အိုသွေးအမျိုးအစားရှိသူတွေ သိထားသင့်တဲ့ အချက် (၇)ချက်
lifestylemyanmar.com
|
2020-04-23



1900 ခုနှစ်ရဲ့ပထမဆယ်စုနှစ်မှာ သြစတြီးယား physician တစ်ယောက်ဖြစ်တဲ့ ကားလ်လန်စတီးနာက လူ့ရဲ့သွေးကို အမျိုးအစား ၄မျိုးအဖြစ် ပထမဆုံးခွဲခြားသတ်မှတ်ခဲ့ပါတယ်။တချို့ သွေးအမျိုးအစားသည် အချင်းချင်း ရောစပ်လို့ရသော်လည်း၊ အချင်းချင်း ရောစပ်လို့မရသော သွေးအမျိုးအစားလည်း ရှိသည်။ သွေးအမျိုးအစား ကိုက်ညီမှသာ ဘေးကင်းစွာ သွေးသွင်းခြင်းများ ပြုလုပ်လို့ရတာကြောင့် အရေးပေါ်အခြေအနေများအတွက် ကျွန်တော်တို့ရဲ့ သွေးအမျိုးအစားကို သိထားဖို့ အရေးကြီးပါတယ်။




သွေးရဲ့ ထူးခြားတဲ့ လက္ခဏာများက ကျွန်တော်တို့ရဲ့ ကျန်းမာရေးပေါ်မှာ သြဇာလွမ်းမိုးနိုင်ပါတယ်။ တချို့လူတွေက ကျွန်တော်တို့ရဲ့ ကံကြမ္မာနဲ့ ကိုယ်ရည်ကိုယ်သွေးပေါ်မှာလည်း သြဇာလွှမ်းမိုးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။။ ဒါ့ကြောင့် Aသွေး၊Bသွေး၊ABသွေးနဲ့Oသွေးဆိုတဲ့ သွေးအမျိုးအစား (၄)မျိုးထဲက အိုသွေးအမျိုးအစားနှင့် ပတ်သတ်ပြီး စူးစမ်းထားတဲ့ သီအိုရီများနဲ့ သိပ္ပံနည်းကျအချက်အလက်များကို စုဆောင်းတင်ပြပေးလိုက်ပါတယ်။

၁။ သွေးအမျိုးအစားကို ဘယ်လိုသတ်မှတ်သလဲ

ခန္ဓာကိုယ်ထဲသို့ ပြင်ပမှ တစ်ခုခု ဝင်လာတဲ့အခါ ကိုယ်ခံစွမ်းအား တုံ့ပြန်မှုကို ဖြစ်ပေါ်စေတဲ့ အချို့သော antigens တွေ ရှိခြင်း/မရှိခြင်းအရ သွေးအမျိုးအစား (သို့) သွေးအုပ်စုတွေကို ခွဲခြားထားပါတယ်။ antigens ဆိုတာသွေးအုပ်စု သတ်မှတ်ပေးတာဖြစ်ပြီး antibodies ဆိုတာ မျိုးမတူတဲ့ antigens တွေကို တိုက်ဖို့ပါ။ ဥပမာ A သွေးမှာ A antigens နှင့် B antibodies ရှိပါတယ်။ B သွေးမှာ B antigens နှင့် A antibodies ရှိပါတယ်။ အဲဒါကို A သွေးထဲ B သွေးထည့်လိုက်တဲ့အခါ antigen antibodies အချင်းချင်းတိုက်ကြပြီး ပြင်းထန်သော ဓာတ်မတည့်မှုတွေဖြစ်စေတတ်ပါတယ်။ ဒါ့ကြောင့် သင့်သွေးအမျိုးအစားကို သိဖို့နှင့် သွေးသွင်းတဲ့အခါ အန္တရာယ်ကင်းသော ကိုက်ညီမှုကို သတိပြုဖို့ အရေးကြီးပါတယ်။

