ခုလိုကာလမှာ မိဘတွေအနေနဲ့ ကလေးတွေအတွက် အလိုချင်ဆုံးအရာက ကိုယ်ခံအားအပြည့်ရှိဖို့ ရောဂါကင်းစေဖို့ပဲဖြစ်ပါတယ်။
ကိုယ်ခံအားပြည့်နေမှလည်း ရောဂါပိုးတွေအန္တရာယ်က ကာကွယ်နိုင်မှာဖြစ်သလို အဖျားအနာကင်းပြီး ဆေးရုံဆေးခန်းတွေနဲ့ ဝေးဝေးနေနိုင်မှာဖြစ်ပါတယ်။
ကိုယ်ခံအားစနစ်ဆိုတာ ဘာလဲ အရင်မိတ်ဆက်ရရင်တော့ ကလေးရောလူကြီးမှာပါရှိတဲ့ မွေးကတည်းကပါလာတဲ့ တန်ဖိုးကြီးမားတဲ့ လက်ဆောင်တစ်ခုဖြစ်ပါတယ်။
ဒီခုခံအားစနစ်မှာ ဘီလီယံနဲ့ ချီတဲ့ ဆဲလ်တွေပါဝင်ပြီး ခန္ဓာကိုယ်ရဲ့နေရာတိုင်းမှာရှိပါတယ်။
ဝင်လာဖို့ ကြိုးစားသမျှရောဂါပိုးမွှားတွေအားလုံးကို ဖမ်းဆီးဖို့၊ ဖျက်စီးပစ်ဖို့နဲ့ နောက်တစ်ကြိမ်ဝင်လာခဲ့ရင် ချက်ချင်းသိ၊ ချက်ချင်းဖျက်စီးနိုင်အောင်မှတ်ထားဖို့ စတာတွေကို ကိုယ်တွင်းတပ်မတော်ကြီးတစ်ခုလို ဆောင်ရွက်ပေးပါတယ်။
ကိုယ်ခံအားအမြန်ဆုံးတက်စေမဲ့ အစားအသောက်တွေက ဘာတွေလဲ ?
– နနွင်း
ဟင်းတွေမှာ နေ့စဉ်နနွင်းမှုန့်လေးထည့်ချက်ပေးခြင်းအားဖြင့် ကလေးတွေရော လူကြီးတွေပါ ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။
နနွင်းမှာပါတဲ့ Curcumin ဓာတ်က antioxidant ဂုဏ်သတ္တိပါရှိတဲ့အတွက် ကင်ဆာကာကွယ်နိုင်စွမ်းတောင်ရှိတယ်လို့ လက်ခံထားကြပါတယ်။
အာယုဗေဒ ဆေးနည်းတွေအရ အိပ်ခါနီးမှာ နွားနို့ထဲကို နနွင်းမှုန့်လေး နည်းနည်းခပ်တိုက်ခြင်းက ကလေးတွေကို ကျန်းမာရေးပိုကောင်းစေတယ်လို့ဆိုပါတယ်။
– ဗီတာမင် စီ ကြွယ်ဝသော အစာများ
အထူးသဖြင့်တော့ အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေနဲ့ အသီးအရွက်တွေဖြစ်ပါတယ်။
– လိမ္မော်သီး
– စပျစ်သီး
– သရကျသီး
– ကီဝီသီး
– ကျွဲကောသီး
– စတော်ဘယ်ရီ
– သင်္ဘောသီး စတဲ့ အသီးအနှံတွေ ပါဝင်သလို
– ပန်းဂေါ်ဖီစိမ်း
– ငရုတ်ပွ
– ကန်စွန်းဥ
– ခရမ်းချဉ်သီး
– ပန်းဂေါ်ဖီ
စတဲ့ ဟင်းသီးဟင်းရွက်တွေလဲ ပါဝင်ပါတယ်။
ဗီတာမင်စီက ကိုယ်ခံအားကို တက်စေသလို မှတ်ဉာဏ်စွမ်းအားကိုလည်း ပိုကောင်းစေပါတယ်။
ကလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့ အရေးကြီးတဲ့ သံဓာတ်စုပ်ယူမှုကိုလည်း ပိုအားကောင်းစေပါတယ်။
– အစေ့အဆံ နှင့် အနှံများ၊ အသီးခြောက်များ
အလ်မွန်စေ့၊ သီဟိုဠ်စေ့၊ သစ်ကြားသီး စတဲ့ အစေ့အဆံတွေ၊ စပျစ်သီးခြောက် ၊စွန်ပလွန်ယို လို အသီးခြောက်တွေမှာ ဗီတာမင်ဓာတ်တွေ၊ antioxidant တွေအပြင် အကျိုးပြုအဆီဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့အတွက် ကလေးတွေကို ကိုယ်ခံအားမြှင့်တင်ပေးနိုင်ပါတယ်။
