ခေတ်ပညာတတ်ဟန်ရှိတဲ့ ရုပ်ရည်သန့်သန့်နဲ့ လူငယ်တစ်ယောက် ရပ်ကွက်ဘုံဆိုင်အတွင်းသို့ ဝင်လာသည်။ သူ့လက်ထဲက ကိုင်ထားတဲ့ ကားသော့နဲ့ ဟန်းဆက်မှအားမနာ သူဝင်လာတဲ့ ဆိုင်နဲ့ ဘယ်လိုမှမအပ်စပ်လှ။
“အရက်ဘယ်လိုရောင်းလဲ”
မေးပုံကလည်း အရက်သောက်နေကြဟုတ်ဟန်မတူ။ တစ်ဆိုင်လုံးက အရက်သမားတွေအကုန်လုံး စိတ်ဝင်တစားလိုက်ကြည့်ကြသည်။ ပြီးတော့ တော်တော်လေးလည်းအံ့ဩနေကြသည်။ ဘာဖြစ်လို့လည်းဆိုတော့ အခုအရက်ဆိုင်ထဲကိုဝင်လာတဲ့သူက အရက်လုံးဝမသောက်တတ်သလို ဖေ့စ်ဘွတ်ပေါ်တက်ပြီး အရက်သမားအမှားတစ်ထောင်ဆိုတဲ့ ဆောင်းပါးရှည်ကို အခန်းဆက်နဲ့ရေးနေတဲ့သူတစ်ယောက်လေ။ အခု သူက ရက်ကွက်ဘုံဆိုင်ထဲလာပြီး အရက်လာသောက်တယ်ဆိုတော့ ဆိုင်ထဲကလူတွေအံ့ဩသွားကြတာမထူးဆန်းဘူး။
“အမြည်းဘာရလဲ”
“ဆရာ ဘာစားချင်လဲ”
နနွင်းမှုန်းအရည်ဖျော်နဲ့ ကြည်သွန်ဖြူ”
“ဟင် ..”
“မရဘူးလား”
“ရတယ်”
မှာထားတာတွေရောက်လာတော့ အဆိုပါလူငယ်က အရက်ကိုတစ်ရှိန်ထိုးမော့ချလိုက်သည်။ ပြီးတော့ ကြည်သွန်ဖြူကို အခွံတောင်မခွာဘဲ ကိုက်ဝါးလိုက်၏။ နနွင်းမှုန့်ဖျော်ရည်ကိုလည်း တစ်ကျိုက်ထဲမော့ချလိုက်သည်။ သူလုပ်နေတာတွေကိုကြည့်ပြီး တစ်ဆိုင်လုံးက အရက်သမားတွေ ဘယ်လိုမှနားမလည်နိုင်ကြ။
“ ဆိုင်ရှင်”
“ ဘာလိုသေးလို့လဲ”
“ ကျနော့်ကို မီးဖိုပေးလို့ရမလားလို့”
“ဗျာ”
“ဒီနားလေးမှာ မီးဖိုပေးလို့ရမလားလို့”
“ မီးသွေးနဲ့ဆိုရင်တော့ ရပါတယ်”
“အိုခေဗျာ ကျသလောက်ပေးမယ် ဖိုပေး”
ထိုသို့ပြောလိုက်ပြီး လူငယ်က သူ့ကျောပိုးအိတ်ထဲက ခပ်ထူထူစောင်တစ်ထည်ကိုထုတ်လိုက်ပြီး ကောက်ခြုံလိုက်သည်။ ဘယ်သူမှ စဉ်းစားလို့ဥာဏ်မမီနိုင်လောက်အောင်ကို သူ့ရဲ့ အပြုအမူတွေက ထူးခြားလွန်းနေသည်မဟုတ်ပါလား။ ပြီးတော့ လူငယ်က ဆိုင်ထဲကို ဝေ့ကြည့်လိုက်ပြီး
“ ခင်ဗျားတို့လည်း မီးလာလှုံကြလေ”
“ ဟင် … နေ့ခင်းကြောင်တောင်ကြီး မလှုံပါဘူး”
“ အော် .. ခက်ပြီ .. ခင်ဗျားတို့ သတင်းလေးဘာလေးနားမထောင်ကြဘူးလား”
“ ဘာသတင်းတုန်း”
“ ဟာဗျာ ..ဒီလောက်နာမည်ကြီးနေတဲ့ ဗိုင်းရပ်သတင်းတောင် ခင်ဗျားတို့မသိဘူးလား”
“ အဲဒီ ဗိုင်းရပ်နဲ့ မီးလှုံတာနဲ့ ဘာဆိုင်လို့တုန်း”
လူငယ်က အားလုံးကို သနားတဲ့ မျက်လုံးနဲ့ ကြည့်လိုက်ရင်း
“ အခုနာမည်ကြီးနေတဲ့ ဝူဟန် ဗိုင်းရပ်က သိပ်ကြောက်ဖို့ကောင်းတယ်ဆိုတာ ခင်ဗျားတို့သိလား”
လူငယ်က အတည်ပေါက်ကြီးနှင့် အဲဒီလိုပြောတော့ တစ်ဆိုင်လုံးစိတ်ဝင်သွားကြသည်။
“ အဲဒီ ဗိုင်းရပ်က အခုဆိုရင် နိုင်ငံပေါင်းတော်တော်များများကို ရောက်နေပြီ မကြာခင် မြန်မာနိုင်ငံကိုလည်း လာတော့မှာ”
