ခြေဖဝါး ချွေးထွက်ပြီး အနံ့နံတာက နွေရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဖိနပ်အလုံပိတ်ကို တစ်နေ့လုံး ဝတ်ဆင်လေ့ရှိသူတွေ၊ ဖိနပ်တစ်စုံကိုပဲ နေ့စဉ် ရက်ဆက်စီးသူတွေမှာ အဖြစ်များပါတယ်။ ချွေးအလွန်အကျွံထွက်ပြီး အနံ့ဆိုးထွက်တာက လူကြားထဲမှာ အရှက်ရစေတာကြောင့် ဆိုးရွားတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ကိုယ့်ဘေးကလူအတွက်လည်း စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ ဖိနပ်ထဲက ချွေးမခြောက်သေးဘဲ ပြန်စီးတဲ့အခါ ဘက်တီးရီးယားတွေကို ဖြစ်ပေါ်စေပါတယ်။ ခြေထောက်တွေမှာ ထောင်ပေါင်းများစွာသော ချွေးဂလင်းများရှိနေတာကြောင့် အချို့လူတွေမှာ ချွေးအလွန်အကျွံ ထွက်လေ့ရှိပါတယ်။ ချွေးခြောက်အောင် မထားတဲ့အခါ ဘက်တီးရီးယားနှင့် ဖန်းဂတ်စ်ကို ဖြစ်ပေါ်စေပြီး အနံ့ဆိုးကို ထွက်ပေါ်စေပါတယ်။ သင်ကိုယ်တိုင် ဒီပြဿနာကို ခံစားနေရသည်ဖြစ်စေ ၊ သင်နားကသူတွေ ခြေဖဝါးချွေးထွက်များခြင်းနှင့် ရင်ဆိုင်နေရရသည်ဖြစ်စေ ခြေဖဝါးချွေးနှင့် အနံ့ဆိုးထွက်ခြင်းကို ဘယ်လိုကုသနိုင်သလဲဆိုတာ မျှဝေပေးချင်ပါတယ်။
ချွေးနှင့် အနံ့ဆိုးထွက်ခြင်းရဲ့ ဆေးဘက်ဆိုင်ရာ သတ်မှတ်ချက်များ
Bromodosis- ၎င်းက ခြေဖဝါးအနံဆိုးကို သတ်မှတ်ထားတဲ့ ဆေးဘက်ဆိုင်ရာ အသုံးအနှုန်းဖြစ်ပါတယ်။ ချွေးအလွန်အကျွံ စုစည်းခြင်းက ဘက်တီးရီးယားများကို တိုးပွားလာစေပြီး အနံ့ဆိုးထွက်စေပါတယ်။ ခြေထောက်ကို သန့်ရှင်းအောင်ထားပြီး ဂရုစိုက်ပေးခြင်းဖြင့် အနံ့ဆိုးများကို ကုသနိုင်ပါတယ်။
Hyperhidrosis – ဒါက တစ်နေရာထဲမှာ (သို့) တစ်ကိုယ်လုံးမှာ ချွေးအလွန်အကျွံထွက်လေ့ရှိတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ Hyperhidrosis ဟာ အရှက်ရခြင်းနှင့် စိတ်သောကရောက်ခြင်းကဲ့သို့ လူမှုရေးပြဿနာကို ဖြစ်စေနိုင်ပါတယ်။
ခြေထောက်မှာ ချွေးနဲ့ အနံဆိုးထွက်ရခြင်းရဲ့ အကြောင်းရင်းများ
ချွေးအလွန်အကျွံထွက်ခြင်း
ဘက်တီးရီးယားပေါက်ဖွားခြင်း။
အားကစားသမားဖြစ်ခြင်း။
ဟော်မုန်း ပြောင်းလဲခြင်းများ။
တစ်ကိုယ်ရေ သန့်ရှင်းမှု ညံ့ဖျင်းခြင်း။
နေ့စဉ်နေ့တိုင်း ခြေအိတ်နှင့် ဖိနပ်ကို မလဲဘဲ ဝတ်ဆင်ခြင်း။
ဖိနပ်က လေဝင်လေထွက်မရှိခြင်း။
စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုကြောင့် လက်နှင့် ခြေထောက်တွေမှာ ချွေးအလွန်အကျွံထွက်နေတာကို သတိပြုမိပါက စိတ်အေးအေးထားပါ။
ချွေးနှင့် အနံ့ဆိုးထွက်ခြင်းကို ကုသဖို့
