလို နာမ်နှိမ်ရင် မလေးရှား ရှုံးကောလား”

“ဟေ့ကောင် ကိုယ်တွေ့နော် ကိုယ်တွေ့ ၊ မယုံ မယုံရှိနဲ့။ ပုဆိုးအဖြစ်ဝတ်ရုံ မကဘူး။ ဟော့သလို နှပ်ချီးပါ သုတ်ဦးမှာ”

“ငင်…ဒါဆို ငါ့ဖေဖေဆီမှာလည်း အဲဒီပုဆိုး ရှိတယ်။ ငါလည်း သွားဝတ်ပျစေ”

“သွား သွား မြန်မြန်သွား”

ဘုန်းကြီးရူးနှင့် လှေလူး သွားတွေ့ကြခြင်းပင်။

“ဟေ့ကောင်…နေပါဦး၊ ဒါဆို ဘိုးဘိုးအောင် ဝတ်စုံ ပြေးဝတ်ရမလား မသိဘူးနော်”

ဒါကတစ်မျိုး။ နောက်တစ်ယောက်ကျတော့ နောက်တစ်မျိုး။

“ဟေ့ကောင် …ဒီကောင်ကြီးက အခုထိ ၂၃ နှစ်မပြည့်သေးဘူးထင်တယ်။ ရုပ်ကြီးကဖြင့် ကြမ်းထော်နေပြီ”

“မဟုတ်ပါဘူးကွ ။တောသားမို့ ရုပ်ကြမ်းတာနေမှာပါ”

“အာကွာ …ဒီကောင်က ဟိုတစ်နေ့ကတည်းက ဝင်ကန်နေတာ။ အဲဒီတုန်းက လည်း ၂၃ နှစ်အောက်ပဲ ၊ အခုလည်း ၂၃ နှစ်အောက်ပဲ။ ဧကန္တ အသက်မကြီးဆေးတွေများ စားထားလား မသိဘူနော်”

“ဖြစ်နိုင်တယ်၊ ငါတို့လည်း အဲဒီဆေးလေး သွားတောင်းရင် ကောင်းမယ် ထင်တယ်နော်”

“ရုပ်တွေကသာ ရင့်နေတာ၊ ကေတွေကတော့ အလန်းဟ”

“ဟေ့ကောင် လျှာမရှည်နဲ့ ၊ မြန်မာနိုင်ရင် ပြီးရော သူ့ဘာသာ သူ၂၃ နှစ်မကလို ဘိုးဘွားရိပ်သာက လူတွေ ထည့်ကန်ကန်နိုင်ရင် ပြီးတာပဲ”

“ငင်….”

နေ့တစ်နေ့ကိုတော့ အတော်လေး မှတ်မိသည်။ ထိုနေ့က မြန်မာက ဘဏ္ဍာအခွန်အသင်းနဲ့ ဗီယက်နမ်က ဒေါင်းသက် အသင်းတို့ ကန်ကြသောပွဲ။ မြန်မာ့မြေတွင် ဘဏ္ဍာအခွန်အသင်းက တင်မောင်ထွန်း သွင်းသော ဂိုးဖြင့် နိုင်သည်။ ပွဲလည်းပြီးရော မောင်ပွ အဖေက လက်ခုပ်ထတီးသည်။ အမေက သင်္ကြန်က ထကသည်။ အဖေက လက်ခုပ်တီးရုံနဲ့ အားမရ ။ ကွေးနေအောင် ကနေသော အမေ့အား ပြေးချီသည်။ မောင်ပွမှလည်း အမေ့အား ချီထားသောအဖေ့ကျောကို ပြေးခွကာ ကျောပိုးသည်။ အဖေ ဒယီးဒယိုင်ဖြစ်ကာ လဲကျသည်။ အမေ ခုံစောင်းနှင့် နှုတ်ခမ်းဆော့မိကာ နှုတ်ခမ်းကွဲ။ အဖေ ခါးမျက် ပုဆိုးကွဲ၊ မောင်ပွ မြီးညောင်ရိုးနာ၊ နောက်စိဖု ဒဏ်ရာများဖြင့် သားအမိသုံးယောက် ဘောလုံးလောကမှ တစ်ပတ်ခန့် အနားယူလိုက်ရသည်။ နောက်ပွဲများတွင်တော့ အမေ တီဗွီဘက် မျက်နှာမူကာ မကတော့။ မောင်ပွတို့ဘက်လှည့်ကာ ခါးထောက်ခြေထိုး ကဗျာလွတ်သာ ကတော့သည်။။ သြော်…အမေလည်းဘောလုံးဝါ သနာအိုးပေးပဲကိုး။

ဖြစ်သမျှပြောရရင် ကုန်နိုင်မယ် မထင်။ သို့သော် အဖြစ်အပျက်တိုင်း၏ ဦးတည်ချက်များကတော့ မြန်မာအသင်း နိုင်လိုစေကြခြင်းပင်။ ဘယ်လောက်ပဲ ဆဲဆို ဆဲဆို အချိန်တန်ရင်တော့ တီဗွီရှေ့ရောက်ကာ ကမ္ဘာ့မကြေ သီချင်းဆိုလျှင် ကြက်သီးထကြ စမြဲပင်။ ရှေ့လျှောက်လည်း မောင်ပွတို့ ဆဲဆိုရပါဦးမည်။ ပျော်ရွှင်စွာ ကရပါဦးမည်။ မျက်ရည်ဝဲကာ အံကြိတ်ရပါဦးမည်။

ကိုယ်တွေက မြန်မာ လူမျိုးပဲ မဟုတ်လား။

နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#funny

Some text some message..