Dengue (သွေးလွန်တုပ်ကွေးရောဂါ )
healthcare.com.mm
|
2020-03-26


သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်ပါသည်။ သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်ထားသောခြင် ကိုက်ခံရပြီး ၄ ရက်မှ ၁၀ ရက်အတွင်းတွင် ရောဂါလက္ခဏာများ ပေါ်လာပါသည်။ လက္ခဏာများ - အဖျားကြီးခြင်း (၄ဝဒီဂရီ စင်တီဂရိတ် သို့ ၁၀၄ ဒီဂရီဖာရင်ဟိုက်) - ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း (severe headache) - မျက်လုံးတစ်ဝိုက်အောင့်ခြင်း (pain behind the eyes) - ကြွက်သားနှင့် အဆစ်များကိုက်ခဲခြင်း (muscle and joint pain) - ပျို့အန်ခြင်း (nausea or vomiting) - အကျိတ်ရောင်ခြင်း (swollen glands ) - ကလေးငယ်များတွင် အရေပြား အကွက်များပေါ်ခြင်း စနစ်တကျ ကုသမှုခံယူလျှင် တစ်ပတ်အတွင်း ရောဂါလက္ခဏာများ သက်သာသွားနိုင်ပါသည်။ ရောဂါလုံးဝပျောက်ကင်းရန် ရက်သတ္တပတ်အနည်းငယ်ကြာနိုင်ပါသည်။ အဖျားပျောက်သည့်အခါ လူက နုံးချိခြင်းကို ခံစားရတတ်သည်။ ဖြစ်ပွားရသော အကြောင်းရင်းများ - သွေးလွန်တုပ်ကွေးရောဂါဖြစ်နေသူကို ကိုက်ထားသောခြင်သည် ရောဂါပိုးကို သယ်ဆောင်ထားပြီး ထိုခြင်မှတစ်ဆင့် အခြားလူများကို ရောဂါကူးစက်နိုင်ပါသည်။ - ရောဂါပိုးရှိသူကို ခြင်ကိုက်ရာမှ ခြင်ဆီ ရောဂါပိုးရောက်၊ ခြင်မှ လူထံ ရောဂါပိုးကူး၊ တစ်ဖန် ရောဂါရှိသူထံမှ ခြင်ထံ ရောဂါရောက် သံသရာလည်ကာ ပျံ့နှံ့သည်။ ရောဂါကူးစက်ပုံ သွေးလွန်တုပ်ကွေးရောဂါပိုးသယ်ဆောင်သည့် ခြင်(အေဒီးစ်ခြင်) များသည် နံနက်စောစောနှင့် ညနေ နေမဝင်ခင်အချိန်များတွင် ကိုက်တတ်ပါသည်။ ခြင်အောင်းပြီး ခြင်ပွားနိုင်သည့်နေရာများမှာ ရေအိုင်များ၊ အမှိုက်ပုံများ၊ အဆောက်အဦး အနီးအနားတွင်ရှိသော ရေဝပ်နိုင်သည့်ခွက်များ၊ ကားတာယာအဟောင်းများဖြစ်ပါသည်။ - စိုစွတ်ပူနွေးသောရာသီ - လူသူထူထပ်သည့်နေရာများတွင် ရောဂါဖြစ်ပွားမှုနှုန်း များပါသည်။ ပတ်ဝန်းကျင်သန့်ရှင်းမှုမရှိသည့်နေရာများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု များပါသည်။ နောက်ဆက်တွဲ ပြဿနာများ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးတွင် Den 1, Den 2, Den 3, နှင့် Den 4 ဆိုပြီး အမျိုးအစားလေးမျိုး ရှိပါသည်။ အမျိုးအစားတစ်မျိုး ဖြစ်ဖူးသူ (ဥပမာ- Den 1) သည် အလားတူ အမျိုးအစားကြောင့် ရောဂါထပ်မဖြစ်နိုင်သော်လည်း အခြား အမျိုးအစားတစ်မျိုး (ဥပမာ- Den 2, 3, or 4) ကြောင့် သွေးလွန်တုပ်ကွေးရောဂါ ထပ်မံဖြစ်ပွားနိုင်ပါသည်။ ထိုသို့ ထပ်မံဖြစ်ပွားခဲ့လျှင် နောက်ဆက်တွဲ ပြဿနာများ ပိုဆိုးနိုင်ပါသည်။ သွေးလွန်တုပ်ကွေးရောဂါဆိုးလာလျှင် အသက်အန္တရာယ် ရှိနိုင်ပါသည်။ ထိုကြောင့် အန္တရာယ်ရှိသော ရောဂါလက္ခဏာများကို သိထားရန် လိုအပ်ပါသည်။ ထိုရောဂါလက္ခဏာများမှာ ဖျားပြီး ၃ရက်မှ ၇ရက်အတွင်း ဖြစ်နိုင်ပါသည်။ - ရုတ်တရက် အဖျားကျသွားခြင်း - ရုတ်တရက် ဗိုက်နာလာခြင်း - ကော်ဖီရောင်အန်ခြင်း - အသက်ရှူမြန်လာခြင်း - သွားဖုံး သွေးယိုခြင်း - အလွန်အမင်း နုံးခွေသွားခြင်း သွေးလွန်တုပ်ကွေးတွင် ရုတ်တရက်သွေးပေါင်ကျပြီး သွေးလွန်တုပ်ကွေးရောဂါကြောင့် သွေးလန့်ခြင်းဖြစ်နိုင်ပါသည်။ ထိုအခြေအနေတွင် - ခြေဖျားလက်ဖျားများ အေးလာခြင်း - သွေးခုန်နှုန်းမြန်ပြီး အားနည်းလာခြင်း - အာခြောက်လာခြင်း - ဆီးနည်းလာခြင်း - အသက်ရှူမြန်လာခြင်း - ဂဏာမငြိမ်ဖြစ်ခြင်း သို့ မှိန်းလာခြင်း တို့ဖြစ်နိုင်ပါသည်။ သွေးလန့်ခြင်း၏ ရောဂါလက္ခဏာများရှိလျှင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွင် အမြန်ပြရန်လိုအပ်သည်။ ဆေးရုံတက်ပြီး သွေးကြောထဲသို့ အရည်များသွင်းပြီး သွေးပေါင်တက် လာစေရန်၊ ရောဂါလက္ခဏာသက်သာအောင် ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။ စစ်ဆေးမှုများ - ရောဂါလက္ခဏာများကို မေးမြန်းစမ်းသပ်ခြင်း - လိုအပ်သည့် စစ်ဆေးမှုများ (သွေးစစ်ခြင်း) အစရှိသည်တို့ ပြုလုပ်ပြီး ရောဂါကို ရှာဖွေသိရှိနိုင်ပြီး အချိန်မှီကုသမှုခံယူနိုင်ရန် အရေးကြီးပါသည်။ ကုသမှုမခံယူလျှင် ရောဂါလက္ခဏာ ပိုဆိုးလာနိုင်ပြီး အသက်အန္တရာယ် ရှိနိုင်သောကြောင့် ဖြစ်ပါသည်။ ကုသခြင်း ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သော ကုထုံးဟူ၍ မရှိပါ။ ဗိုင်းရပ်စ်ပိုးမှာ အချိန်ကာလတစ်ခုတွင် သူ့အလိုလို သက်သာပျောက်ကင်းနိုင်ပါသည်။ ရောဂါလက္ခဏာများကို သက်သာအောင်ပြုလုပ်ပြီး အသက်အန္တရာယ် မဖြစ်ပေါ်အောင် ကုသမှုများ ပြုလုပ်ရသည်။ - ပါရာစီတမော - ဖျားနာကိုက်ခဲခြင်းများကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ (အက်စ်ပရင် (သို့) အိုင်ဗျူပရိုဖန်ဆေးများကို အသုံးမပြုသင့်ပါ။ ကိုယ်ခန္ဓာတွင်း သွေးယိုနိုင်ပြီး ရောဂါပိုဆိုးနိုင်ပါသည်။) - အရည်များများသောက်ပါ။ - အနားယူပါ။ လူအများစုမှာ နှစ်ပတ်အတွင်း သက်သာနိုင်သော်လည်း လုံးဝနေပြန်ကောင်းလာရန် ၆ပတ်အထိ ကြာနိုင်ပါသည်။ ကာကွယ်ခြင်း ရောဂါကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးမရှိပါ။ ရောဂါမဖြစ်အောင် အကောင်းဆုံး ကာကွယ်နည်းမှာ ခြင်ကိုက်ခြင်းမှ ကင်းဝေးအောင် နေထိုင်ရန်ဖြစ်ပါသည်။ - ခြင်ကိုက်မခံရအောင် လိမ်းဆေးများ လိမ်းခြင်း၊ N-diethylmetatoluamide(DEET) ပါသောဆေးများကို လိမ်းနိုင်ပါသည်။ (နှစ်လအောက်ကလေးငယ်များတွင်မူ DEET ၂ဝ-၃ဝ ရာခိုင်နှုန်းအထိပါသော လိမ်းဆေးများကိုသာ လိမ်းသင့်ပါသည်။) - ပွယောင်းပြီး လုံခြုံသော ဘောင်းဘီ၊ အင်္ကျီများကို ဝတ်ဆင်ပါ။ - ဆေးစိမ်ခြင်ထောင်သုံးပြီး အိပ်ပါ။ - ခြင်အောင်းနိုင်သည့် နေရာများကို ရှင်းလင်းပါ။ သန့်ရှင်းရေး ပုံမှန်ပြုလုပ်ပါ။ Credit : NHS Choices, UK သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


#သွေးလွန်တုပ်ကွေး
#ရောဂါ
#လက္ခဏာ
#ရောဂါပိုး
#ကုသမှု

Some text some message..