သဘာဝပစ္စည်းများနှင့် အလွယ်တကူဖော်စပ်နိုင်သော ပိုးသတ်ဆေးများကို ဟိုရှေးယခင် စိုက်ပျိုးရေးကာလမှာ အသုံးပြု
ခဲ့ကြသည်။ ထို့နောက် ခေတ်စနစ်တွေ ပြောင်းလဲလာသလို စိုက်ပျိုးရေးလုပ်ငန်းလည်း အတူလိုက်ပါပြောင်းလဲလာခဲ့သည်။
အထွက်ကောင်းမျိုး၊ အထွက်ကောင်းစိုက်နည်းတို့ကျင့်သုံးလာကြရာတွင် ဓာတုဗေဒပစ္စည်းများဖြင့် ပိုးသတ်ဆေးများ၏
စွမ်းအားကိုလည်း အသုံးပြုလာခဲ့ကြရပါတော့သည်။
နှစ်ကာလကြာရှည်လာသောအခါ ဓာတုဆေးများ၏ အန္တရာယ်ကို သိရှိလာကြပြီးသဘာဝပိုးသတ်ဆေးများ၊ အလွယ်တကူ
ကိုယ်တိုင်ပြုလုပ်နိုင်သော ပိုးသတ်ဆေးများဖြင့် စိုက်ပျိုးထုတ်လုပ်မှု၊ အော်ဂဲနစ်စိုက်ပျိုးရေး၊ အော်ဂဲနစ်လယ်ယာထွက်ကုန်
သီးနှံ၊ ဥယျာဉ်ခြံသီးနှံများကို လိုလားတောင့်တလာကြပြန်သည်။ဤတွင် ဆပ်ပြာ၊ ရေနံ၊ ရေနံချေး၊ပရုတ်၊ ထင်းရှူးဆီ၊
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်တို့မှ ပြုလုပ်နိုင်သော ပိုးသတ်ဆေးများကို အော်ဂဲနစ်စိုက်ခင်းများတွင် အဓိကအသုံးပြု
လာခဲ့ကြသည်။ မဲရိုင်းပင်၊ ပိစပ်ပင်၊ တမာပင်တို့အပြင် ဆေးရွက်ကြီးအပင်တို့ကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်လာတော့သည်။
ဆပ်ပြာဖျော်ရည်မှာ လွယ်ကူသည်။ အဝတ်လျှော်ဆပ်ပြာ (ရွှေဝါကဲ့သို့ ဆပ်ပြာခဲ၊ ဆပ်ပြာတုံး) ကို ပါးပါးလှီးပြီး ရေနှင့်ရောရ
သည်။ ဆပ်ပြာတောင့်ပေါင်ဝက်၊ ရေနှစ်ဂါလန်ကို မီးပေါ်တင်ပြီး အရည်ပျော်အောင် ကျိုပါ။ ထို့နောက် အအေးခံပြီး ဆေးဖျန်းပုံး
တွင်ထည့်၍ သုံးလျှင် စုပ်ပိုးများ၊ ပျ၊လှေးကဲ့သို့ သေးငယ်နုနယ်သော ပိုးပျော့များကာကွယ်နှိမ်နင်းနိုင်သည်။
ကာဘော်လစ်ဆေးရည်
ကာဘော်လစ်တစ်ပေါင်၊ ဆပ်ပြာတစ်ပေါင်၊ ရေဂါလန်ဝက်လိုအပ်သည်။ ဆပ်ပြာကို ရေတွင်ထည့်ပြီး မီးနှင့်ကျို၊ ကာဘော်လစ်
ရည်လောင်းထည့်ပြီး ရောသွားအောင် မွှေကာ အအေးခံလိုက်သည်နှင့်ဆေးရည်ရရှိသည်။ ဆေးရည်တစ်ဆ၊ ရေ ၁၀ ဆ ရောစပ်
ဖျန်းလျှင် ပုရွက်ဆိတ်နှင့် အခွံပါးပိုးငယ်များ နှိမ်နင်းနိုင်သည်။
ဆေးရွက်ကြီးရည်
ဆေးရွက်ကြီးတစ်ပေါင်၊ ရေလေးဂါလန်၊ ဆပ်ပြာတစ်ပေါင်ကို ကျိုချက်ပြီး အအေးခံသုံးလျှင် ပုရွက်ဆိတ်၊ ပျ နှိမ်နင်းနိုင်သည်။
ကြက်သွန်နီ၊ ကြက်သွန်ဖြူဆေးရည်သည် လုပ်ကိုင်ရမှု လွယ်ကူသည်။ ကြက်သွန်ဖြူဥကြီးတစ်လုံး၊ ကြက်သွန်နီဥကြီးတစ်ဥ
(အခွံမခွာဘဲ လှီးပါ)၊ ငရုတ်ဆီဟင်း ခတ်ဇွန်းတစ်ဇွန်း၊ ရေသန့်ဘူး လေးပုံသုံးပုံရောစပ်၊ မီးအပူပေးရမည်။ နာရီဝက်ခန့်ကြာလျှင်
