အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ
healthcare.com.mm
|
2020-06-18


ကလေးမှန်သမျှ သုံးလသားအရွယ်အထိ ညဘက်တရေးနိုးလေ့ ရှိသည်။ ကလေးက ဆာသည်။ ထို့ကြောင့်ညဘက် နို့ထတိုက်ပေးရန် လိုသည်။ ကလေးအချို့ ဆိုပါက ၆လသား လောက်အထိ ညည တရေးနိုးတတ်သည်။ ထိုသို့ လစဉ် ကလေးနို့ဆာ၍ နိုးလာသဖြင့် နို့တိုက်ပြီးသည့်အခါ အထူးသဖြင့် ညရေးညတာတွင် ကလေးပြန်သိပ်နိုင်ဖို့ အရေးကြီး သည်။ ခဏတစ်ဖြုတ်သာ အိပ်ပြီး ချက်ချင်း ပြန်နိုးလာတတ်သော ကလေးများကိုလည်း ယင်းနည်းတူ ချော့မော့ကာ ပြန်သိပ်နိုင်ရန် ဂရုစိုက်ဆောင်ရွက် ပေးသင့်သည်။ ကလေးလရင့်လာသောအခါ၊ အသက်ရလာသောအခါ အသိပ်ရခက်သော ကိစ္စများလည်း ကြုံရတတ်သည်။ ကလေးက ရွှင်ကာ ဆော့နေသည်။ အိပ်ရာမဝင် ပုခက်ထဲ ထည့်သိပ်၍ မရ။ အချို့ကလည်း တရေးနိုးလာမှ ကြည်ကြည်လင်လင်နဲ့ နိုးလာကာ ထဆော့တော့သည်။ အဆိုပါ ကလေးမျိုးအတွက် အိပ်ချိန်သတ်မှတ်ပေးကာ အိပ်ချိန်တန် အိပ်ရာဝင်တတ်အောင် လေ့ကျင့်ပေးရသည်။ ပြန်ချော့မော့ သိပ်ပေးရသည်။ ကလေးနေမကောင်းလျှင်၊ အိပ်ရာပြောင်းလျှင်၊ အိပ်ချိန်ကမောက်ကမ ဖြစ်လျှင်၊ ကလေးအစားအသောက် လျှော့လာလျှင် ယာယီ အအိပ်မမှန်သော ပြဿနာများ ကြုံရလေ့ရှိပါသည်။ ဆရာဝန်နဲ့အရင်ပြရန် • ကလေးနေမကောင်းလျှင်၊ (သို့) ကလေးအအိပ်အနေ ယိုယွင်းသည်ဟု သံသယရှိလျှင်။ • အိပ်နေလျက်သားက စူးစူးဝါးဝါး အော်ဟစ်ငိုယိုကာ မည်သည့်နည်းနှင့်မှ ပြန်သိပ်၍ မရလျှင် ဆရာဝန်နှင့် ပြသကာ ကုသမှုခံယူသင့်သည်။ လက်တွေ့နည်းများ အိပ်ရာဝင်သည့် အလေ့အကျင့်ရစေရန်ဆောင်ရွက်ပေးခြင်းများကို ညစဉ် အောက်ဖော်ပြပါ အဆင့်များအတိုင်း အစဉ်လိုက် ဆောင်ရွက်သွားနိုင်ပါက ကလေးတစ်ညလုံး ကောင်းကောင်း အိပ်သွားစေနိုင်ပါတယ်။ • ကလေးကိုညနေတိုင်း အချိန်မှန် ရေချိုးပေးပါ။ ထိုအချိန်သည် ဆိတ်ငြိမ်အေးချမ်းသော ကာလဖြစ်နေသင့်သည်။ ထိုသို့ ရေချိုးပေးနေစဉ် ကလေးကို အမြှူမလွန်စေသင့်။ ကလေး စိတ်အားထက်သန်စွာ လှမ်းဆွဲ၊ ဆော့ကစားနိုင်လောက်သည့် အရာများလည်း အနီးအနားတွင် ရှိမနေစေသင့်ပါ။ ကလေးသည်လည်း စိတ်အေးလက်အေး ရှိနေစေသင့်သည်။ • ခြောက်လလောက်ကလေးဆိုပါက လေဝင်လေထွက်ကောင်းသော ပုခက်ထဲတွင် ပက်လက်ထားပါ။ ပုခက်လွှဲနေစဉ် ကလေးရင်ဘတ်ပေါ်တွင် သင့်လက်တစ်ဖက် တင်ထားပါ။ သီချင်းဆို သိပ်ပါ။ ထိုပုံစံအတိုင်း ဆိုနေကျ သီချင်းကိုပင် ညစဉ်ဆိုသိပ်ပါ။ သီချင်းသံ ကြားသည်နှင့် အိပ်ရတော့မည်ကို ကလေးသိသွားလိမ့်မည်။ • ကလေးကြီးလာလျှင် အိပ်ရာဝင်ပုံပြော၊ စာဖတ်ပြသော အလေ့အကျင့်လုပ်ထားပါ။ ကလေးနှစ်သက်ရာ၊ ဖက်လုံး၊ ခွခေါင်းအုံး၊ အရုပ် (အဝတ်စနှင့် ချုပ်သောအရုပ်) စသည်တို့ကိုလည်း ပေးထားပါ။ ထိုအရာတို့ကို အိပ်ခါနီး ဖက်ခွထားရမည့် အရာများဟု ကလေးသဘောပေါက် အကျင့်ရသွားလိမ့်မည်။ သို့နှင့်ပင် ပုံနားထောင်ရင်း အရုပ်ကိုဖက်ရင်း မျက်တောင်စင်းလာကာ အိပ်ပျော်သွားလိမ့်မည်။ • ကလေးကား အရုပ်၊ ဖက်လုံး စသည်တို့ကို ဖက်ခွကွေးနေရလျှင် လုံခြုံ ငြိမ်းချမ်း သက်သောင့်သက်သာ ရှိလာကာ အိပ်ရာဝင် ကြားခံပစ္စည်းအဖြစ် မှတ်ယူပွေ့ဖက်ရင်း အိပ်ပျော်သွားမည်။ Credit : ဒေါက်တာသန်းထွဋ်သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


#ကလေး
#အိပ်ချိန်
#လသား
#ဆရာဝန်
#အိပ်ရာ

Some text some message..