တစ်ယောက်က ထ ပြောသည်။
“ အဲဒီ ဗိုင်းရပ်ကို ငါတို့က သွားကြိုရမှာလား”
“ဟာ … အဲလို သွားကြိုရင် သေသွားမှာပေါ့”
“ ဘာလို့တုန်း …”
“ဗိုင်းရပ်ဆိုတာ ကူးစက်ရောဂါပိုးကိုပြောတာဗျ”
လူငယ်က သေချာရှင်းပြသည်။ အခုတလော နာမည်ကြီးနေသည့် ဗိုင်းရပ်ပိုးမှာ ဝူဟန်ဗိုင်းရပ်ပိုးဖြစ်ကြောင်း၊ ဒီပိုးကိုသတ်ဖို့အတွက် အရက်၊ ကြက်သွန်ဖြူ၊ အပူချိန်မြင့်မားမှ ရမယ်လို့ စာတွေဖတ်ရကြောင်း၊ ဒါကြောင့် အခုလို အရက်ဆိုင်ထဲမှာ ဗိုင်းရပ်လာပြီး ကာကွယ်တာဖြစ်ကြောင်း ရှင်းပြလိုက်တော့မှ တစ်ဆိုင်လုံးသဘောပေါက်သွားကြတော့သည်။
“ဒါဆို ငါတို့ အရက်သမားတွေကို ဒီဗိုင်းရပ်မကူးနိုင်ဘူးပေါ့”
“ဒါပေါ့ဗျ”
“ကဲ … လာ ချီးယား”
အဲဒီမှာတင် အရက်ဆိုင်ပိုင်ရှင်က ဒီလို စဉ်းစားမိ၏။
“အင်း …ငါ နောက်နေ့က စ ပြီး မီးသွေးတွေ၊ နနွင်းမှုန့်တွေ၊ ကြက်သွန်ဖြူတွေ ဦးစားပေးဝယ်ရမယ် ဒါမှ ငါ့ဆိုင်ရောင်းအားတက်မှာ”
အဆိုပါသတင်းသည် တစ်စစနှင့် တစ်ရပ်ကွက်လုံးကို ပြန့်နှံ့သွားသည်။ အရက်တွေ၊ ကြက်သွန်ဖြူတွေ တစ်ဟုန်ထိုးဈေးတက်သွားသည်။ ဒီသတင်းကို စဖြန့်တဲ့ လူငယ် ကလည်း သုံးလေးရက်လောက်သာ အရက်ဆိုင်သို့ပုံမှန်လာပြီး နောက်ပိုင်းမလာတော့။ ဒါပေမဲ့ သူမလာတော့ပေမဲ့ ရပ်ကွက်ထဲမှာတော့ အနေအထားတွေက ပြောင်းလဲသွားသည်။ မနက်မိုးလင်းတာနဲ့ လူတွေက လက်ဖက်ရည်ဆိုင်မသွားကြတော့။ အရက်ဆိုင်သို့သာ ချီတက်ကြသည်။ အမျိုးသမီးတွေက အိမ်မှာ နနွင်းမှုန့်ဖျော်ရည်သောက်ပြီး မီးလှုံကြသည်။ နောက်တော့ ရပ်ကွက်ထဲကလူတွေရဲ့ အသားအရေက ဝါထိန်လာသည်။ ယောက်ျားမှန်သမျှ အရက်သောက်တတ်သွားသည်။ ပိုဆိုးတာက နေပူပူကြီးထဲမှာ အင်္ကျီလက်ရှည်၊ ဘောင်းဘီအရှည်တွေဝတ်ပြီး အပေါ်က စောင်က ပတ်ထားသေးသည်။ အချို့ကျတော့ ဦးထုပ်ပါဆောင်းပြီး ကောင်းဘွိုင်စတိုင်လ်ဖမ်းထားလိုက်သည်။ ခါးကြားမှာတော့ သေနတ်မဟုတ်ဘူး ကြက်သွန်ဖြူဥရယ်၊ နနွင်းမှုန့်အရည်ဖျော်ပြီး ဗူးထဲထည့်ကာ ချိတ်ထားကြသည်။
အနေအထားကတော့ အမေရိကန်ကောင်းဘွိုင်ကားတွေထဲက စတိုင်လ်မျိုးပဲ။ နောက်တိုးသတင်းအရ မျက်နှာအုပ်တဲ့ Mask နဲ့ဆိုတော့ ပိုတောင်ဂေါ်သွားသေး၏။ ဘာပဲပြောပြောအရက်ဆိုင်ပိုင်ရှင်တွေ၊ ကုန်စုံဆိုင်ပိုင်ရှင်တွေကတော့ ဝူဟန်ဗိုင်းရပ်ကို ကျေးဇူးတင်နေကြပြီး လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေကတော့ ဝူဟန်ဗိုင်းရပ်ကို အမုန်းကြီးမုန်းနေကြသတဲ့။ ။
ခြူသစ်မောင်
နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။