ပိန္နဲသီးဟာ အဆန်းတကြယ်ဖြစ်တဲ့ အသီးမျိုးမဟုတ်ပေမယ့်လည်း ကျန်းမာရေးအတွက်တော့ တော်တော်အကျိုးရှိစေတဲ့ အသီးတမျိုးဘဲဖြစ်ပါတယ်။ ဒီတော့ ပိန္နဲသီးကို စားသုံးတာဟာ ဘယ်လိုအကျိုးကျေးဇူးတွေရရှိလာနိုင်သလဲဆိုတာ သိစေနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
ဖျားနာခြင်းကို တိုက်ထုတ်နိုင်စွမ်းရှိပါတယ်
အအေးမိ၊ ဖျားနာခြင်း အစရှိတဲ့ရောဂါတွေဟာ လူတိုင်းမကြာခဏဖြစ်လေ့ရှိတဲ့ရောဂါမျိုးဖြစ်ပါတယ်။ ပိန္နဲသီးတွင် ဗီတာမင်-စီ ၂၀မီလီဂရမ် ပါရှိပြီး ဗီတာမင်-စီဟာ အအေးမိခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း အစရှိတာတွေကိုကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ဗီတာမင်-စီသည် ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး အနာရောဂါတွေကိုလည်း လျင်မြန်စွာသက်သာနိုင်စွမ်းရှိပါတယ်။
စိတ်ဖိစီးမှုဒဏ်ကိုလျော့ချပေးပါတယ်
ပိန္နဲသီးတွင် norepinephrine အပါအဝင် အဟာရဓါတ်များစွာပါရှိတဲ့အတွက် စိတ်ပိုင်းဆိုင်ရာခံစားမှုများကိုထိန်းချုပ်ဖို့နဲ့ ဦးနှောက်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတို့အတွက် စားသုံးဖို့အကြုံပြုခြင်းခံရတဲ့ အသီးတမျိုးဘဲဖြစ်ပါတယ်။
အသားအရည်ကို ကောင်းမွန်စေပါတယ်
ပိန္နဲသီးရဲ့ အသားမှာတင်မကဘဲ သူ့ရဲ့အစေ့မှာလည်း အဟာရဓါတ်များစွာပါရှိပါတယ်။ သူရဲ့ အစေ့ကို ကြိတ်ထောင်းပြီးဘဲဖြစ်ဖြစ် ကျောက်ပျဉ်မှာသွေးပြီးဘဲဖြစ်ဖြစ် ရရှိလာတဲ့ သတ္တုရည်ကို ပျားရည် ဒါမှမဟုတ် နွားနို့အစရှိတာတွေနဲ့ ရောစပ်ပြီး မျက်နှာအရေးအကြောင်းများကို လျော့ချဖို့၊ နူးညံ့တဲ့အသားအရေကိုပိုင်ဆိုင်နိုင်ဖို့နဲ့ နုပျိုသောအသွင်အပြင်ကို ရရှိနိုင်ဖို့အတွက် အသုံးချလို့ရပါတယ်။
အမြင်အာရုံကို ကောင်းမွန်စေပါတယ်
ပိန္နဲသီးတွင် ဗီတာမင်များစွာပါရှိပြီး antioxidants များလည်းပါရှိတာကြောင့် အမြင်အာရုံပိုင်းဆိုင်ရာတွေအတွက် ကောင်းစွာအကျိုးဖြစ်ထွန်းစေပါတယ်။ အသက်အရွယ်ကြီးပြင်းလာချိန်မျိုးမှာ ဖြစ်ပေါ်လာတတ်တဲ့ အမြင်အာရုံချို့ယွင်းခြင်းများကို ပြန်လည်ပြုပြင်ပေးနိုင်ဖို့အတွက် အကောင်းဆုံးသောအသီးတမျိုးလည်းဖြစ်ပါတယ်။
ဆံပင်တွေကို ကျန်းမာသန်စွမ်းစေပါတယ်
ပိန္နဲသီးတွင် ပါရှိတဲ့ ဗီတာမင်-အေဟာ အမြင်အာရုံကို အထောက်အကူပြုရုံသာမကဘဲ ဆံပင်ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။ ဗီတာမင်-အေ သည် သွေးလည်ပတ်မှုကို တိုးတက်စေပြီး ဦးခေါင်းဆီသို့ သွေးစီးဆင်းမှုများပြားလာစေတဲ့အတွက် ဆံပင်တွေကို ယခင်ကထက် ပိုမိုသန်စွမ်းစေပါတယ်။ ဆံပင်ကျွတ်ခြင်း၊ ဆံသားပြတ်တောက်ခြင်း၊ မွဲခြောက်ခြင်းများဖြစ်ပေါ်နေပါက ပိန္နဲသီးကို စားသုံးပေးသင့်ပါတယ်။
ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်
ပိန္နဲသီးသည် နှလုံးကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။ ကောင်းမွန်တဲ့ သကြားဓါတ်၊ အမျှင်ဓါတ်များသည် ခန္ဓာကိုယ်ကို လိုအပ်တဲ့စွမ်းအင်များပြောင်းလဲပေးရုံသာမကဘဲ ကိုလက်စထရောပါဝင်မှုနည်းပါးတာကြောင့် ကိုယ်အလေးချိန်လျော့ချပေးဖို့ကိုပါ အထောက်အကူဖြစ်စေပါတယ်။
#Lifestyle_Myanmar
#Dmo_aung
#Ref- thejoint
Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။