၂။ အိုသွေးအမျိုးအစားရဲ့ ဝိသေသလက္ခဏာများ

သွေးရည်ကြည်(Plasma)ထဲက A နှင့် B antibodies နှင့် သွေးနီဆဲလ်ရဲ့မျက်နှာပြင်ပေါ်မှာ မျိုးဗီဇအရ ပါလာတဲ့ A Antigen နှင့် B Antigen ရဲ့ ရှိခြင်း/မရှိခြင်းဖြင့် ဆုံးဖြတ်ထားတဲ့ အဓိကသွေးအမျိုးအစား (၄)မျိုးရှိပါတယ်။ A antigens နှင့်B antigens အပြင် present or absent တစ်ခုခုဖြစ်နိုင်တဲ့ Rh fastor လို့ခေါ်တဲ့ ပရိုတိန်းတစ်ခုလည်း ရှိပါတယ်။ ခြုံကြည့်လိုက်ရင် ၎င်းက A+, A-, B+, B-, O+, O-, AB+ and AB- ဆိုတဲ့ သွေးအမျိုးအစား (၈)မျိုးကို ဖြစ်စေပါတယ်။ အိုသွေးအမျိုးအစားရဲ့ သွေးနီဆဲလ်ထဲမှာ antigen A ကော B ပါမရှိပေမယ့် သွေးရည်ကြည်ထဲမှာတော့ A၊ B Antibodies နှစ်ခုလုံးရှိပါတယ်။ O+အမျိုးအစားက တိုင်းရင်းသားနဲ့ လူမျိုးစုရဲ့ 37% — 53% မှာအများစုရှိတတ်တဲ့ သွေးအမျိုးအစားဖြစ်ပါတယ်။




၃။ အိုသွေးအမျိုးအစားရှိသူတွေဟာ universal donor တွေဖြစ်ပါတယ်

O+သွေးပိုင်ရှင်တွေဟာ သွေးအုပ်စု ၄မျိုးလုံးကို သွေးလှူဒါန်းနိုင်ပေမယ့် (O+, A+, B+, AB+) RH positive အုပ်စုခွဲ ရှိသူတွေသာ လှူဒါန်းနိုင်ပါတယ်။ O- အမျိုးအစားရဲ့ဆဲလ်နီတွေက အရေးပေါ်သွေးသွင်းဖို့အတွက် အမြဲတမ်းလိုအပ်တဲ့ universal blood type တစ်ခုဖြစ်လို့ သွေးအုပ်စုခွဲ ၈ခုလုံးကို သွင်းပေးနိုင်ပါတယ်။ O-သွေးအမျိုးအစားကို crossmatch စမ်းသပ်မှု မပြီးစီးခင် လူနာရဲ့အသက်ကို ကယ်ဖို့ အရေးကြီးတဲ့အခါ အရေးပေါ်ကိစ္စများမှာ သွင်းပါတယ်။ O-သွေးအမျိုးအစားက ကိုယ်ခံအားစနစ် ဖွံဖြိုးမှုအောက်မှာရှိတဲ့ မွေးကင်းစကလေးတွေအတွက် အလုံခြုံဆုံးဖြစ်ပါတယ်။

၄။ အိုသွေးအမျိုးအစားဟာ အိုသွေးအမျိုးအစားချင်းသာ လက်ခံနိုင်ပါတယ်

တကယ်လို့ သင့်သွေးအမျိုးအစားက အိုဖြစ်ပါက ဒီနေရာမှာ သိထားသင့်တဲ့ အချက် (၈)ချက်ရှိပါတယ်။ O+ သွေးအမျိုးအစားရှိသူများဟာ O+ နှင့် O- အမျိုးအစားရှိသူဆီကနေ သွေးလက်ခံနိုင်ပြီး O- သွေးအမျိုးအစားရှိသူဟာ O- သွေးအမျိုးအစားသာ လက်ခံနိုင်ပါတယ်။အရေးပေါ်အခြေအနေမျိုးတွေမှာ O- သွေးလိုအပ်ရင် O+ သွေးအမျိုးအစားနှင့် အစားထိုးနိုင်ပါတယ်။

၅။ ကျန်းမာရေးအန္တရာယ်

သိပ္ပံပညာရှင်များအဆိုအရ သွေးရဲ့ဇီဝဓါတုဗေဒဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ဆုံးဖြတ်သော နည်းလမ်းတွေ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးအပေါ် သွေးအမျိုးအစား လွှမ်းမိုးမှုကို သုတေသနပြုဆဲဖြစ်သော်လည်း သွေးအမျိုးအစား အမျိုးမျိုးရှိသူတွေအတွက် ကျန်းမာရေးအန္တရာယ်နှင့် အကျိုးကျေးဇူးပေါ်မှာ သီအိုရီအချို့ရှိပါတယ်။ အထူးသဖြင့် အိုသွေးအမျိုးအစားရှိသူတွေဟာ ပလိပ်၊ ကာလဝမ်းရောဂါ၊ ပါးချိတ်ရောင်ရောဂါနှင့် တီဘီကဲ့သို့သော ပြင်းထန်တဲ့ရောဂါများအပါအဝင် တခြားသွေးအုပ်စုရှိသူတွေထက် ပိုကူးစက်ခံရနိုင်ပြီး အချို့ဘက်တီးရီးယားတွေ ပိုပြီးကူးစက်လွယ်နိုင်ပါတယ်။

