ကလေးပါးချိတ်ရောင်ရောဂါ
healthcare.com.mm
|
2020-03-28


ကလေးများမှာ ဖြစ်ပွားတတ်သော ကူးစက်ရောဂါ တစ်မျိုးဖြစ်ပြီး၊ ကာကွယ်ဆေး ပေါ်ပေါက်လာပြီးတဲ့ နောက်မှာတော့ သိပ်များများစားစား မဖြစ်တော့ပါ။ အသက်နှစ်နှစ်အထက် ကလေးများမှာ အများအားဖြင့် ဖြစ်ပေါ်လေ့ရှိပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်သောရောဂါဖြစ်ပြီး ရောဂါပျိုးရက် ၁၄ ရက်မှ ၂၁ ရက်ခန့် ကြာတတ်ပါတယ်။ ရောဂါလက္ခဏာမပေါ်ခင် တစ်ရက်နှစ်ရက်လောက်မှာ ကလေးမအီမသာ ဖြစ်လာတတ်ပါတယ်။ နားအရှေ့၊ နားအောက်နှင့် မေးမှာရှိတဲ့ တံတွေးဂလင်းများ ရောင်ရမ်းခြင်းနှင့်အတူ ဖျားခြင်းလည်း ရှိလာနိုင်ပါတယ်။ မျက်နှာဘေးတစ်ဖက် (သို့) နှစ်ဖက်စလုံး တစ်ပြိုင်နက် ရောင်ရမ်းခြင်း (သို့) တစ်ဖက်ပြီးမှတစ်ဖက် ရောင်ရမ်းခြင်းတို့ ဖြစ်ပြီး နာလည်းနာပါတယ်။ တံတွေးဂလင်းမှ တံတွေးထုတ်ခြင်းရပ်ဆိုင်းနေတဲ့အတွက် ကလေးဟာ အာခေါင်ခြောက်ခြင်းကို ခံစားရပါတယ်။ ပါးချိတ်ရောင်ရောဂါဟာ စိုးရိမ်ဖို့မလိုတဲ့ ရောဂါအပျော့စားသာ ဖြစ်ပါတယ်။ သို့သော် ပါးချိတ်ရောင်နေစဉ် သော်လည်းကောင်း၊ အရောင်ကျသွားပြီးတဲ့ အခါမှာသော်လည်းကောင်း၊ ဦးနှောက်ရောင်ခြင်း (သို့) ဦးနှောက်အမြှေးပါး ရောင်ခြင်းတို့ ဖြစ်နိုင်တဲ့အတွက် ဆိုးရွားတဲ့ နောက်ဆက်တွဲ ရောဂါဖြစ်တတ်ပါတယ်။ ၁။ ကလေးကိုယ်ပူနေခြင်းရှိမရှိ အဖျားတိုင်းကြည့်ပါ။ လိုအပ်ရင် ရေဖတ်တိုက်ပေးပါ။ ၂။ ကလေးပါးစပ်နာနေလို့ အစာစားရခက်တာမို့ အရည် ခပ်များများတိုက်ပါ။ အာခြောက်သက်သာအောင် ရေနဲ့ပလုတ်ကျင်းခိုင်းပါ။ ၃။ ကလေးအိမ်ရာဝင်တဲ့အခါ ရေနွေးပုလင်းကို မျက်နှာသုတ်ပဝါနဲ့ ပတ်ပြီး နာနေတဲ့ဘက်ကို ကပ်ပေးပါ။ ပါးချိတ်ရောင်နေစဉ် သားလေးရဲ့ ဝှေးစေ့နာလာရင် သော်လည်းကောင်း၊ သမီးလေးဆိုရင်လည်း ဗိုက်နာလာရင် သော်လည်းကောင်း၊ ဆရာဝန်ထံ ပြသဖို့လိုပါတယ်။ ရောဂါဖြစ်ပြီး ၁၀ ရက်လောက်ကြာတဲ့ အခါမှ အခြေအနေ ဆိုးရွားလာပြီး ခေါင်းကိုက်ခြင်း၊ ဇက်ခိုင်ခြင်းတို့ ဖြစ်လာရင်လည်း ဆရာဝန်ထံ ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။ • ပါးချိတ်ရောင်ရောဂါမှာကုရန် ဆေးမလိုအပ်ပါ။ ရောင်တာကျပြီးနောက် ငါးရက်ကြာတဲ့အထိ ကျောင်းကိုမလွှတ်ဖို့ ဆရာဝန်က အကြံပြုညွှန်ကြားပါလိမ့်မယ်။ • ဝှေးစေ့ရောင်နေတယ်ဆိုရင် အရောင်ကျတဲ့ထိ အိပ်ရာထဲမှာနားနေဖို့ ညွှန်ကြားပါလိမ့်မယ်။ သမီးလေး ဗိုက်နာတာဆိုရင်လည်း သားဥအိမ်ရောင်တာ ဖြစ်နိုင်တဲ့အတွက် အိပ်ရာမှာ နားနေဖို့လိုပါတယ်။ အနာသက်သာအောင် ပါရာစီတမောဆေးကို တိုက်ဖို့ပြောကြားပါလိမ့်မယ်။ Credit : ဒေါက်တာမာမာဆွေ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


#တံတွေး
#ရောဂါ
#ဝှေးစေ့
#ဆရာဝန်
#အိပ်ရာ

Some text some message..