– အသား/ငါး
အသား၊ငါး အားလုံးမှာ ပရိုတိန်းဓာတ်ပါဝင်ပါတယ်။ ဒီပရိုတိန်း အသားဓာတ်က ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက်လိုအပ်သလို ကိုယ်ခံအားစနစ်မှာပါဝင်တဲ့ သွေးဖြူဥဆဲလ်လေးတွေကြံ့ခိုင်မှုအတွက်လည်း အရေးပါလှပါတယ်။
ဒါ့အပြင် ဗီတာမင် ဘီ၊ ဇင့်ဓာတ်၊ သံဓာတ်တွေလည်း ပါဝင်ပါတယ်။
ငါးတွေမှာဆိုရင်လည်း Omega-3 ပါဝင်တဲ့အတွက် ကိုယ်ခံအားစနစ်ကိုပိုကောင်းစေတာမို့ များများကျွေးဖို့လိုပါတယ်။
– နို့ နဲ့ နို့်ထွက်ပစ္စည်းများ
နို့၊ ဒိန်ချဉ် စတာတွေကလည်း ကလေးတွေကို ကိုယ်ခံအားပိုတက်စေတာမို့ နေ့စဉ်ကျွေးဖို့လိုတဲ့ အစာတွေဖြစ်ပါတယ်။
ဒိန်ချဉ်မှာပါဝင်တဲ့ ပရိုဘိုင်အိုးတစ် အူအကျိုးပြု ဘက်တီးရီးယားလေးတွေက အစာခြေစနစ်ကို အထောက်အကူပြုပြီး ကလေးတွေကို လန်းဆန်းတက်ကြွကာ စိတ်ဖိစီးမှုကင်းစေပါတယ်။
ကလေးတွေကို ကိုယ်ခံအားပိုတက်ဖို့အတွက် ဒီအစားအသောက်တွေ အားရှိအောင် ကျွေးဖို့လိုသလို အိပ်ရေးဝအောင် အိပ်စက်စေဖို့ ၊ နေရောင်ခြည်နဲ့ ထိတွေ့စေဖို့ ၊ ကိုယ်လက်လှုပ်ရှားမှုကို အားပေးပြီး တက်ကြွစွာနေစေဖို့ စတာတွေလည်း လိုပါသေးတယ်လို့ မှာချင်ပါတယ်။
ကလေးတွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ…
Dr ဖြိုးဝေလင်း
တချို့ကိုယ်ဝန်ဆောင်မေမေတို့မှာ ကလေးမွေးပြီးပြီပေမယ့် ဗိုက်က ဆက်ဖောင်းနေတာ၊ ဗိုက်စည်းတွေစည်းနေပေမယ့်လည်း ဗိုက်က ပြန်မချပ်သေးတာကိုကြုံဖူးကြမှာပါ။ အဲ့ဒါကဘာ့ကြောင့် ဖြစ်တာလဲဆိုတာကို ဒီဆောင်းပါးမှာ ဆက်ပြီးပြောပြပေးသွားမှာပါ။ အဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုရင် ကိုယ်ဝန်ဆောင်ရတဲ့အခါ အတွင်းက ကလေးလေးကြီးထွားလာတာနှင့်အတူ ဝမ်းဗိုက်မှာရှိတဲ့ ကြွက်သားတွေကလည်း လိုက်ပြီး ဆန့်ထွက်လာရပါတယ်။ အတိုင်းအတာတစ်ခုအထိ ဆန့်ထွက်လာပြီးတဲ့အခါ ဝမ်းဗိုက်ကြွက်သားကွဲပြီး ဖောင်းလာတာကို ဆေးပညာအခေါ်အားဖြင့် Diastasis recti ဒါမှမဟုတ် ဝမ်းဗိုက်ကြွက်သားကျွံခြင်း လို့ခေါ်ပါတယ်။ ၆၀ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်မိခင်တွေမှာ အများဆုံးတွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာတော့ မတွေ့ရတတ်ပါဘူး။ ကလေးမီးဖွားပြီးမှ တွေ့ရတတ်တာပါ။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တွေမှာသာမက မွေးကင်းစကလေးတွေ နှင့် အလေးအမများတဲ့ အမျိုးသားတွေမှာလည်း ဖြစ်တတ်တာကိုတွေ့ရပါတယ်။
ဘယ်လိုလက္ခဏာတွေနဲ့လာတတ်လဲ?
