ဝမ်းချုပ်ခြင်းကြောင့် စိတ်မရှုပ်ရစေလို
ondoctor.com.mm
|
2020-07-09



အိမ်သာကမုတ်ဖြူဖြူမှာ ရဲနေသောသွေးစက်ကိုတွေ့လိုက်ရသော မြတ်လေး ကြောက်လန့်ကာ ထအော်ခေါ်ပါတော့တယ်။

“မေမေရေ လာပါအုံး”

အိမ်သာထဲမှ သမီးဖြစ်သူ ရဲ့အလန့်တကြားအော်သံကြောင့် မနွယ် တစ်ယောက် လန့်ဖျပ်ကာသွားသည်။

“သမီးရေ အထဲမှာ ဘာဖြစ်နေလဲ၊ ချော်လဲတာလား ၊တံခါးဖွင့်”

စိုးရိမ်စိတ်ဖြင့် မနွယ်မှာ အိမ်သာတံခါးကိုဆက်တိုက်ခေါက်တော့သည်။

တံခါးပွင့်သော် ငိုမဲ့မဲ့ဖြစ်နေသော သမီးဖြစ်သူ မြတ်လေးကို မြင်ရတော့ ပိုလို့ပင်စိုးရိမ်သွားသည်။

“သမီးရေ ဘာဖြစ်တာတုန်း။ အမေ လန့်လိုက်တာ”




“သမီး ဝမ်းသွားတာ သွားမရဘဲ ချုပ်နေလို့ တစ်အားညှစ်ပါလိုက်တာ သွေးပါလာလို့။ စအိုဝလည်း စပ်လွန်းလို့ ဝမ်းတောင် ဆက်မသွားနိုင်ဘူး မေမေရေ”

“ငါ့သမီးက ဖြစ်မှာပေါ့။ ရေသောက်လည်း နည်းတယ်။ အသီးအရွက်လည်း မစားချင်။ ကိုဗစ်ရောဂါနဲ့ ကျောင်းတွေက ပိတ်တော့ ကိုယ်လက်လှုပ်ရှားမှုကလည်း နည်းတော့ ဝမ်းချုပ်ပြီပေါ့ သမီးရယ်။ သမီး အစ်ကို ခဏနေဆေးရုံက ပြန်လာရင် ပြောပြလိုက်”

အစားစားလျှင် ဟင်းသီးဟင်းရွက် မစားဘဲ ဟင်းချေးများတတ်သော သမီးဖြစ်သူ ကိုလည်း ကရုဏာဒေါသဖြင့်ဆူပူမိတော့သည်။ မနွယ်၏ သားကြီးဖြစ်သူ ကျော်ကျော် မှာ ရန်ကုန်ဆေးရုံကြီးတွင် အလုပ်သင်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်နေသော ဆရာဝန်လောင်းတစ်ယောက်ဖြစ်ပါသည်။ မြတ်လေးက ကျောင်းတွေပြန်ဖွင့်ရင်အဌမတန်း တက်ရောက်ဖို့စောင့်နေသူလေး။

သားဖြစ်သူ ပြန်ရောက်သောအခါ “သားရေ သားညီမလေး ဝမ်းချုပ်စမြင်းခံတာကို အတင်းညှစ်ပါလို့လေ ဝမ်းသွားတာ သွေးလေးမြင်လိုက်လို့တဲ့။ စအိုနားက နာလည်း နာတယ်တဲ့။ မေးစမ်းပါအုံး”

“ဟုတ်ကဲ့ မေမေ။ ပြီးရင်ကြည့်ပေးလိုက်မယ်။ သားအခု ရေချိုး သန့်ရှင်းရေး အရင်လုပ်လိုက်အုံးမယ်နော်”

ထို့နောက် ကျော်ကျော်သည် မျက်နှာငယ်လေးဖြင့် သူရေချိုးပြီးတာ ထိုင်စောင့်နေသော ညီမလေးနားသွားကာ

“ညီမလေးက အသီးအရွက်မစားဘဲ အသားတွေပဲစားတယ်။ ရေသောက်ဖို့ မေ့တယ်။ ခုတော့ ဖြစ်ပြီမလား”

“ကိုကိုနော် ဒီမှာ သွေးမြင်လို့ လန့်ပါတယ်ဆိုမှဆူနေပြန်ပြီ။ တော်ကြာ လိပ်ခေါင်းတွေ ဘာတွေဆို ဒုက္ခပါပဲ”

“ညီမလေး ဝမ်းချုပ်လို့ အတင်းညှစ် ဝမ်းသွားတော့ စအိုနံရံကွဲပြီး စပ်မှာ နာမှာပေါ့။နာတဲ့အပြင် ခဏခဏ အဲ့သလိုဖြစ်ရင် ကွဲနေတဲ့ စအိုနံရံကြားထဲ မစင်ထဲက အညစ်အကြေး ရောဂါပိုးဝင်ပြီး ပြည်တည်အနာဖြစ်တတ်တယ်။အဲ့တော့မှ ရောဂါကြီးမှာစိုးလို့ ကိုကိုက စေတနာနဲ့ပြောနေတာ”

“အဲ့ဒါ အခု ဘယ်လိုလုပ်ရမှာလဲ။ ညီမလေးကို အပ်ကြီးနဲ့ ဆေးထိုးမှာလား။ ဆေးခါးကြီးတွေ သောက်ရမှာလား”

“အဲ့ဒါတွေ တစ်ခုမှ လုပ်ဖို့ မလိုဘူး။ ညီမလေး ပုံမှန်လုပ်ရမှာ ရေများများသောက်ရမယ်။ fiber လို့ခေါ်တဲ့ အမျှင်ဓာတ်များများပါတဲ့ ငှက်ပျောသီး၊လိမ္မော်သီး၊ ပန်းသီး ၊ အရွက်များများ စားပေးရမယ်။ အစေ့အဆံလေးတွေ စားပေးရမယ်။ ကိုယ်လက်လှုပ်ရှား ကစားတာ လုပ်ရမယ်”

“အဲ့လိုတွေ စားရင် တကယ် ဝမ်းမချုပ်တော့ဘူးဆို စားမယ်၊ ရေလည်း မှန်မှန်သောက်မယ်”

မနွယ်သည် အားကိုးရသော သားကြီးနှင့် အစ်ကိုဖြစ်သူကို ကပ်ချွဲနေသော သမီးလေးအားကြည့်ကာ ကြည်နူးပီတိဖြစ်နေတော့သည်။

Author – ဒေါက်တာခွာဖြူ


#ညီမလေး
#မြတ်လေး
#သမီး
#အိမ်သာ
#မေမေ

Some text some message..