အအေးခံပြီး ဖန်ပုလင်းတွင် ထည့်၍ထားလျှင် တစ်လကြာ အသုံးပြုနိုင်သည်။ အပင်မှာကျသော ပိုးအပျော့စားများ နှိမ်နင်းနိုင်
သည်။ အသုံးပြုလျှင် ဆေးရည်တစ်ဇွန်း(ဟင်းခတ်ဇွန်း) ကို ရေသန့်ဘူး လေးပုံတစ်ပုံ ရေရောသုံးနိုင်သည်။ မွှားပင့်ကူနီဖျက်ပိုး
ကို ပိုးနှင်ဆေးအဖြစ် အဝေးပြေးစေသည်။ ခြင်နိုင်ဆေးအဖြစ် ရေဝပ်အိုင်များ ဖျန်းနိုင်သည်။ ကြက်သွန်ဖြူအဆီသည် လူ၏
ဝမ်းတွင်းမှ သန်ကောင်များကို အလွယ်တကူထွက်ကျစေနိုင်သည်ဟု ဆေးကျမ်းတွင် ပါရှိသည်။ ပူခြင်း၊ ခါးခြင်း၊ စပ်ခြင်း
အရသာပါရှိသော ကြက်သွန်ဖြူသည် ထုထောင်းပြီး အုန်းဆီနှင့် ပျစ်ပျစ်ဖျော်ပြီး ထိခိုက်ရှမှုအနာပေါ်လိမ်းလျှင် အနာမရင်းဘဲ
ပျောက်ကင်းသည်။ ကျွဲ၊ နွား ဒေါင့်သန်းရောဂါလည်း ဤနည်းဖြင့် ကုသကြသည်။
တမာ
တမာပိုးသတ်ဆေး ထုတ်ယူရာတွင် ဖျက်ပိုးများ အစာစားချင်စိတ်နည်းလာခြင်း၊ ပိုးမျိုးဆက်မပွားအောင် မြုံစေခြင်း၊ တွန်းကန်
သတ္တိရှိခြင်းကို အသုံးချထုတ်ယူကြသည်။ တမာစေ့ဆီ၊ တမာစေ့ကြိတ်ဖတ်၊ တမာစေ့အမှုန့်၊ တမာကြိတ်ဖတ်ရည်ကို သုံးကြ
သည်။ မကွေးမြို့နယ်ထဲမှ ဂျီအေပီစနစ်ဖြင့် ပဲ၊ နှမ်းစိုက်ပျိုးသူများသည် တမာကြိတ်ဖတ်မှုန့်ကို လယ်ယာထဲ ကြဲပက်ပြီး မြေတွင်း
အောင်းဖျက်ပိုး ကာကွယ်နှိမ်နင်းကြသည်။ တစ်ဧက နှစ်အိတ်သုံးသည်နှင့် အဆင်ပြေသည်ဟု မကွေးမြို့နယ်၊ ဆားတိုင်ကန်
ကျေးရွာက တောင်သူတစ်ဦးက ပြောသည်။ ပိုးနှိမ်၍ရသလို တမာစေ့ကြိတ်ဖတ်က မြေသြဇာလည်းဖြစ်စေသည်။ တမာဆီ၊
တမာရွက်၊ တမာတစ်ပင်လုံးမှ လူသုံးအလှကုန်ပစ္စည်းမျိုးစုံတို့ ပြုလုပ်ရာတွင် ဆပ်ပြာ၊သွားတိုက်ဆေး၊ ပိုးသတ်ဆေးများမှာ
ယနေ့အသုံးများနေသော ပစ္စည်းဖြစ်သည်။ ဆေးဂန္ဓမာ၊ အရွက်ခြောက်၊ အပွင့်မှုန့်တစ်ကျပ်သား၊ ရေနှစ်ဂါလန်နှင့် ရောဖျော်ဖျန်း
၍ ဟင်းသီးဟင်းရွက်ဖျက်ပိုးများကို နှိမ်နင်းနိုင်သည်။
ကြက်ဆူကျားအစေ့
(ဘိုင်အိုဒီဇယ်) ခြံစည်းရိုးကြက်ဆူနှင့် ကြက်ဆူကျား (ဝမ်းနုတ်ဆေး) ဟူ၍ ကြက်ဆူပင်နှစ်မျိုးရှိရာ ကြက်ဆူကျားသည် မြင်းခြံ
တစ်ဝိုက်တွင် ဧကကျယ်ကျယ် တစ်ကွင်းတစ်စပ် စိုက်ကြလေ့ရှိသည်။ ကြက်ဆူစေ့ကြိတ်ဖတ်၊ ကြက်ဆူစေ့ဆီသည် ခူ၊ ပေါက်ဖတ်
နှိမ်နင်းနိုင်သည်။
ဆင်တုံးမနွယ်
ပင်လုံးပြန့်ပိုးသတ်ဆေး ထုတ်နိုင်သည်။
မဲရိုင်းပင်
