လူလည်ကြီးသား ဘချော …
lotaya.mpt.com.mm
|
2020-01-11



သူတို့ရွာက ရွာလို့ဆိုပေမဲ့ မြို့နဲ့သိပ်မဝေးတဲ့နေရာဖြစ်သလို၊ မြို့ကလည်းမြို့လို့ဆိုပေမဲ့ နယ်မြို့လေးလောက်သာဖြစ်လို့ သူတို့ရွာက ခေတ်နည်းနည်းလေးနောက်ကျသည်လို့တော့ ဆိုလို့ရသည်။ ဒီတစ်ရွာလုံးမှာ ဆယ်တန်းအောင်တဲ့သူနှစ်ယောက်သာရှိသည်။ အဲဒီနှစ်ယောက်ကြောင့်ပဲ သူတို့ရွာကလေး ကသောင်းကနင်းဖြစ်ရသည်ဆိုလျှင် မှားနိုင်မယ်မထင်။ ဘာကြောင့်လည်းဆိုတော့ အဆိုပါဆယ်တန်းအောင်တဲ့သူနှစ်ယောက်သည် ဘချောရဲ့ အစ်မနှစ်ယောက်ဖြစ်နေခြင်းကြောင့်ပင်။ ဘချောကတော့ ခြောက်တန်းသုံးခါကျသောကြောင့် ကျောင်းဆက်မတက်တော့ပေမဲ့ ဒီကောင်က သူတို့လယ်ဗယ်တန်းထဲမှာတော့ နည်းနည်းလည်လည်ဝယ်ဝယ်ရှိသလို အကွက်ကျော်လည်းမြင်တတ်သည်။ နဂိုဗီဇလေးက လူလည်ဗီဇရှိရတဲ့ကြားထဲ မြို့ပေါ်မှာ သုံးနှစ်လောက်သွားနေဖူးလိုက်တော့ ပိုဆိုးသွားသည်။

ဘချောအစ်မနှစ်ယောက်က မြို့ပေါ်မှာ အဝေးသင်တက်ရင်းအလုပ်လုပ်မယ်ဆိုတော့ သူတို့အတွက် ယောက်ျားသားအဖော်က လိုလာသည်။ ဘချောအဖေနဲ့အမေကလည်း လယ်အလုပ်တွေရှိတာကြောင့် သူတို့နောက်ကိုမလိုက်နိုင်တဲ့အနေအထားမှာ လူပိုလိုဖြစ်နေတဲ့ ဘချောကို ထည့်လိုက်ဖို့ အကြောင်းဖန်လာသည်။

“ဟဲ့ ..အကောင် နင်ဟိုရောက်ရင် ငါတို့စကားနားထောင်ရမယ်နော်”

“စိတ်ချစမ်းပါဟ .. ငါက နင်တို့ကို ကာကွယ်ဖို့လိုက်ပေးတာ ပျော်လွန်းလို့လိုက်တယ်လို့ ထင်မနေနဲ့”

ဘချောက သေချာပေါက်လိုက်ရမယ်ဆိုတာသိနေတော့ လေသံက ခပ်မာမာ။ ဘချော အစ်မနှစ်ယောက်ခမျာလည်း မတတ်သာလွန်းလို့သာ ခေါ်သွားရမှာ စိတ်ထဲမှာတော့ ခပ်လန့်လန့် ဖြစ်နေတာအမှန်။ ဘချော မြို့ပေါ်မှာ သုံးနှစ်လောက်လိုက်နေမယ်ဆိုတဲ့သတင်းကြားတော့ တစ်ရွာလုံးက ပျော်ကြသည်။ ဒီလောက်ဆိုရင် ဘချောတစ်ယောက် ရွာမှာ ဘယ်လိုအနေအထားရှိမယ်ဆိုတာ ခန့်မှန်းမိကြမယ်ထင်သည်။ ဝမ်းနည်းနေတဲ့သူဆိုလို့ နှစ်ယောက်သာရှိသည် ဖိုးစီနဲ့ ငလုံး။ သူတို့က ရွာမှာ ဘချောကိုဆရာတင်ထားသည်။ အခုသူတို့ဆရာက သူတို့ကိုခွဲသွားမည်ဆိုတော့ မပျော်နိုင်ကြ။

