အရေပြားယားနာအကြောင်း
healthcare.com.mm
|
2020-02-22


ယားနာဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ခံစားရပါသလဲ။ အဓိကလက္ခဏာက အရေပြားယားယံခြင်းပါ။ ယားတော့ကုတ်မိတယ်။ ကုတ်တော့ အရေပြား ရောင်ရမ်းလာတယ်။ ရောင်ရမ်းမှုဟာ အရေပြားမှာ ပိုယားယံစေပါတယ်။ ယားနာအကွက်ကိုကြည့်ရင် နီရဲပြီး အဖတ်ကွာနေတဲ့ ပုံစံမျိုး၊ အဖုသေးသေးလေးတွေ စုဝေးနေတဲ့ ပုံစံမျိုး၊ သားရေလို ထူနေတဲ့ ပုံစံမျိုး၊ အရည်ထွက် အဖတ်ကွာပြီး အနာဖေးတက်နေတဲ့ ပုံစံမျိုးတွေနဲ့ မြင်ရလိမ့်မယ်။ လသားကလေးငယ်တွေမှာ ယားနာစဖြစ်ရင် ဘယ်လိုပုံစံလဲဆိုတာ ပြောပြပေးပါ။ ယားနာဖြစ်ချင်ရင် ကလေးအသက် တစ်လခွဲ၊ နှစ်လလောက်ကနေစပြီး မျက်နှာ၊ ပါးလိုနေရာတွေမှာ အနီကွက်ပေါ်လာပြီး အေတိုးပစ်ယားနာ စဖြစ်တတ်ပါတယ်။ အရပ်အခေါ် နို့ပွေးလို့ခေါ်ကြတာပါ။ ပိုဆိုးတဲ့အခါ ပိုမိုနီရဲလာပြီး အဖတ်ကွာလာတယ်။ နဖူး၊ ခေါင်းတွေအထိ ပျံ့တတ်တယ်။ ကလေးပါးစပ်က သွားရည်ကြောင့်လည်း ယားနာပိုဆိုးစေတတ်တယ်။ ကလေးအများစုမှာ နှစ်နှစ်သားအရွယ်မတိုင်မီ ယားနာပြန်ပျောက်သွားလေ့ရှိတယ်။ ကံဆိုးသူ တချို့ကတော့ ကလေးကြီး၊ လူကြီးဘဝအထိ ယားနာဆက်ဖြစ်ကြတယ်။ ကလေးငယ်ထိပ်မှာ အဖတ်တွေ ကပ်နေသလို ဖြစ်တတ်တာကရော ဘာလဲ။ လသားကလေးရဲ့ ငယ်ထိပ်မှာ အဖတ်ကွာတဲ့ ယားနာရှိတယ်။ သူက စီဘောရစ်အဆီယားနာ (Seborrhoeic Eczema) ပါ။ အဝါရောင် အဆီဖတ်လိုဟာတွေ ငယ်ထိပ်မှာ ဖြစ်နေတာပါ။ ရှစ်လ၊ တစ်နှစ်သားလောက် အရွယ်ရောက်ရင် ကုစရာမလို ပြန်ပျောက်သွားလေ့ရှိတယ်။ စိတ်ပူစရာမရှိပါဘူး။ ကလေးကြီးမှာရော ယားနာက ဘယ်လိုပုံစံမျိုးနဲ့ တွေ့ရပါသလဲ။ အသက်နှစ်နှစ်ကျော်လာတဲ့ ကလေးကြီးတွေမှာ ယားနာအကွက်က တံတောင်ဆစ်တွေ၊ တံကောက်ကွေး၊ ပါးစပ်တစ်ဝိုက်၊ လည်ပင်း၊ လက်ဖျံ၊လက်မောင်းနဲ့ လက်ဖဝါးတွေမှာ နေရာပြောင်းပြီးဖြစ်သွား တတ်ပါတယ်။ အေတိုးပစ်ယားနာနဲ့ ကလေးဟာ အစားအစာ ဓာတ်မတည့်တာလည်း ဖြစ်တတ်တယ်။ အများဆုံးက မြေပဲ၊ နို့နဲ့ အခွံမာသီးတွေပါ။ ဒါပေမဲ့ အကြံပေးချင်တာက အစာ အလာဂျီဆိုတာ မသေချာဘဲနဲ့ အစာရှောင်တာ မလုပ်ဖို့ပါ။ လူကြီးတွေနဲ့ ယားနာအကြောင်းလည်း ရှင်းပြပါ။ လူကြီးတွေမှာတော့ ယားနာအကွက်ဟာ လက်ဖဝါး၊ တံတောင်ဆစ်နဲ့ အခြားကွေးဆန့်တဲ့ နေရာတွေမှာ အများဆုံးဖြစ်ပါတယ်။ ပြောရရင် အရေပြား ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ဒူး၊ ပေါင်၊ လည်ပင်း၊ ရင်ဘတ်နဲ့ မျက်ခွံလို နေရာမျိုးတောင် ယားနာဖြစ်တတ်တယ်။ ကလေးဘဝကတည်းက ယားနာဖြစ်ခဲ့ရင် လူကြီးဖြစ်တဲ့ အခါမှာလည်း အသားခြောက်၊ အဖတ်ကွာ၊ အရေထူအရောင်ပြောင်းတဲ့ ယားနာတွေ ဆက်ဖြစ်တတ်သေးတယ်။ ဒါတွေကို နှင်းခူလို့ ပြောင်းခေါ်ကြတာပေါ့။ ဘယ်လိုလူတွေ ယားနာဖြစ်တတ်ပါသလဲ။ အေတိုးပစ်ယားနာနဲ့ နှာချေလွယ်တာ၊ ရင်ကျပ်ပန်းနာရောဂါတွေ ဆက်စပ်မှုရှိတယ်။ မိဘတွေမှာ ဒီလိုရောဂါတွေရှိရင် ကလေးမှာ ယားနာဖြစ်ဖို့ အခွင့်အလမ်းပိုများတယ်။ အေတိုးပစ်ယားနာဖြစ်တဲ့ ကလေးတွေ နောက်ပိုင်းမှာ ရင်ကျပ်ရောဂါဖြစ်ပွားတာလည်း မကြာခဏ တွေ့ရတတ်ပါတယ်။ Credit : ဒေါက်တာစိုးဝင်းဦး သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


#ယားနာ
#အဖတ်
#အရေပြား
#ငယ်ထိပ်
#အကွက်

Some text some message..