လေ့လာမှုအချို့အရ အိုသွေးအမျိုးအစားတစ်ခုချင်းစီဟာ A,B နှင့် AB သွေးအုပ်စုရှိသူများနှင့် နှိုင်းယှဉ်ပါက duodenal ulcers (အူသိမ်ထဲမှာဖြစ်တဲ့အနာ) ဖြစ်ပွားမှု ၃၅ရာခိုင်နှုန်း မြင့်မားကြောင်း တွေ့ရှိရပါတယ်။

၆။ ကျန်းမာရေးအကျိုးကျေးဇူးများ

A, B, and AB သွေးအုပ်စုရှိသူများနှင့် နှိုင်းယှဉ်ပါက အိုသွေးအုပ်စုဟာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေအနည်းဆုံးဖြစ်ပါတယ်။ လေ့လာမှုများအရ အိုသွေးအမျိုးအစားမဟုတ်သူတွေဟာ အိုသွေးအမျိုးအစားရှိသူများထက် ပန်ကရိယကင်ဆာဖြစ်နိုင်ခြေ ၂၅ရာခိုင်နှုန်း ပိုများပါတယ်။ ထို့အပြင် အိုသွေးအုပ်စုဟာ သွေးကြောဆိုင်ရာရောဂါများနှင့် သိမြင်မှုဆိုင်ရာရောဂါများ ဖွံ့ဖြိုးမယ့်အန္တရာယ်နည်းပါးပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ဘယ်သွေးအမျိုးအစားရှိရှိ ကျန်းမာသော ဘဝပုံစံကို ထိန်းသိမ်းထားခြင်းနှင့် ကျန်းမာရေးအန္တရာယ်ကင်းအောင် လိုက်နာခြင်းဟာ ရောဂါတွေကို ရှောင်ရှားဖို့ အရေးပါပါတယ်။

၇။ အိုသွေးအမျိုးအစားနှင့် ကိုယ်ရည်ကိုယ်သွေး

လူတွေရဲ့ စရိုက်လက္ခဏာအပေါ် သွေးအမျိုးအစားလွှမ်းမိုးမှုဟာ အငြင်းပွားဖွယ်ရာ ဖြစ်သော်လည်း အချို့သော နိုင်ငံတွေ၊ အထူးသဖြင့် ဂျပန်နိုင်ငံမှာ ဒီသီအိုရီကို အလွန်ကြိုက်ကြပါတယ်။ တီဗီရှိုးတွေ၊ သတင်းစာတွေနှင့် မဂ္ဂဇင်းတွေမှာ သွေးအမျိုးအစား ရာသီခွင်အကြောင်းတွေ ထုတ်ဝေလေ့ရှိကြပြီး ဂျပန် အန်နီမေးရှင်းနှင့်ဗီဒီယိုဂိမ်းတွေမှာ ဇာတ်ကောင်တွေရဲ့ သွေးအမျိုးအစားတွေကို ဖော်ပြထားပါတယ်။ ဂျပန်လူမျိုးတွေက အိုသွေးအမျိုးအစားရှိသော လူတွေဟာ အစွဲအလမ်းကြီးတယ်၊ သဘောထားကြီးတယ်၊ ရက်ရောတယ်၊ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်။ ငွေရေးကြေးရေးအရ အောင်မြင်မှုရှိတယ် လို့ယုံကြည်ကြပါတယ်။ ချစ်ရေးချစ်ရာမှာ အလိုက်ဖက်ဆုံးကတော့ အိုသွေးနှင့် အေသွေးအမျိုးအစားလို့ ဆိုပါတယ်။

Lifestyle_Myanmar
LM_Nandar


Source-brightside


#အမျိုးအစား
#သွေးအုပ်စု
#AB
#သွေးရည်ကြည်
#သီအိုရီ

Some text some message..