“မင်းတို့ စောင့်ကြည့်လိုက် ငါပြန်လာရင် ဒီထက်ပိုကြမ်းပြီကွာ”

“ ဘာလို့လဲ ကွ”

“ ငါဗီဒီယိုတွေထဲမှာ ကြည့်ဖူးတယ် မြို့ပေါ်မှာ အနေကြာလာပြီး ရွာပြန်ရောက်လာရင် အဲဒီလိုကောင်တွေက ဆရာကြီးအထာတွေပဲလေကွာ နေပုံထိုင်ပုံ ဝတ်ပုံစားပုံကအစ ငါက ဒီရွာကကောင်တွေထက် တစ်ဆင့်မြင့်သွားမှာ”

“ အဲ …အဲဒါဆို မင်းက ပြန်လာရင် ငါတို့နဲ့ပေါင်းပါဦးမလား”

ငလုံး က မျက်နှာငယ်လေးနဲ့မေးတော့ ဘချောက ဝင်းဦးစတိုင် နှုတ်ခမ်းကို မပွင့်တစ်ပွင့်ပြုံးရင်း

“ ရေမြင့်ရင် ကြာတင့်တယ်ဆိုတဲ့ ကစားပုံလိုပဲ မင်းတို့လည်းငါ့အရှိန်နဲ့ ရွာထဲမှာ ဆရာကြီးဖြစ်မှာပေါ့ကွ”

ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ဘချောရဲ့ အပြောကြောင့် ဖိုးစီနဲ့ ငလုံးတို့ အနည်းငယ်တော့ စိတ်အေးသွားရသည်။

တကယ်တမ်း ဘချောတစ်ယောက် မြို့ပေါ်ရောက်တော့ မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့ဘူး။ သူထင်ခဲ့တာက မြို့ပေါ်ရောက်ရင် ကျော့ကျော့မော့မော့နေရမယ်ထင်ပေမဲ့ သူ့အစ်မအလတ်မက သူလုပ်တဲ့ ဖုန်းဆိုင်မှာ ဘချောကို သွင်းပေးလိုက်တော့ နည်းနည်းတော့ ပင်ပန်းသည်။ ဖုန်းအရောင်းဆိုင်ဆိုတော့သိတဲ့အတိုင်း ပိတ်ရက်ကနည်းတဲ့အပြင် အလုပ်ချိန်ကလည်းများတော့ မြို့ပေါ်ရောက်ရင် ဟိုနေရာဒီနေရာတွေလျှောက်သွားမယ်ဆိုတဲ့ ဘချောရဲ့ အတွေးတွေလည်း အားလုံးရေစုန်မျှောကုန်တာပေါ့။ ဒါပေမဲ့ တစ်ခုတော့ အမြတ်ထွက်သည် အဲဒါကတော့ ဘချောတစ်ယောက် ဖေ့စ်ဘွတ်အကောင့် ဖွင့်တတ်ခြင်းပင်။ ဒါကပဲ ဘချောအတွက်အကြီးမားဆုံးဆုလဘ်တစ်ခုဖြစ်နိုင်သည်။ သူရွာက ထွက်လာတုန်းက တစ်ရွာလုံးမှာ ဖုန်းလေးငါးလုံးလောက်သာရှိပြီး အဆိုပါဖုန်းတွေကလည်း ကီးပတ်ဖုန်းအများစုဖြစ်ပြီး ရွာသူကြီးဆီမှာသာ စကရင်ပြားကြီးကြီးဖုန်းတစ်လုံးရှိသည်။ ဘချော ရွာတွင် လူတွင်ကျယ်ပြန်လုပ်ဖို့အတွက် ဒီကနေပြန်ရင် ဖုန်းစကရင်ပြားကြီးကြီးတစ်လုံးတော့ ယူသွားဖို့လိုမည်။ အခုဆိုရင် ဖေ့စ်ဘွတ်အကောင့်မှာ ဖရန့်တွေလည်းအများကြီးရှိနေပြီ အီစီကလီကောင်မလေးတွေနဲ့လည်း ညတိုင်းနီးပါးချက်ဘောက်က စကားပြောဖြစ်နေသည်။ ရွာက မိန်းကလေးတွေထက် အပုံကြီးသာသည်ဟု ဘချောတစ်ယောက်ထင်မိသည်။

