ရှမ်းအရှေ့တွင် ဆုံဆို့နာရောဂါ ကပ်ရောဂါအသွင်ဖြစ်ပွား၊ သေဆုံးသူ ၆ဦးအထိရှိလာ
mmtimes.com
|
2020-08-15

ရှမ်းအရှေ့တွင် ဆုံဆို့နာရောဂါ ကပ်ရောဂါအသွင်ဖြစ်ပွား၊ သေဆုံးသူ ၆ဦးအထိရှိလာ

ရှမ်းအရှေ့တွင် ဆုံဆို့နာရောဂါ ကပ်ရောဂါအသွင်ဖြစ်ပွားနေပြီး သေဆုံးသူ ၆ဦးအထိရှိလာ၍ အမြန်ဆုံး ထိန်းချုပ်နိုင်ရန်ဆောင်ရွက်နေရကြောင်း ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်မြင့်ကျော်က မြန်မာတိုင်းမ်သို့ ပြောသည်။

"ဒီရောဂါက ကူးစက်တာလည်း မြန်တယ်။ သေဆုံးတာလည်း ရှိတယ်ဆိုတော့ အချိန်မီကာကွယ်ထိန်း ချုပ်ဖို့ လိုပါတယ်။ရောဂါဖြစ်ပွားတဲ့သူတွေဟာ အချိန်မီ ကျန်းမာရေးဌာနကို ပြသဖို့လို ပါတယ်။ ကျန်းမာရေးဌာန အနေနဲ့ကလည်း တုန့်ပြန်ဆောင်ရွက်မှုတွေ ချက်ချင်းဆောင်ရွက်ဖို့ လိုပါတယ်။ အခုဖြစ်ပွားပုံကိုကြည့်တဲ့အခါမှာ ဆုံဆို့နာရောဂါဟာ အသက် ၈နှစ်မှ ၁၀နှစ်ဝန်းကျင်ကလေးတွေမှာ အဖြစ်များပါတယ်။"ဟု ဒေါက်တာမြင့်ကျော်က ပြောသည်။

အဆိုပါလူနာသစ်ရှာဖွေမှု (active case search) လုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ၌ တာချီလိတ်၊ မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းဖြတ်နှင့် မိုင်းတုံမြို့နယ် စသည့် မြို့နယ် ၅ခုတွင် လူနာစုစုပေါင်း ၄၅ ဦးတွေ့ရှိခဲ့ရပြီး သေဆုံးလူနာပေါင်း (၆) ဦးရှိခဲ့သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ဆုံဆို့နာရောဂါ ကပ်အသွင်ဖြစ်ပွားမှု (outbreak) သတင်းကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်သို့ဩဂုတ်လ (၂) ရက်နေ့တွင် သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်၍ ဩဂုတ်လ (၄) ရက်မှစတင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒေါက်တာအောင်မြတ်ဌေး ဦးဆောင်သော အဖွဲ့နှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ ဒေါက်တာနှင်းအိဖြူ ဦးဆောင်သော အဖွဲ့တို့က ဩဂုတ်လ (၆) ရက်နေ့မှ သြဂုတ် ၈ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း ဒေါက်တာမြင့်ကျော်ကဆိုသည်။

ဆုံဆို့နာရောဂါသည် (Corynebacterium diphtheriae) ဘက်တီးရီးယားရောဂါပိုး ကူးစက်ခံထားရသူ နှာချေ၊ ချောင်းဆိုးရာမှတစ်ဆင့် ထွက်လာသော ရောဂါပိုးပါဝင်သည့်အစက်အမှုန်များ (Droplets) အသက်ရှူ လမ်းကြောင်းအတွင်း တိုက်ရိုက်ဝင်ရောက်ခြင်းဖြင့် အများဆုံးကူးစက်နိုင်ပြီး ရောဂါပိုးရှိသူ၏ အနာများ (Sores or Ulcers) ကို ထိတွေ့မိရာမှတစ်ဆင့်လည်း ကူးစက်နိုင်သောရောဂါဖြစ်သည်။