တစ်ပင်လုံးကြိတ်ခြေ၍ စစ်ရည်ထုတ်ပြီး ပင်လုံးပြန့်ပိုးသတ်ဆေး ထုတ်လုပ်နိုင်သည်။ ယခင်က ပိုးသတ်ဆေးအဖြစ် ရောင်းချခဲ့ဖူးသည်။
ပိစပ်ပင်
မြေသြဇာလည်း ရနိုင်သလို ပိုးသတ်ဆေးလည်း ရသည်။ မြေအောင်းပိုးများ နှိမ်နင်းရာတွင် အပင်ကို ခုတ်စဉ်း၍ မြေထဲမြှုပ်ထည့်သည်။
နွားသေး
နွားသေးကို ရေသန့်ဘူးတစ်ဘူးထဲထည့်ပြီး နှစ်ပတ်နေလှန်းပါက အစွမ်းပိုကောင်းလာကာ အဆိုပါနွားသေးတစ်ဘူးကို ရေသန့်ဘူး
ခြောက်ဘူးနှင့် ဖျော်၍ ဟင်းသီးဟင်းရွက်ပင်ကျသောပိုးများ နှိမ်နင်းပက်ဖျန်းနိုင်သည်။
နွားချေး
နွားချေးလည်း နှစ်ရက်နေလှန်းပြီး ရေသန့်ဘူး ၁၀ ဘူးနဲ့ ရေဖြည့်၊ နှစ်ပတ်ရေစိမ်၊ နေ့စဉ်မွှေပေးခြင်းဖြင့် အနံ့ပျောက်လျှင် နွားချေးဖတ်
များစစ်ထုတ်ပြီး ရရှိသော နွားချေးရည်ကို ရေသုံးဂါလန်နှင့် ရောဖျော်ဖျန်းက ပိုးသတ်ဆေးနှင့် ရွက်ဖျန်းမြေသြဇာရရှိပါသည်။
ဖော်ပြပါနည်းလမ်းများမှာ ရှေးရိုးနည်းများဖြစ်ကြပါသည်။ ဓာတုဆေးများ ပေါ်လာသောအခါ လက်ဝင်သော အဆိုပါနည်းများကို
အသုံးပြုမှုနည်းပါးလာပြီး အသင့်ဖျော်သုံး ပိုးသတ်ဆေးများ အသုံးပြုလာကြရာမှ တဖြည်းဖြည်းနှင့် နှစ်ကာလကြာသော ပတ်ဝန်းကျင်
ညစ်ညမ်းမှု၊ ပိုးများ၏ ဗီဇအရ ပိုးသတ်ဆေးကို ခံနိုင်ရည်ရှိလာမှု၊ ပိုးသတ်ဆေးအသုံးများမှု၊ အသုံးမှားမှုတို့ကြောင့် မြေကြီးညံ့လာမှု၊
ဆေးနှုန်းထားကို ပို၍ပို၍ သုံးလာရမှုတို့ကြောင့် ဓာတုဆေးမသုံးဘဲ စိုက်ပျိုးကြသည့် အော်ဂဲနစ်သီးနှံ၊ ဂျီအေပီသီးနှံ စိုက်ပျိုးထုတ်လုပ်၊
ရောင်းဝယ်၊ စားသုံးမှုသည် ခေတ်စားလာကြပါသည်။ ကျယ်ကျယ်ပြန့်ပြန့်မဖြစ်သေးသော်လည်း၊ အထွက်နှုန်းနည်းပါးသော်လည်း
အော်ဂဲနစ်ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံထွက်ကုန် ရောင်းချမှုဈေးကွက်သည် မြို့နယ်များစွာတွင် ပေါ်ထွက်လာပါပြီ။ ဈေးကောင်း
လည်း ရလာကြပါသည်။
ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာ လယ်ယာသီးနှံကို ရွေးချယ်စားသုံးလာကြပါသည်။ ထို့ကြောင့် ရှေးရိုးနည်း၊ သဘာဝနည်း
ဖြစ်သော်လည်း ဟိုတုန်းက ယခုလိုပစ္စည်းများနှင့် စိုက်ပျိုးရေးတွင် အသုံးပြုခဲ့ကြဖူးသည်ကို ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ အထူးသဖြင့်
ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများအတွက် ရည်ရွယ်ပါသည်။ လူတိုင်းကလည်း ဟင်းသီးဟင်းရွက်များနှင့် နေ့စဉ် မကင်းနိုင်ကြပေ။
ဆွေရည်
မြန်မာတောင်သူကြီးများဂျာနယ်