
လူတော်တော်များများက rainbow အရောင်ရှိတဲ့ အစားအစာတွေကို စားပေးတာ ကောင်းတယ်လို့ သိထားကြပါတယ်။ ဒါပေမဲ့ အနက်ရောင် အစားအစာနဲ့ အဖြူရောင် အစားအစာတွေကလည်း ကျန်းမာရေးကို အထောက်အကူပြုစေတယ်ဆိုတာကိုလည်း မေ့လို့မရပါဘူး။
လူအနည်းငယ်ကပဲ အနက်ရောင်အစားအစာတွေက ကျန်းမာရေးအတွက် အထောက်အကူပေးတယ်ဆိုတာကို သိကြပါတယ်။ အနက်ရောင်အစားအစာတွေက antioxidants အပြည့်အဝပါဝင်ပြီးတော့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အာနိသင်တွေ အများကြီးပါဝင်ပါတယ်။
အနက်ရောင် အစားအစာတွေထဲက အစားအစာတစ်ချို့ကို သူတို့ရဲ့ အကျိုးအာနိသင်နဲ့ အတူတူဖော်ပြပေးပါမယ်။
ဂျင်းနက်
ပုံမှန်စားနေကြ ဂျင်းလိုမျိုးပဲ ဂျင်းနက်မှာလည်း သူ့အာနိသင်နဲ့ သူရှိပါတယ်။ ဒါဆိုရင် ဂျင်းနက်နဲ့ အာနိသင်က ဘာများဖြစ်လောက်လဲ။
ဂျင်းနက်က ဆံသားတွေကို နက်မှောင်သန်စွမ်းစေပါတယ်။
အိုမင်းရင့်ရော်တဲ့ အသားအရည်အတွက် အသားအရည်ကို နုပျိုစေပြီး ခရုသင်း၊သမင်ဖြူတွေကိုလည်း သက်သာစေပါတယ်။
ဆီးချိုရောဂါကိုလည်း ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ပေးပါတယ်။ ဂျင်းနက်က သွေးတွင်းမှာရှိတဲ့ သကြားဓါတ်ကိုလျော့ချပေးပါတယ်။ အနက်ရောင် ဂျင်းကို ဖျော်ရည်ကဲ့သို့ သို့မဟုတ် ဆေးတောင့်လေးတွေအနေနဲ့ စားသုံးလို့ရနိုင်ပါတယ်။
ကြက်မဲ
ပုံမှန်အားဖြင့် ရိုးရိုးကြက်ကို စားပေးရင်လည်း ခန္ဓာကိုယ်အတွက် အကျိုးရှိတာသိပြီးခဲ့ကြပါပြီ။ ဒါဆိုရင် ကြက်မဲကရော ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ။
ကြက်မဲမှာ ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်တဲ့ Antioxidant များ ပါဝင်ပြီးတော့ အအေးမိခြင်းနှင့် ဖျားနာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ကြက်မဲမှာတွေ့ရတဲ့ antioxidant ဓါတ်တွေကို Carnosine လို့ခေါ်ပြီး ကြက်မဲမှာ တွေ့ရတဲ့ carnosine ဓါတ်က သာမန်ကြက်ထက်ပိုပြီး အာနိသင်ရှိပါတယ်။
တရုတ်ဆေးပညာအရ အမဲရောင်ကြက်သားက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကိုယ်ဝန်ဆောင်တွေနဲ့ မီးဖွားမယ့် အမျိုးသမီးတွေကို အများကြီး အထောက်အကူဖြစ်စေပါတယ်။
သက်ကြီးရွယ်အိုတွေ အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ကြက်မဲအသားမှုန့်ကို စားသုံးပေးတာက ကျန်းမာဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။အနက်ရောင်ကြက်သားတွင် သံနှင့် သတ္တုဓါတ်ပါဝင်နေမှုကြောင့်လည်း နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို လျော့ချပေးနိုင်ပြီး သွေးလည်ပတ်မှုကိုလည်း အားကောင်းစေပါတယ်။
ကြက်သွန်ဖြူအမဲ
အနက်ရောင် ကြက်သွန်ဖြူကို ဟင်းချက်ဖို့နဲ့ ဆေးဖက်ဝင်ဖို့အတွက် အသုံးပြုကြပါတယ်။
အနက်ရောင် ကြက်သွန်ဖြူကိုရဖို့ အချိန် ၃ ပတ်စောင့်ပြီးနောက် ကြက်သွန်ဖြူတွေကနေ အနက်ရောင် ကြက်သွန်ဖြူတွေဖြစ်လာကြပါတယ်။
အနက်ရောင် ကြက်သွန်ဖြူမှာ allicin ဓါတ်၊ antioxidants ဓါတ်နဲ့ ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်တဲ့ ဓါတ်တွေပါပါတယ်။ အနက်ရောင်ကြက်သွန်ဖြူရဲ့ အရသာက နူးညံ့တာကြောင့် ဟင်းချက်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။
အနက်ရောင်ကြက်သွန်ဖြူတွေကို Pizza နဲ့ ခေါက်ဆွဲအေးတွေမှာလည်း အသုံးပြုလို့ရနိုင်ပါတယ်။
အနက်ရောင်ရှိတဲ့ အစားအစာတွေရဲ့ ကောင်းကျိုးအာနိသင်တွေကို ပြောပြပြီးပြီဆိုတော့ နောက်အပတ်မှာရော ဘယ်အကြောင်းအရာလေးတွေကို ပြောပြစေချင်လဲဆိုတာ ပြောပြဦးနော်။