သုံးနှစ်အတွင်းမှာ ဘချော ရွာကို နှစ်ခေါက်လောက်သာပြန်ရောက်ဖြစ်သည်။ အခုတော့ အပြီးပြန်တော့မည်။

ဘချောရွာရောက်တော့ သူ့ကို အရင်ဆုံးလာတွေ့တာက သူ့တပည့်နှစ်ယောက်။

“ ဟေ့ကောင် .. မင်းအပြီးပြန်လာပြီပေါ့”

“ အေး …”

“ ဟာ … မင်းလက်ထဲက သူကြီးတို့အိမ်ကလို ဖုန်းကြီးပါလား .”

ငလုံးက တအံ့တဩ ထ အော်သည်။ ဘချောကတော့ ထီမထင်တဲ့ မျက်နှာပေးနဲ့

“ သူကြီးတို့ ဖုန်းထက်သာတယ်ကွ သူကြီးတို့ အိမ်က ဖုန်းမှာ ဖေ့စ်ဘွတ်မရှိဘူး ငါ့ဖုန်းထဲမှာ ဖေ့စ်ဘွတ်ရှိတယ်ကွ”

“ ဟေ .. ဘာတုန်းကွ ဖေ့စ်ဘုတ်ဆိုတာကြီးက ငါတစ်ခါမှမကြားဖူးဘူး”

ဘချောက ဖိုးစီကို အ လိုက်တာဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ပြီး

“ အဲဒါကို ဆိုရှယ်လစ်နက်ဝက်လို့ ခေါ်တယ်ကွ”

ဖိုးစီနဲ့ ငလုံးမှာ ပါးစပ်အဟောင်းသား။

“အေး…ဒီ ဖေ့စ်ဘွတ်ကြောင့် ဟောဒီရွာကြီးဟာ ကမ္ဘာကြီးဖြစ်သွားပြီကွ”

ဘချောတစ်ယောက် ကြားဖူးနားဝတွေနှင့် လှိမ့်ဖြီးနေတော့သည်။ ဘချောရဲ့ ဖုန်းထဲမှာ ဖေ့စ်ဘွတ်ရှိတဲ့ သတင်းက တစ်ရွာလုံးကိုပြန့်သွားတော့ ဘချောအိမ်ရှေ့မှာ လူတွေတော်တော်စည်ကားသွားသည်။ ဒါကို ဘချောကလည်း အခွင့်ကောင်းပဲဆိုပြီး

“ ခင်ဗျားတို့ ဖေ့စ်ဘွတ်ကြည့်ချင်တာကို နားလည်ပါတယ်ဗျာ .. ဒါပေမဲ့ ဒီဖေ့စ်ဘွတ် ကျနော့်ဖုန်းထဲရောက်ဖို့၊ ကျနော်ဒီလိုသုံးတတ်ဖို့ သုံးနှစ်ကြီးများတောင် (အစ်) ပညာကို လေ့လာဆည်းပူးခဲ့ရတာဗျ”

အမှန်တကယ် ဘချောပြောချင်တာက (IT) ပညာကို ဆိုလိုခြင်းဖြစ်သည်။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ ဘချောက တတ်ယောင်ကားဆိုတော့ကာ IT ကို အစ် လို့ အသံထွက်တယ်ထင်နေခြင်းဖြစ်၏၊

“လုပ်ပါ ဘချောရာ ငါဒီဖေ့စ်ဘွတ်ဆိုတာလေးကို မြင်ဖူးချင်လို့ပါ ဟိုကောင် ဖိုးစီ ပြောတာတော့ ဒီထဲမှာ ကောင်မလေးချောချောလေးတွေနဲ့ စကားပြောလို့ရတယ်ဆို”

“ဒါဆိုလည်း ကျနော်ခင်ဗျားတို့ကို သနားတဲ့အနေနဲ့ ပေးတော့ကြည့်မယ် အလကားတော့ မရဘူး”