ခြေထောက်ကို စနစ်တကျ ဆေးကြောဖို့အတွက် အရည်အသွေးကောင်းသော anti-bacterial soap ကိုသုံးပါ။ ခြေထောက်တွေကို ဆေးပြီးရင် အထူးသဖြင့် ခြေချောင်းများအကြားကို အဓိက ဂရုစိုက်ပြီး ပုဝါဖြင့် စနစ်တကျ ခြောက်သွေ့အောင်သုတ်ပါ။ ဖိနပ်မစီးခင်မှာ ဖိနပ်အတွင်းသို့ပေါင်ဒါ ပါးပါးလေးဖြူးပေးပါ။
သိုးမွေးနှင့် ကော်တွန်ကဲ့သို့သော သဘာဝချည်မျှင်တွေနဲ့ ပြုလုပ်ထားတဲ့ ခြေအိတ်များကိုသုံးပါ။ synthetic fiber များဖြင့် ပြုလုပ်ထားတဲ့ ခြေအိတ်များ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်တာက အကောင်းဆုံးဖြစ်ပါတယ်။
ကျန်းမာသော အစားအစာကို စားပါ။ junk food တွေကို အတတ်နိုင်ဆုံးဖြတ်ပါ။
ဖိနပ်မစီးခင်မှာ ခြေထောက်ကို လုံးဝခြောက်သွေ့အောင် လုပ်ပါ။ ဖိနပ်နဲ့ ခြေအိတ်တစ်စုံတည်းကို နေ့တိုင်းမဝတ်ပါနဲ့။ ခြေအိတ်အမြဲတမ်း လဲပေးပါ။ ဖိနပ်အတွင်းမှာ anti-bacterial powder ဖြူးပြီး ဝတ်ဆင်ပါ။ ဖိနပ်အပိတ်များ ဝတ်ဆင်ပါက လယ်သာ (သို့) ဇာကွက်ရှူးဖိနပ်များကို ရွေးချယ်ပါ။ လေဝင်လေထွက်ကောင်းတဲ့ ထိပ်ပွင့်ဖိနပ်လေးတွေ၊ ကြိုးသိုင်းဒေါက်လေးတွေစီးပါ။
တကယ်လို့ ခြေဖဝါးမှာ ချွေးစေးထွက်ပြီး အနံ့ဆိုးတွေ ဆက်ဖြစ်နေရင် ချွေးစုပ်ယူနိုင်တဲ့ ဖိနပ်အခံလေးတွေ သုံးပေးနိုင်ပါတယ်။ တစ်ပတ် တစ်ကြိမ် ဖိနပ်ကို ဆေးကြောပေးါပါ။ နေ့စဉ်နေ့တိုင်း ခြေအိတ်များကို ပြောင်းလဲပါ။ ညအိပ်ရာ မဝင်ခင် ခြေထောက်မှာ antiperspirant foot spray (သို့) deodorant ကိုသုံးပေးပါ။ ရေချိုးပြီးတိုင်းလည်း သုံးသင့်ပါတယ်။
ခြေထောက် ခဏခဏဆေးပါ။ တစ်နေ့ကို ၂ကြိမ် သုံးကြိမ်လောက်deodorant ဆပ်ပြာသုံးပါ။
တစ်ပတ် တစ်ကြိမ် ခြေသည်းညှပ်ပါ။ အိပ်ရာမဝင်ခင် ညတိုင်း ခြေထောက်ကို သန့်ရှင်းစေဖို့ အရက်ပြန်နှင့် ပွတ်ပေးပါ။ တစ်ပတ်ကို တစ်ကြိမ် လစ်စထရင်းဖြင့် ခြေထောက်စိမ်ပါ။
ရှာလကာရည်ဖြင့် ခြေထောက်ဆေးခြင်း- ရှာလကာရည်တစ်ခွက်ကို ခပ်နွေးနွေးရေထဲမှာ ထည့်ပါ။ နာရီဝက်ခန့်ကြာအောင် ခြေထောက်တွေကို စိမ်ထားပါ။ ရေမဆေးပါနဲ့ ပုဝါဖြင့် ခြောက်အောင်သုတ်ပါ။ ရှာလကာရည်က အနံ့ဆိုးတွေကို ထိရောက်စွာ တိုက်ထုတ်နိုင်ပါတယ်။
ဆားရည်ဖြင့် ခြေထောက်ဆေးခြင်း – Epsom ဆားခါးကို ရေအင်တုံထဲထည့်ပြီး ခြေထောက်တွေကိုစိမ်ပါ။
ဂျင်းဖြင့် ခြေထောက်အနံ့ဆိုးကို ဖယ်ရှားခြင်း- ဂျင်းကို ထုထောင်းပြီး ခြေထောက်ပေါ်မှာ လိမ်းပေးပါ။ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး အနံ့ဆိုးကင်းစေပါတယ်။ ဂျင်းကို အချိန်ကြာကြာလိမ်းပေးထားနိ်ုငရင် ပိုကောင်းပါတယ်။
Lifestyle_Myanmar
LM_Nandar