အများအားဖြင့် ခါးကုန်းလိုက် ကွလိုက်လုပ်တဲ့အခါမှာ ဝမ်းဗိုက်တစ်ဝိုက်မှာ အဖုအထစ်လိုလို ဖောင်းလာတာ နဲ့လာတတ်ပါတယ်။ နောက်တွေ့ရတတ်တဲ့လက္ခဏာတွေကတော့ ခါးနာတာ၊ ကိုယ်နေဟန်ထားမမှန်တာ၊ ဝမ်းချုပ်တာ၊ လေပွတာ မျိုးနဲ့လာတတ်ပါတယ်။ အများစုက အစာအိမ်ရောင်တာနဲ့မှားတတ်တာကိုတွေ့ ရပါတယ်။
ကလေးမွေးပြီး ဝမ်းဗိုက်ကြွက်သားကျွံလာမှန်း ဘယ်လိုသိနိုင်သလဲ?
ကလေးမီးဖွားပြီးရင်တော့ ဝမ်းဗိုက်မှာ ပုံမှန်မဟုတ်ဘဲဖောင်းနေတာ၊ ဖုနေတာမျိုး သတိထားမိလာကြပါတယ်။
ကလေး မီးဖွားပြီး ၃လလောက်ကြာတဲ့အထိ ဗိုက်ကလိုက်မချပ်လာဘူးဆိုရင်တော့ ဝမ်းဗိုက်ကြွက်သားကျွံလာပြီလားဆိုတာ သံသယဝင်ရတော့မှာပါ။ မပေါ့သင့်ပါဘူး။ အိပ်ရာပေါ်ပတ်လတ်အနေအထားနဲ့လှဲပြီး ဒူးခေါင်းထောင်ထားကာ ခြေရင်းကို ခေါင်းထောင်ကြည့်ခြင်းအားဖြင့် ဝမ်းဗိုက်ကျွံနေသလား သိနိုင်ပါတယ်။
ပြီးတော့ မိမိဝမ်းဗိုက်ကို စမ်းကြည့်လို့လက်၂လုံးခန့် ဒေါင်လိုက်အမြောင်းလေး ဖြစ်လာမယ်ဆို ဝမ်းဗိုက်ကြွက်သားကျွံခြင်းဖြစ်ဖို့သေချာသလောက်ရှိပါတယ်။
ဝမ်းဗိုက်မှာ အဲ့လိုထူးခြားတာတွေ့ရင်တော့ သက်ဆိုင်ရာဆရာဝန်ထံမှာ သွားရောက်ပြသပြီး စစ်ဆေးမှုခံယူပါ။
ဘာလို့ဖြစ်တာလဲ?
ဝမ်းဗိုက်အတွင်းထဲမှာ ဖိအားများလာတာဟာ ဝမ်းဗိုက်ကြွက်သားကျွံခြင်းကို ဖြစ်စေတဲ့အဓိကအကြောင်းအရင်း တစ်ခုပါ။ ဟိုးအရင်လေ့လာချက်တွေအရ ကိုယ်အလေးချိန်များတဲ့သူတွေကိုယ်ဝန်ဆောင်ရင် ဝမ်းဗိုက်ကြွက်သားကျွံခြင်း ပိုဖြစ်တတ်တယ်လို့ပြောကြပေမယ့် ခုနောက်ပိုင်းသုတေသနေတွေ့ရှိချက်တွေ အရ ပိန်ပိန်၀၀ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ဝမ်းဗိုက်ကြွက်သားကျွံခြင်းဖြစ်နိုင်တယ်လို့တွေ့ရှိရပါတယ်။ ပေါင်မပြည့် လမစေ့ဘဲမွေးလာတဲ့ကလေးငယ်အများစုမှာလည်း ဝမ်းဗိုက်ကြွက်သားကျွံတာဖြစ်တတ်တယ်လို့ တွေ့ရှိရပါတယ်။
ဘယ်လိုကုသကြမလဲ?
