နို့နှင့်ဓာတ်မတည့်သော ရောဂါဟူသည် နို့နှင့် နို့ထွက်ပစ္စည်းများတွင် ပါဝင်သော လက်တို့စ် (Lactose) ဓာတ်ကို အစာအိမ်က မခြေဖျက်နိုင်သော ရောဂါဖြစ်သည်။ လက္ခဏာများ - လေလည်ခြင်း - ဝမ်းသွားခြင်း - ဗိုက်ထဲတွင် လေပွခြင်း - ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း - ဗိုက်ထဲမှ တဂွီဂွီမြည်ခြင်း - မအီမသာဖြစ်ခြင်းစသော လက္ခဏာများကို နို့နှင့် နို့ထွက်ပစ္စည်းများကို စားပြီး နာရီပိုင်းအတွင်းတွင် တွေ့ရတတ်သည်။ စားလိုက်သော lactuose ပမာဏကို မူတည်၍ ရောဂါလက္ခဏာအပြင်းအပျော့ ကွာတတ်သည်။ အချို့လူများတွင် နို့ထွက်ပစ္စည်းများစွာစားမှ ဖြစ်တတ်သော်လည်း အချို့တွင် အနည်းငယ်မျှစားသည်နှင့် ဖြစ်နိုင်သည်။ ဖြစ်ပွားရသော အကြောင်းရင်းများ နို့နှင့် ဓာတ်မတည့်ခြင်းမှာ နို့တွင်ပါဝင်သော lactose ကို ချေဖျက်ပေးသော အစာချေ အင်ဇိုင်း lactase နည်းပါးသောကြောင့် ဖြစ်သည်။ အစာချေ အင်ဇိုင်း lactase နည်းပါးရခြင်းမှာ - မျိုးရိုးလိုက်ခြင်း - ကလေးငယ်များ နို့ဖြတ်ချိန် အသက် (၂) နှစ်အရွယ်ခန့်တွင် ဖြစ်တတ်ပြီး လက္ခဏာများမှာမူ အသက်ကြီးလာမှသာ သိသာလာတတ်သည်။ - အူသိမ်ပိုင်းတွင် အင်ဇိုင်းထုတ်လုပ်မှုနည်းပါးလာခြင်း- အစာအိမ်နှင့် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ရောဂါတခုခုကြောင့် အူသိမ်ပိုင်း ဖြတ်ထားရခြင်း၊ ဂလူတန် (glutan) အသားဓာတ်ကို အူမှ လက်မခံနိုင်ခြင်း၊ Crohn’s ရောဂါ၊ အူမကြီးတွင် ရောင်ရမ်း အနာဖြစ်ခြင်း၊ ကင်ဆာရောဂါကုဆေးများ သွင်းနေရခြင်း၊ ပိုးသတ်ဆေးများကြာရှည်သုံးစွဲခြင်း - အသက်အရွယ်ကြီးလာခြင်းနှင့် - ကလေးများတွင် လမစေ့မွေးဖွားခြင်း (ကိုယ်ဝန် ၃၇ပတ် မပြည့်မီ) တို့ကြောင့် ဖြစ်သည်။ နောက်ဆက်တွဲ ပြဿနာများ နို့နှင့် နို့ထွက်ပစ္စည်းများတွင် ကယ်လ်ဆီယမ်၊ ပရိုတင်းနှင့် ဗီတာမင် A,B12,D စသော အာဟာရဓာတ် များစွာပါဝင်သည်။ နို့တွင်ပါဝင်သော Lactulose သည် အရိုးများခိုင်မာစေရန်လိုအပ်သော သတ္ထုဓာတ်များကို ခန္ဓာကိုယ်မှ စုပ်ယူရာတွင် အကူအညီပေးသည်။ ထို့ကြောင့် နို့နှင့်ဓာတ်မတည့်သောသူများတွင် ထိုဗီတာမင်နှင့် သတ္ထုဓာတ်များကို မစုပ်ယူနိုင်သဖြင့် - ကျန်းမာရေးချို့တဲ့ခြင်း၊ ပိန်လာခြင်း - အရိုးပါးခြင်း၊ အရိုးကျိုးလွယ်ခြင်း - အာဟာရဓာတ်ချို့တဲ့ခြင်းကြောင့် အနာကျက်နှေးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် - စိတ်ဓာတ်ကျခြင်း တို့ဖြစ်နိုင်သည်။ ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ နို့တွင်ပါဝင်သော lactose နှင့်ဓာတ်မတည့်သော ရောဂါသည် အခြား အူနှင့် အစာအိမ်လမ်းကြောင်းရောဂါများနှင့် လက္ခဏာများ ဆင်တူသဖြင့် ဆရာဝန်၏ စစ်ဆေးမှုကို သေချာစွာခံယူပြီးမှ ရောဂါအမည်ကို သတ်မှတ်သင့်သည်။ ရောဂါ ရှာဖွေခြင်း နို့တွင်ပါဝင်သော Lactose နှင့် ဓာတ်မတည့်သော လက္ခဏာများ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် တိုင်ပင်၍ လိုအပ်သော