
မေမေတို့အတွက် ကိုယ်ဝန်ဆောင်ချိန်ကို အကြမ်းမျဉ်းအားဖြင့် ၃ ပိုင်း ခွဲခြားထားတတ်ကြပါတယ်။ ပထမ ၃ လ ၊ ဒုတိယ ၃ လနဲ့ တတိယ ၃လ ဆိုပြီး ခွဲခြားထားပါတယ်။ ဆေးပညာအဆိုအရတော့ ရက်သတ္တပတ်နဲ့ တွက်ချက်တတ်ပါတယ်။ ဒီ အပိုင်း ၃ ပိုင်းကာလမှာ ကိုယ်ဝန်နုတဲ့ သန္ဓေသားစတည်ချိန်ဟာ မေမေတို့အတွက် အရေးကြီးဆုံးနဲ့ ဂရုစိုက်ရဆုံးကာလတွေလို့ ဆိုရပါမယ်။ ဒီကာလဟာ ကိုယ်ဝန်စရှိချိန်ကာလတွေမို့ ပင်ပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်းနဲ့ ပျို့အန်ခြင်းတို့ကို အများဆုံးခံစားရတဲ့အချိန်ကာလလည်း ဖြစ်ပါတယ်။
ဒီလိုအချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် လိင်ဆက်ဆံချင်စိတ်လည်း သိပ်မရှိနိုင်တာကြောင့် ဒီအချိန်တွေမှာ ဖေဖေတို့ကလည်း မေမေတို့ကို နားလည်ပေးပြီး အရင်ကထက်ပိုပြီး ဂရုစိုက်ပေးဖို့ လိုပါတယ်နော်။ ဒီကာလကို လွန်မြောက်ခဲ့ပြီဆိုရင်တော့ မေမေတို့ဟာ အရင်ကလောက် နေထိုင်မကောင်းခြင်းကို မကြုံကြရတော့ဘဲ မေမေအဖြစ်ကို စတင်ဖို့အတွက် ပြင်ဆင်နေပါပြီ။
ကိုယ်ဝန်ဆောင်ချိန်လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်ပြီး မေမေတို့ဟာ သန္ဓေသားလေးကို ထိခိုက်မှာကို စိုးရမ်တတ်ကြပါတယ်။ သန္ဓေသားလေးဟာ လုံခြုံတဲ့ သားအိမ်အတွင်းထဲမှာ ရှိနေတာမို့ သန္ဓေသားလေးကို ထိခိုက်မှာကိုတော့ စိုးရိမ်ဖို့မလိုအပ်ပေမယ့် ဖေဖေတို့အနေနဲ့ မေမေတို့ရဲ့ စိတ်ဆန္ဒကို မေးဖို့လိုပါတယ်နော်။ ကိုယ်ဝန်ဆောင်ချိန်ကာလဟာ မေမေတို့အတွက် လိင်ဆက်ဆံခြင်းဆန္ဒထက် Baby လေးအတွက်သာ အာရုံရှိတတ်ကြတာမို့ နှစ်ဦးသဘောတူမှသာလျှင် ဆက်ဆံဖို့အကြံပြုချင်ပါတယ်နော်။ တစ်ဖက်မှာလည်း မေမေတို့ရဲ့အတွေးတွေဟာ ကိုယ်ဝန်ရှိနေချိန်မှာ ဖေဖေတို့ အပြင်မှာဖောက်ပြန်မှာလည်း တွေးပူတတ်ကြပါတယ်။
ဒီလိုအချိန်မှာ လိင်ဆက်ဆံကြတဲ့အခါမှာလည်း မေမေတို့ သက်သောင့်သက်သာဖြစ်စေမယ့် နည်းလမ်းတွေကို ရွေးချယ်ပြီး ဆက်ဆံဖို့ အကြံပေးပါရစေနော်။ ဖေဖေတို့အနေနဲ့လည်း မေမေတို့အတွက် ညင်သာစေမယ့် နည်းလမ်းလေးတွေကို လေ့လာထားဖို့လိုပါတယ်နော်။
ကိုယ်ဝန်ဆောင်မေမေတို့ လိင်ဆက်ဆံတဲ့အခါမှာ သက်သောင့်သက်သာဖြစ်စေမယ့် နည်းလမ်းတချို့ကို ပြောပြပေးရမယ်ဆိုရင်တော့ မေမေတို့ရဲ့ ဗိုက်ကို ဖိမိစေမယ့် အနေအထားမျိုးကတော့ ဘယ်လိုမှအဆင်မပြေနိုင်တာကြောင့် ဘေးတိုက်အနေအထားနဲ့ ဆက်ဆံဖို့လိုပါတယ်။ ဒါ့အပြင် မေမေတို့က ကုတင်စွန်းမှာ ပက်လက်အနေအထားနေပြီး ဖေဖေတို့က မတ်တပ်ရပ်အနေအထားမျိုးနဲ့လည်း ဆက်ဆံနိုင်ပါတယ်။ ဆက်ဆံနေချိန်မှာ လိင်စိတ်အထွဋ်အထိပ်ကို ရောက်နိုင်တာကြောင့် မေမေတို့အနေနဲ့ ဖေဖေတို့ရဲ့ အပေါ်ကနေ ဆက်ဆံနိုင်ပါတယ်။ ဖေဖေတို့အနေနဲ့ ညင်သာပေးဖို့တော့ လိုပါတယ်နော်။
ချစ်တင်းမနှောခင်မှာ ဘယ်လိုအနေအထားမျိုးက မေမေတို့အတွက် သက်သောင့်သက်သာဖြစ်စေလဲဆိုတာကို အရင်ဆုံးဆွေးနွေးဖို့လိုပါတယ်နော်။ ချစ်တင်းနှောနေချိန်တွင်း မည်မျှပင်စိတ်အထွဋ်အထိပ်ရောက်ရှိစေကာမူ ပုံမှန်မဟုတ်တဲ့အနေအထားဖြစ်တဲ့ စအိုထဲ ထည့်သွင်းတာကိုရော ရှောင်ရှားဖို့လိုပါတယ်နော်။ ဒီလိုလုပ်ခြင်းက မေမေတို့အတွက် အန္တရာယ်ဖြစ်စေနိုင်တာကြောင့်ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ လိင်ဆက်ဆံဖို့မသင့်တော်သူတွေကတော့ ကလေးပျက်ကျဖူးသူ၊ ကလေးအချင်းရှေ့ရောက်နေသူ၊ သွေးအားနည်းခြင်း၊ အမွှာကိုယ်ဝန်ဖြစ်ခြင်း၊ အဖြူဆင်းခြင်း အစရှိတဲ့ သူတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ လိင်ဆက်ဆံခြင်းကို ရှောင်ဖို့လိုပါတယ်နော်။