အများစုကတော့ ဗိုက်စည်းသေချာစည်းမယ်၊ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းသေချာပြန်လုပ်မယ်ဆို ခွဲစိတ်ဖို့မလိုတတ်ဘဲနဲ့ နဂိုအတိုင်း ပြန်ကောင်းသွားတတ်ပါတယ်။
မွေးပြီး ၆လအထိ အလေးအပင်မတာ ရှောင်မယ်။ ခန္ဓာကိုယ်အနေအထားမှန်မှန်နေမယ်။ ထိုင်ရင် နောက်ကျောမှာ ခေါင်းအုံးခုထိုင်တာမျိုး နဲ့ထိုင်ရပါမယ်။
ဘာတွေသတိပြုရမလဲ?
ရိုးရိုးပဲမွေးမွေး ခွဲပြီးပဲမွေးမွေး ကိုယ်ဝန်ဆောင် လရင့်လာတာနဲ့အမျှ ဝမ်းဗိုက်ကြွက်သားကျွ ံတာ ဖြစ်တတ်ပါတယ်။
ဝမ်းချုပ်တာ၊ ချောင်းဆိုးတာကြာလာရင်လည်း ဝမ်းဗိုက်ကြွက်သားကျွံတာကို ပိုဆိုးစေပါတယ်။
ဝမ်းဗိုက်ကိုအားပြုရတဲ့လေ့ကျင့်ခန်းမျိုးတွေကလည်း ဝမ်းဗိုက်ကြွက်သားကျွံတာကို ပိုဆိုးစေလို့ကိုယ်ဝန်တောင် တွေ လုပ်ရမယ့် လေ့ကျင့်ခန်းမျိုးကိုပဲရွေးလုပ်ပေးသင့်ပါတယ်။
ဝမ်းဗိုက်ကြွက်သာကျွံလို့ဖြစ်လာတဲ့အမြောင်းဟာ လက်၂လုံးအကျယ်ထက်ကော်လာတယ်ဆိုရင်တော့ သက်ဆိုင်ရာခွဲစိတ်ဆရာဝန်နဲ့ပြပြီး ကုသမှုခံယူရတာမျိုးလုပ်ရတတ်ပါတယ်။
Dr.Khaing
Ref; healthline.com
အမျိုးသမီးတစ်ယောက်အတွက် အပျိုဖော်ဝင်တဲ့အချိန်ကစလို့ သွေးမဆုံးခင်အချိန်အထိ တစ်လတစ်ခါ
ရာသီစက်ဝန်းလေးမှန်နေဖို့က အရေးကြီးပါတယ်။ အပျိုဖော်ဝင်ခါစ မှာ
ဟော်မုန်းဓါတ်မညီမျှသေးတဲ့အတွက် ရာသီမမှန်တာဟာဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်၊
အပျိုဖော်ဝင်ပြီးတစ်နှစ်နှစ်နှစ်လောက်ကြာတဲ့ အခါ ရာသီစက်ဝန်းဟာ
တစ်လတစ်ခါပုံမှန်လည်ပတ်သွားပါပြီ။ ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်မှာ ကိုယ်ဝန်ရှိတဲ့
အချိန်ကလွဲလို့ သွေးမဆုံးမီအထိ ရာသီတစ်လတစ်ခါပုံမှန်လာပါတယ်။ ရာသီမမှန်ဘူး ဆိုရင်တော့
ကိုယ်ဝန်ရှိတာမဟုတ်ရင် အမျိုးသမီးရောဂါတစ်ခုခုကြောင့်ရာသီမမှန်တာဖြစ်တတ်ပါတယ်။
အဲ့ဒါကြောင့် ရာသီတစ်လတစ်ခါပုံမှန်လည်ပတ်အောင်ဘယ်လိုတွေပြုမူနေထိုင်ရမလဲဆိုတာ
ဆက်ကြည့်ရအောင်။
ရာသီစက်ဝန်းဆိုတာဘာလဲ? ရာသီမှန်ဖို့အရေးကြီးပါသလား?
ရာသီစက်ဝန်းဆိုတာအပျိုဖော်ဝင်လာတဲ့အချိန်ကစပြီး အမျိုးသမီးတို့ရဲ့ သားဥအိမ်လေးကနေ
မျိုးပွားရန်အတွက် တစ်လတစ်ခါ သားဥကြွေပေးရပါတယ်။ သားဥကြွေတဲ့အချိန်မှာ မျိုးအောင်ဖို့
သုတ်ပိုးမရှိဘူးဆိုရင် သားဥလေးဟာ မျိုးမအောင်တော့ဘဲ ရာသီသွေးထဲပါသွားပါတယ်။
အဲ့ဒီဖြစ်စဉ်တစ်ခုလုံးကို ရာသီစက်ဝန်းလို့ခေါ်ပါတယ်။ ရာသီစက်ဝန်းတစ်ခုဟာ အများအားဖြင့်
၂၈ရက်-၃၂ရက်ကြာတတ်ပါတယ်။
ရာသီစက်ဝန်းတစ်လတစ်ခါမှန်မှန်လည်ပတ်ဖို့ကလည်းဂအမျိုးသမီးတိုင်းအတွက် အရေးကြီးပါတယ်။
ရာသီစက်ဝန်းကိုဟော်မုန်းတွေက ထိန်းချုပ်ပေးထားတာလား?