စစ်ဆေးမှုများပြုလုပ်ရမည်။ ဆရာဝန်နှင့် မတိုင်ပင်မီ မိမိတနေ့တာအတွင်း စားသော အစာများနှင့် တွေ့ကြုံရသော လက္ခဏာများကို သေချာစွာမှတ်သားထားရမည်။ မိမိနှင့် မတည့်ဟုထင်သော အစာများကို ဆရာဝန်အားပြောပြရမည်။ ရောဂါရှာဖွေရာတွင် အဓိကအားဖြင့် ရောဂါလက္ခဏာကို ကြည့်ရန်လိုအပ်ပြီး - Lactose မစားမီနှင့် စားပြီးချိန်တွင် ထွက်သော ဟိုက်ဒရိုဂျင် ပမာဏကို နှိုင်းယှဉ်ခြင်း - Lactose သောက်ပြီးချိန် သွေးတွင်းသကြားဓာတ်ကို တိုင်းတာခြင်း - နို့သောက်ပြီးချိန် သွေးတွင်းသကြားဓာတ်ကို တိုင်းတာခြင်း - အူသိမ်အူပိုင်းကို မှန်ပြောင်းမှတဆင့် အသားစယူ စစ်ဆေးခြင်း တို့ကိုလည်း ပြုလုပ်နိုင်ပါသည်။ ကုသခြင်း နို့တွင်ပါဝင်သော Lactose နှင့် ဓာတ်မတည့်သည့် ရောဂါကို လုံးဝပျောက်ကင်းအောင် ကုသ၍မရသော်လည်း လက္ခဏာများ ဆိုးရွားစွာမဖြစ်ပေါ်စေရန် အစာ စားသောက်ပုံကို သတိထားပြောင်းလဲရမည်။ အချို့လူများတွင် အစာအိမ်ရောင်နေစဉ်အတွင်းသာ ဓာတ်မတည့်သော လက္ခဏာများ ပြတတ်သော်လည်း အချို့တွင် နာတာရှည်ရောဂါတခုအဖြစ် ရှိနေတတ်သည်။ - Lactose ပါသော နို့နှင့် နို့ထွက်ပစ္စည်းများ၊ ခရင်မ်၊ ပေါင်မုန့်၊ ချောကလက်၊ ကိတ်၊ အချို့ကောက်ပဲသီးနှံများနှင့် ဝက်ပေါင်ခြောက်စသော အစာများကို သတိထားရှောင်ကြဉ်ရမည်။ - ပဲနို့၊ အုန်းနို့၊ အချို့ ဒိန်ချဉ်များနှင့် အသီးအရွက်များကို အစားထိုး စားသုံးရမည်။ - ကိုယ်နှင့် တည့်သော အစာများကို သိနိုင်ရန် ယခင်မစားဖူးသော အစာများကို နည်းနည်းချင်းစီ စမ်းစားသင့်သည်။ - အစာရှောင်ခြင်းကြောင့် အာဟာရချို့တဲ့ခြင်းမဖြစ်စေရန် မိမိနှင့်တည့်သော အစာများကို အာဟာရစုံလင်အောင် စားရန် အထူးသတိထားရမည်။ - Lactose ဓာတ်မတည့်သော ရောဂါရှိသူများအနေဖြင့် ဗီတာမင်နှင့် သတ္ထုဓာတ်ချို့တဲ့ခြင်းကြောင့် အရိုးများကျိုးလွယ်၊ ပါးလွယ်သဖြင့် အရိုးသိပ်သည်းဆ စစ်ဆေးခြင်း( bone mineral density) ကို ပုံမှန်ပြုလုပ်သင့်သည်။ - နို့မှရသော ကယ်လ်ဆီယမ်ဓာတ်အစား ပဲနို့၊ တို့ဖူး၊ အခွံမာသီးများနှင့် အရိုးပါ ဝါးစားနိုင်သော ငါးလေးများကို အစားထိုးစားသောက်ရမည်။ - ကယ်လ်ဆီယမ်နှင့် ဗီတာမင် D ပါဝင်သော အားဆေးများကို လုံလောက်ရုံမျှ ဖြည့်စွက်သောက်သုံးနိုင်သည်။ - Lactase အင်ဇိုင်း ပြန်လည်အစားထိုးသော ဆေးများကို နို့နှင့် ရော၍ဖြစ်စေ၊ အစာမစားသောက်မီတွင်ဖြစ်စေ သုံးစွဲခြင်းဖြင့် ရောဂါလက္ခဏာများကို လျော့နည်းစေနိုင်သည်။ - ကလေးငယ်များတွင်မူ lactose မပါဝင်သော နို့မှုန့်များကို တိုက်ကျွေးနိုင်သည်။ - နို့စို့ကလေးများတွင် မိခင်နို့ရည်တွင်ပါသော ရောဂါကာကွယ်စေသော ဓာတ်များရရှိစေနိုင်ရန် နို့်မှုန့်တိုက်ခြင်းထက် မိခင်နို့နှင့်အတူ lactase အင်ဇိုင်းကို တိုက်ကျွေးသင့်သည်။ - Lactose ဓာတ်နှင့်မတည့်သော မိခင်များအနေဖြင့် မိမိရင်သွေးအား နို့တိုက်ခြင်းကို ရှောင်ကြဉ်ရန်မလိုအပ်ပါ။ Credit : Lei သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။