
အတွင်းတိမ် ဆိုတာဘာလဲ
ရေးသားသူ Dr. Htet Htet Zaw Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
အတွင်းတိမ် ဆိုတာ မျက်လုံးမှာရှိတဲ့ မှန်ဘီလူးဝါးသွားတာပါ။ ဒါကြောင့် အတွင်းတိမ် ရှိတဲ့သူတွေက ဘယ်ကိုပဲကြည့်ကြည့် မြူကျနေသလိုပါပဲ။ ဒီလိုမြင်နေရတဲ့အတွက် စာဖတ်ရခက်တာ၊ ကားမောင်းရခက်တာ (အထူးသဖြင့်ညဘက်မှာ)၊ လူတွေကို ကောင်းကောင်းမမြင်ရတာတာတွေ ဖြစ်တတ်ပါတယ်။ အတွင်းတိမ်တော်တော်များများက တဖြည်းဖြည်းချင်းဖြစ်လာပြီး စစချင်းမှာတော့ အမြင်မဝါးသေးပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ပိုပြီးဝါးလာမှာပါ။ ကြည့်မရအောင်ဝါးနေပြီဆိုရင်တော့ ခွဲစိတ်မှုလုပ်ဖို့လိုပါမယ်။
ဘာကြောင့် အတွင်းတိမ် ဖြစ်တာလဲ။
အသက်ကြီးလို့ပဲဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာရလို့ပဲဖြစ်ဖြစ် မျက်လုံးမှန်ဘီလူးရဲ့ တစ်ရှူးတွေက ပျက်စီးလာပါတယ်။ တချို့သော မျိုးဗီဇဆိုင်ရာပြဿနာတွေကလည်း အတွင်းတိမ် ဖြစ်နိုင်ချေကို မြင့်စေပါတယ်။ အရင်က မျက် လုံးခွဲစိတ်မှုလုပ်ဖူးတာ၊ ဆီးချိုရောဂါရှိတာ၊ စတီးရွိုက်တွေကို ရေရှည်သုံးတာကလည်း အတွင်းတိမ်ကို ပိုဖြစ်စေပါတယ်။
အသက်ကြီးလာတာနဲ့အမျှ မျက်လုံးမှန်ဘီလူးက ပိုမာလာတယ်၊ ပိုထူလာတယ်၊ ပိုမှုန်လာပါတယ်။ အသက်ကြီးလာလို့ပဲဖြစ်ဖြစ်၊ တခြားရောဂါတစ်ခုခုရှိလို့ပဲဖြစ်ဖြစ် မှန်ဘီလူးမှာရှိတဲ့ တစ်ရှူးတွေပျက်စီးပြီး မှန်ဘီလူးမှာ တိမ်ထူသလိုဖြစ်ပါတယ်။ ဒီအတိုင်း ဆက်ဖြစ်မယ်ဆိုရင် တိမ်ထူသလိုဖြစ်တာက ပိုပိုပြီး ကြီးလာမှာပါ။ မှန်ဘီလူးကိုဖြတ်ပြီး ကြည့်ရတာဖြစ်တဲ့အတွက် မှန်ဘီလူးဝါးနေရင် ဘာကိုမှ ကောင်းကောင်းမြင်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် အမြင်ဝါးလာတာပါ။ အတွင်းတိမ်က မျက်လုံးနှစ်လုံးလုံးမှာဖြစ်နိုင်ပါတယ်။ တစ်ပြိုင်နက်တည်းဖြစ်ခဲပါတယ်။ တစ်ပြိုင်နက်တည်းဖြစ်ရင်တောင်မှ တစ်လုံးနဲ့ တစ်လုံးအနုအရင့်မတူတဲ့အတွက် တစ်ဖက်က နောက် တစ်ဖက်ထပ်ပိုဝါးနေမှာပါ။
အတွင်းတိမ် ဘယ်နှစ်မျိုးရှိသလဲ။
အတွင်းတိမ် (၄)မျိုးရှိပါတယ်။ မှန်ဘီလူးအလယ်မှာဖြစ်တဲ့ nuclear cataracts မှန်ဘီလူးအစွန်းတွေမှာဖြစ်တဲ့ cortical cataracts မှန်ဘီလူး နောက်ကျောမှာဖြစ်တဲ့ posterior subcapsular cataracts မွေးရာပါအတွင်းတိမ် congenital cataracts
အတွင်းတိမ်က အသက်ကြီးတဲ့သူတွေမှာပဲ ဖြစ်တာမဟုတ်ပါဘူး။ မွေးပြီးပြီးချင်းဖြစ်တဲ့ မွေးရာပါအတွင်းတိမ်လည်းရှိသလို ထိခိုက်ဒဏ်ရာရလို့၊ တခြားကျန်းမာရေးပြဿနာတစ်ခုခုရှိလို့ အတွင်းတိမ်ဖြစ်တာလည်း ရှိပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် တူညီတာက မြူဆိုင်းနေသလိုအမြင်မှုန်ဝါးတာရယ်၊ မမြင်ရအောင်ဝါးနေပြီဆိုရင် ချက်ချင်းကုသဖို့လိုတာပဲ ဖြစ်ပါတယ်။
ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။ အသက်ကြီးတဲ့သူတွေ ဆီးချိုရှိတဲ့သူတွေ နေပူထဲသွားတဲ့သူတွေ ဆေးလိပ်သောက်တဲ့သူတွေ အဝလွန်တဲ့သူတွေ သွေးတိုးရောဂါရှိတဲ့သူတွေ အရင်က မျက်လုံးထိခိုက်ဖူးတာ၊ ရောင်ရမ်းတာ အရင်က မျက်လုံးခွဲစိတ်ဖူးတဲ့သူတွေ စတီးရွိုက်တွေ ရေရှည်သုံးတဲ့သူတွေ အရက်အများကြီးသောက်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။
အတွင်းတိမ်ရဲ့လက္ခဏာတွေကဘာလဲ။ အမြင်ဝါးတာ၊ မြူကျသလိုမျိုးမြင်ရတာ ညဘကျဆိုပိုဆိုးတာ အလင်းစူးစူးမခံနိုင်တာ စာဖတ်ဖို့၊ အလုပ်လုပ်ဖို့ သူများထက် အလင်းပိုလိုတာ အလင်းဖြာသလိုမျိုးမြင်ရတာ မျက်မှန် ဒါမှမဟုတ် မျက်ကပ်မှန်ခဏခဏ ပြန်ချိန်ရတာ ဝါကျင်ကျင်မြင်ရတာ အမြင်နှစ်ထပ်မြင်ရတာ
ဘယ်လိုကုသနိုင်လဲ။
တချို့က မျက်မှန် ဒါမှမဟုတ် မျက်ကပ်မှန်တပ်ပြီး အဆင်ပြေသွားကြတာလည်းရှိပါတယ်။ မသက်သာဘူး၊ နေ့စဉ်အလုပ်မလုပ်နိုင်လောက်အောင် မမြင်ရဘူးဆိုရင် ခွဲစိတ်ဖို့လိုနေပါပြီ။ မှုန်နေတဲ့ မှန်ဘီလူးကို လူလုပ်မှန်ဘီလူးအသစ်နဲ့ ခွဲစိတ်ပြီး လဲပေးတာပါ။ ၉၅ရာခိုင်နှုန်းကတော့ ခွဲစိတ်ပြီးရင် ကောင်းကောင်းပြန်မြင်ရပါတယ်။
ကာကွယ်လို့ရလား။
အတွင်းတိမ်ကို မဖြစ်အောင်ကာကွယ်လို့မရသလို ဖြစ်ပြီးသားကိုလည်း ပိုမဆိုးအောင်လည်း လုပ်လို့မရပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေကို လျှော့ချလို့ ရပါတယ်။ စောစောသိအောင် လုပ်လို့လည်းရပါတယ်။ ဒါတွေကတော့ မျက်လုံးကို ပုံမှန်စစ်ဆေးပါ။ ဒီလိုပုံမှန်စစ်ဆေးတာက အတွင်းတိမ်အပါအဝင် တခြားသော မျက်လုံးရောဂါတွေကို စောစောသိနိုင်ပါတယ်။ ဘယ်နှစ်နှစ်အကြာ တစ်ခါစစ်ရမလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ဖြတ်ဖို့နည်းလမ်းကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ တခြားရောဂါတစ်ခုခု (ဥပမာ ဆီးချိုရောဂါ)ရှိနေရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ရောဂါကို သေချာကုသပါ။ လတ်ဆတ်တဲ့အသီးအရွက်တွေ စားပါ။ သူတို့မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ မျက်လုံးအားကောင်းစေတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါပါတယ်။ နေကာမျက်မှန်တပ်ပါ။ နေရာင်ခြည်မှာပါတဲ့ UVကအတွင်းတိမ်ကိုဖြ စ်စေပါတယ်။ ဒါကြောင့် UVBကို ကာကွယ်နိုင်ဖို့ အပြင်ထွက်ရင် နေကာမျက်မှန်တပ်ပါ။ အရက်လျှော့သောက်ပါ။ အရက်အလွန်အကျွံသောက်တာက အတွင်းတိမ်ကို ဖြစ်စေပါတယ်။