“ ကဲ ..ပြောကွာ .. ငါတို့ ဘယ်လောက်ပေးရမလဲ”

“ တစ်နာရီကို တစ်ထောင်ပေးရမယ် ဒီထဲမှာရှိတာတွေ အကုန်ပြမယ် ကောင်မလေးလှလှလေးတွေနဲ့လည်း စကားပြောရမယ်”

“အေး ..ပေးမယ်ကွာ”

ဒီလိုနဲ့ ဘချောအိမ်ရှေ့မှာ လူတွေတန်းစီလို့။ ဖေ့စ်ဘွတ်သုံးဖို့အတွက်လေ။ တစ်ပတ်လောက်အတွင်းမှာ ဘချောလည်း ပိုက်ဆံတွေ တော်တော်ရသွားသည်။ ဒါပေမဲ့ ပြဿနာတစ်ခုတော့ရှိသည်။ အဲဒါကတော့ အကောင့်တစ်ခုတည်းကို လူပေါင်းများစွာ သုံးနေတာကြောင့် ချက်ဘောက်မှာ ကဘောက်တိ ကဘောက်ချာတွေ ဖြစ်နေခြင်းပင်။ ဖိုးစီက ဘချောကို ချက်ဘောက်က ကောင်မလေးတစ်ယောက်နဲ့ ချိတ်ခိုင်းသည်။ ဘချော ချိတ်ပေးလိုက်တာ အားလုံးအိုခေသည်။ ပြဿနာက ရွာထဲက တစ်နာရီတစ်ထောင်နဲ့ လာသုံးကြတဲ့ အောင်ကြည်နဲ့ ဇော်ကြီးကြောင့်ပင်။ အောင်ကြည်နဲ့ဇော်ကြီးက နှစ်ယောက်ပေါင်းပြီး တစ်နာရီသုံးမယ်ဆိုပြီး ကောင်မလေးတွေကို လိုက်ဟိုင်းသည်။ တစ်ရက်မှာတော့ ဖိုးစီနဲ့ စကားပြောအဆင်ပြေထားတဲ့ စာတွေကို အောင်ကြည် က တွေ့သွားသည်။ သူအရင်က အခြားကောင်မလေးတွေကို စကားသွားပြောတုန်းက ပြန်စာမလာခဲ့ပေမဲ့ ဒီအကောင့်နဲ့အပြန်အလှန်စကားပြောထားတွေတွေ့တော့ အောင်ကြည်က လှမ်းနှုတ်ဆက်ကြည့်သည်။ တစ်ဖက်က မိန်းကလေးခမျာမှာ ဒီအကောင့်က တစ်ရွာလုံးနီးပါးသုံးနေတယ်ဆိုတာကို မသိတော့ ဒီဘက်က စကားလာပြောရင် ပြန်လက်ခံပြီးစကားပြောတာပေါ့။

“ ဟိတ် ..ဘာတွေလုပ်”

“ ဒီလိုပါပဲ”

“စားပြီးပြီလား”

“အင်း”

“ ညီမလေး နာမည်ဘယ်လိုခေါ်လဲ”

“ ဟင် .. ဟိုတစ်ခါတုန်းက ပြောပြီးပြီလေ နောက်ပြီး အဲဒီတုန်းက ရှင်က ကျွန်မထက်ငယ်တယ်ဆို အခု ဘယ်လိုဖြစ်ပြီး ညီမလေး လာခေါ်နေတာတုန်း”

အဲဒီသတင်းကလည်း တော်တော်လေးပြန့်သွားသည်။ အောင်ကြည်လို့ပဲ ရွာထဲက လူပျိုကာလသားတွေတွင်မကပဲ အချို့လူကြီးပိုင်းတွေအားလုံး ဖိုးစီနဲ့အဆင်ပြေထားတဲ့ ကောင်မလေးအကောင့်ကိုပဲ ဝိုင်းပြီးစကားပြောကြသည်။

“ တူမကြီးရေ”

“ရှန်..”

“နေကောင်းရဲ့လားကွယ့်”

ဒါက တစ်မျိုး ..