လက်ရှိတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှ မြို့နယ် (၅) မြို့နယ်တွင် ဆုံဆို့နာရောဂါလူနာစုစုပေါင်း (၄၅) ဦးရှိပြီး သေဆုံးလူနာပေါင်း (၆) ဦးရှိမှုသည် COVID-19 ကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ (၆) ဦးနှင့် အရေအတွက် တူညီနေသည့်အတွက် ကာကွယ်ဆေးများကို ဝန်ကြီးဌာနမှ အခမဲ့ထိုးနှံတိုက်ကျွေးပေးနေမှုနှင့် သတ်မှတ်အသက်အရွယ်တွင် ကာကွယ်ဆေးများကို အကြိမ်ရည်ပြည့် ထိုးနှံတိုက်ကျွေးရန် အထူးအရေး ကြီးမှုတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ဆောင်ရွက်ကြရန် ကျန်းမာရေးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သြဂုတ်၁၄ရက်က သတိပေးတိုက်တွန်းထားသည်။

အဆိုပါရောဂါလက္ခဏာများမှာ လည်ချောင်းနာခြင်း၊ အစာစားလိုစိတ်မရှိခြင်း၊ ဖျားခြင်း၊ နှာရည်ယိုခြင်း၊ လည်ပင်း အကျိတ်များ ရောင်ရမ်းခြင်း၊ အာခေါင်တွင် ဖြူပြာရောင် (သို့မဟုတ်) မီးခိုးရောင်ရှိသော အမြှေးပါး ပေါ်ပေါက်လာခြင်း၊ ၎င်းအမြှေးပါးကြောင့် အစာမမျိုနိုင်ခြင်းနှင့် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့သဖြင့် အသက်ရှူရ ခက်ခဲခြင်းဖြစ်ပွားပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်၍ နီးစပ်ရာ ကျန်းမာရေးဌာနကို ချက်ခြင်းသွားရောက် ပြသရန် အကြံပြုတိုက်တွန်းလိုကြောင်း ဒေါက်တာမြင့်ကျော်က ဆိုသည်။

ဆုံဆို့နာရောဂါသည် အရေပြားအနာများ အနေဖြင့်လည်း တွေ့ရှိရနိုင်ပြီးဆုံဆို့နာဘက် တီးရီးယား ရောဂါပိုးမှ ထွက်ရှိသောအဆိပ် (Toxin) သည် နှလုံး၊ ကျောက်ကပ်နှင့် အာရုံကြောစနစ်သို့ ပျံ့နှံ့သွားပါက ရောဂါပြင်းထန်ပြီး အသက်သေဆုံး နိုင်သည့်အတွက်ဆုံဆို့နာရောဂါကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ-ဘီနှင့် ဦးနှောက်အမြှေးရောင် (Hib) ရောဂါတို့အား ကာကွယ်နိုင်သည့် "ငါးမျိုးစပ် ကာကွယ်ဆေး (Pentavalent Vaccine)" ထိုးခြင်းဖြင့် ကာကွယ်နိုင်မည်ဖြစ်သည်။

ဆုံဆို့နာရောဂါလက္ခဏာများခံစားရခြင်း(သို့မဟုတ်)ဆုံဆို့နာရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးဆက်သွယ်၍ ကုသမှုခံယူမှသာ ရောဂါကြောင့် အသက်သေဆုံးမှုကို ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆုံဆို့နာရောဂါအပါအဝင် ရောဂါငါးမျိုးကာကွယ်နိုင်သည့် ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent Vaccine) ကို ကလေးအသက် (၂) လ၊ (၄) လ နှင့် (၆) လ အရွယ်တွင် အခမဲ့ ထိုးနှံပေးနေသဖြင့် မိမိ၏ရင်သွေးငယ်အား မပျက်မကွက်ရယူထိုးနှံပေးရန် သြဂုတ် ၁၄ရက်က ထပ်မံတိုက်တွန်းထားသည်။

၂၀၁၉ခုနှစ်အတွင်း ဆုံဆို့နာရောဂါသံသယလူနာတစ်ဦး ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တွေ့ရှိခဲ့ပြီး ယင်းတစ်ဦးသာ သေဆုံးခဲ့သည်။


#ဆုံဆို့နာ
#ရောဂါ
#အရှေ့ပိုင်း
#ကာကွယ်ဆေး
#ရှမ်းပြည်နယ်

Some text some message..