ဟုတ်ပါတယ်။ ရာသီစက်ဝန်းမှန်စေဖို့ အီစထရိုဂျင်ဟော်မုန်း၊ပရိုဂျက်စထရုန်းဟော်မုန်း တို့က အဓိက
ထိန်းချုပ်ဆောင်ရွက်နေတာပါ။ တခြားဟော်မုန်း တွေလည်းအများကြီးပါဝင်ပါသေးတယ်။
ရာသီမမှန်တဲ့အကြောင်းအရင်းတွေကဘာတွေရှိလဲ?
အမျိုးသမီးတစ်ယောက်မှာ ရာသီပုံမှန်လာတာကနေ တစ်လနှစ်လပျောက်သွားတယ်ဆိုရင်တော့
အမျိုးသားနှင့်လည်းအတူတူနေဖူးတယ်ဆိုရင် ကိုယ်ဝန်ရှိတာကြောင့်ရာသီမလာတာ ဖြစ်ဖို့အများဆုံးပါ။
တခြားအကြောင်းအချက်တွေကတော့ သားဥအိမ်ရေအိတ်တည်ခြင်း၊ သားဥအိမ်အလုံးများတည်ခြင်း၊
သားအိမ်အလုံးအကျိတ်တည်ခြင်း၊ စတဲ့ အမျိုးသမီးရောဂါတွေအပြင်
ဟော်မုန်းဓါတ်မညီမျှတဲ့ရောဂါတွေ ကြောင့် ရာသီမမှန်တာဖြစ်တတ်ပါတယ်။
ရာသီစက်ဝန်းလေးမှန်စေဖို့ဘယ်လိုတွေပြုမူနေထိုင်စားသောက်ရမလဲ?
ရာသီစက်ဝန်းဆိုတာဟာ ဟော်မုန်းတွေကနေ ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက်
ဟော်မုန်းဓါတ်ညီမျှနေဖို့အရေးကြီးပါတယ်။ ဟော်မုန်းဓါတ်တွေဆိုတာကလည်း
စိတ်အခြေအနေပြောင်းလဲမှုနဲ့ ဆက်စပ်နေတတ်ပါတယ်။
တနည်းအားဖြင့် နေမကောင်းဖြစ်ခြင်း၊
စိတ်ဖိစီးမှုများခြင်း၊ကိုယ်အလေးချိန် ပြောင်းလဲမှုဖြစ်ခြင်း အထူးသဖြင့် အဝလွန်ခြင်း ဖြစ်စဉ်တို့မှာ
ရာသီကမောက်ကမ ဖြစ်တတ်တာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့် ရာသီစက်ဝန်းလေးမှန်စေဖို့
စိတ်ဖိစီးမှုကင်းအောင်နေမယ်၊ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအသောက်တွေပဲ
နေ့စဉ်ရွေးချယ်စားသောက်မယ်၊ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင်ထိန်းမယ် ဆိုရင်
ရာသီတစ်လတစ်ခါ ပုံမှန်လာစေပါတယ်။ အထူးသဖြင့် ဗီတာမင်အီးနှင့် ဇင့်ဓါတ်ပါဝင်တဲ့
အစားအသောက်တွေ ဒါမှမဟုတ် အားဆေးတွေကို နေ့စဉ်မှီဝဲပေးမယ်ဆိုရင် ရာသီစက်ဝန်းမှန်စေတယ်လို့
သုတေသနတွေအရ တွေ့ရှိရပါတယ်။
ရာသီမမှန်ရင်ဘာလုပ်ရမလဲ?
၃လနှင့်အထက် ရာသီမလာဘူး၊ မမှန်ဘူးဆိုရင် မရှက်ပါနှင့်၊ သက်ဆိုင်ရာသားဖွားမီးယပ်ဆရာဝန်
နဲ့ပြသပြီး သေချာဆေးကုသမှုခံယူပေးရပါမယ်။
Dr.Khaing