“ မမ ကို သတိရနတော”

ဒါက တစ်ဖုံ …

“ကျနော်ကတော့ ခင်ဗျားကို သဘောကျနေပြီဗျာ”

ဒါက တစ်သွယ်။

ဆိုရရင် ဒီတစ်ကောင့်ထဲကိုပဲ စကားတွေဝိုင်းပြောနေကြတော့ တစ်ဖက်က မိန်းခလေးခင်ဗျာ ရူးချင်ချင်ဖြစ်လောက်စရာ။ ဒါပေမဲ့လည်း ဟိုကောင်မလေးခင်မျာ ဘချောအကောင့်မှာတင်ထားတဲ့ ကိုရီးယားမင်းသားပုံကို ဘချောပုံလို့ထင်နေပုံရပြီး သည်းခံကာ ဆက်လက်စကားပြောလေသည်။

“ ညီမလေးရေ …”

“ရှန် ..”

“အစ်ကိုကြီးတို့ အပြင်မှာတွေ့ကြရအောင်”

“ တကယ်လား အစ်ကိုကြီး ခစ်ခစ်”

အဆိုပါစာအား လူအယောက်နှစ်ဆယ်ထက်မနည်း တွေ့သွားတော့သည်။ ဘချောကတော့ ပိုက်ဆံတွေ လွယ်လွယ်ရနေတော့ ခပ်ပေါ့ပေါပင်သဘောထားသည်။ ညနေပိုင်းမှာတော့ ဘချောအိမ်ကို ရွာလူကြီးဦးဆောင်ပြီး ဖေ့စ်ဘွတ်သုံးနေကျဖောက်သည်များ တစ်ပြုံတစ်မကြီး ရောက်ချလာသည်။

“ ဘာ ..ဘာ ..ဖြစ်လို့လဲဟင်”

ရွာလူကြီးမှ

“ ဒီလိုဘချောရေ .. တို့ရွာနဲ့ စကားတွေပြောနေတဲ့ ကောင်မလေးက အခု တို့ရွာနဲ့ တွေ့ဖို့ ချိန်းလိုက်ပြီ”

“ဗျာ”

“အေး .. ဒီအပတ်တနင်္ဂနွေ ဒီမြို့ကိုလာခဲ့မယ်တဲ့ အဲဒါက ငါတို့ တစ်ရွာလုံးနီးပါးပဲဆိုပါတော့ကွာ သူနဲ့သွားတွေ့ကြမလို့ ပြီးတော့ သူနဲ့တွေ့ရင်ပေးဖို့ လက်ဆောင်တွေတောင်စီစဉ်ပြီးသွားပြီ”

“ဟာ … အဲလို ..မရ ..ရ”

“ တော်..တော့ ဘာမှမပြောနဲ့တော့ ဘချော ..မင်းမဖြစ်မနေလိုက်ခဲ့ရမယ် ဒါပဲ”

အေးမြတစ်ယောက် ရင်တွေခုန်နေမိသည်။ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မမြင်ဖူးမတွေ့ဖူးသော သူစိမ်းယောက်ျားလေးတစ်ယောက်နှင့် ချိန်းတွေ့ရတော့မှာကြောင့် ဖြစ်သည်။ ပရိုဖိုင်ထဲက ပုံအရဆိုရင်တော့ သူက လူချောပဲ။ နောက်ပြီး ဘချောဆိုတဲ့နာမည်နဲ့လည်းလိုက်ဖက်မှုရှိသည်ဟု အေးမြထင်သည်။ သူတို့မြို့နှင့်အနည်းငယ်ဝေးသည့်မြို့ဖြစ်တာကြောင့် သူငယ်ချင်းအဖော်တော့ ခေါ်လာရသည်။ ဘာပဲဖြစ်ဖြစ်မမြင်ဖူးမတွေ့ဖူးသည့် ယောက်ျားတစ်ယောက်အပေါ်အပြည့်အဝတော့မယုံရဲ။

ထိုစဉ် …

“ဟဲ့ ..ဟဲ့ ..ဟိုမှာ ထိုင်နေတာလေးမဟုတ်လား”

“ အေး ဟုတ်တယ်ဟေ့ … သူကြီးရေ .. ကောင်မလေးကိုတွေ့ပြီဗျ”

အေးမြ လန့်သွားသည်။ ထပဲပြေးရမလိုလို၊ ခုံအောက်ထဲပဲဝင်ပုန်းရမလိုလို နဲ့ ဘေးနားက ပါလာတဲ့သူငယ်ချင်းကလည်းကြောင်အမ်းအမ်းဖြစ်နေသည်။ အေးမြတို့ မြင်လိုက်ရသည့်မြင်ကွင်းက လူအစိတ်လောက်ရှိမည့် လူအုပ်ကြီးက အေးမြတို့ဆီ လက်ညှိုးထိုးပြီးရောက်လာသောကြောင့် ဖြစ်သည်။

“ ညီမလေး … အစ်ကိုကြီး ဖိုးစီလေ အစ်ကိုကြီး အသံကို မမှတ်မိဘူးလား”

“မမ .. ကျနော့်အသံကိုရော မှတ်မိလား”

“ဟေး …ကောင်မလေးက ဖုန်းထဲကထက်ပိုချောတယ်ဟ”

တစ်ယောက်တစ်ပေါက်နှင့် လူအစိတ်လောက် ဝိုင်းပြောကြတာဆိုတော့ တစ်ဆိုင်လုံးပွက်လောရိုက်သွားကြသည်။

“ တော်ကြပါတော့ ….”

အေးမြတစ်ယောက် လက်သီးဆုပ်ပြီး အသားကုန်အော်လိုက်တော့မှ အားလုံးငြိမ်သွားကြသည်။

“ရှင်တို့က ဘယ်သူတွေလဲ”

“ဖေ့စ်ဘွတ်ထဲမှာ မင်းနဲ့ ချိန်းထားတဲ့ ရွာ ကလေ”

“ အာ…ဘယ်ရွာနဲ့ ကျမ က ချိန်းရမှာတုန်း”

“ဖေ့စ်ဘွတ်မှာလေ တနင်္ဂနွေနေ့တွေ့မယ်လို့ ချိန်းထားလို့ လာကြတာလေ”

“ဟင် .. ကျမ ချိန်းတာ ကိုဘချောနဲ့လေ”

“ အေးလေ .. ဘချောဆိုတာ ငါတို့တစ်ရွာလုံးလေ”

အံ့ဩခြင်း၊ မယုံကြည်နိုင်ခြင်း၊ နားမလည်နိုင်ခြင်း၊ အူကြောင်ကြောင်နိုင်ခြင်းတို့ကို အေးမြတစ်ယောက် တစ်ပြိုင်ထဲခံစားလိုက်ရ၏။

“ ကျမ ကို နားလည်အောင် ရှင်းပြကြပါဦး …”

နောက်ဆုံးမှာ ကုပ်ကုပ်လေးပါလာတဲ့ ဘချောက ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်ရတော့သည်။

“ ဒါဆို ကျမ နဲ့ စကားပြောတာ ဒီလူတွေအကုန်လုံးပေါ့”

တစ်ရွာလုံးပြိုင်တူ ခေါင်းငြိမ့်လိုက်ချိန် အေးမြနဲ့ပါလာတဲ့ အဖော်က ပြုံးစိစိနဲ့ထပြောသည်။

“နင့်အဖြစ်ကလည်းနော် တစ်ရွာလုံးသုံးတဲ့အကောင့်နဲ့မှ အီစီကလီဖြစ်ရတယ်လို့”

အဲဒီအကြောင်းကိုပြန်ပြောတိုင်း ဘချောက အမြဲပြောလေ့ရှိတာက

“ မင်းတို့ အခုမှ ဖေ့စ်ဘွတ်ဆို နှစ်ယောက်တစ်ကောင့်သုံးတာတွေနဲ့ ပြဿနာတက်နေကြတာ ငါ့အကောင့်ဆို တစ်ရွာလုံးသုံးတာကွ”

တစ်မူထူးခြားလှပါပေသည်။

ခြူသစ်မောင်


#funny

Some text some message..