မနက်စာမစားဘဲ မနေသင့်တဲ့ ကျန်းမာရေးဆိုင်ရာရှုထောင့်များ
lifestylemyanmar.com
|
2020-08-16



တနေ့လုံးအလုပ်တွေရှုပ်နေလို့ နေ့လည်စာစားဖို့တောင် မေ့သွားတယ်ဆိုတာက ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်လည်း တမင်သက်သက် မနက်စာကိုမစားဘဲနေတာကတော့ ကောင်းတဲ့အကြံမဟုတ်ဘူးလို့ ပြောချင်ပါတယ်။ မနက်စာမစားဘဲ ကယ်လိုရီတွေရှောင်တာ သို့မဟုတ် ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေမစားမိအောင်လို့ဆိုပြီး တွေးနိုင်သော်ငြားလည်း ဗိုက်ပြည့်စေမယ့်မနက်စာကို စားပေးတာကတော့ အင်မတန်ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ ဒီလိုတစ်နေ့တာလုံးအတွက် အရေးကြီးတဲ့ မနက်စာကို မဖြစ်မနေ ဘာလို့စားပေးသင့်လဲဆိုတဲ့ အကြောင်းအရင်းတွေကို ပြောပြပေးချင်ပါတယ်။




မနက်စာမစားခြင်းက သွေးတွင်းသကြားဓါတ်ကို ကသောင်းကနင်းဖြစ်စေခြင်း

တစ်နေ့တာလုံးရဲ့အဆုံးသတ်ညနေခင်းမှာ အားလုံးဝမရှိတော့ဘဲ ပင်ပန်းနွမ်းနယ်နေသလိုမျိုး ခံစားနေရပါသလား။ နေ့လည်နေ့ခင်းတွေမှာ အိပ်ငိုက်တယ်၊ အစာမစားရသေးခင် စိတ်တိုတယ်၊ အစားမစားဖြစ်ဘူးဆို ခေါင်းတွေကိုက်တယ် ဒီလိုအခြေအနေမျိုးတွေဟာ သင့်ရဲ့ခန္ဓာကိုယ်က သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းချုပ်နိုင်စွမ်းရည် လျော့ကျလာပြီဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ဒါကြောင့် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီတို့ပါဝင်တဲ့ မနက်စာကို စားပေးခြင်းက သွေးတွင်းသကြားဓါတ်ပမာဏကို ပုံမှန်ဖြစ်စေကာ အားအင်ကိုလည်းတိုးစေမှာဖြစ်ပါတယ်။

မနက်စာမစားလို့ ကယ်လိုရီကိုမလျှော့ချနိုင်ပါဘူး

လူအများစုက ကယ်လိုရီတွေလျှော့ချဖို့ဆိုပြီးတော့ မနက်စာမစားဘဲ နေကြတယ်ပေမယ့်လည်း တကယ်တမ်းက ပြောင်းပြန်ဖြစ်စေပါတယ်။ ဗိုက်ဆာတဲ့အချိန်မှာမစားဘဲ အချိန်အကြာကြီး စောင့်နေပြီးမှ စားမယ်လို့ထိုင်လိုက်ချိန်မှာ စားချင်စိတ်ကိုမထိန်းနိုင်တော့လို့ လိုတာထက်ကို ပိုပြီးစားသုံးမိနိုင်ပါတယ်။ ဒါကြောင့် မနက်စောစော အိပ်ရာထလို့ ဗိုက်ဆာနေတဲ့အချိန်မှာ မနက်စာကိုစားပေးခြင်းက အကောင်းဆုံးပါပဲ။




မနက်စာက နေ့လည်နေ့ခင်းတွေမှာ နေလို့ထိုင်လို့ကောင်းစေခြင်း

မနက်အိပ်ရာထတဲ့အချိန် ဗိုက်မဆာဘူးဆိုရင် မနက်စာကိုမစားလည်း ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ဗိုက်ဆာနေတာကို လျစ်လျူရှုပြီး နေ့လည်စာအထိ တောင့်ခံနေမယ်ဆိုရင်တော့ ပင်ပန်းသလိုခံစားရပြီး ပိုပြီးတော့လည်း ဆာလောင်နေမှာဖြစ်ပါတယ်။ နေ့လည်ခင်းအထိ ဘာမှမစားဘဲနေမယ်ဆိုရင် နှေးကွေးလေးလံနေသလို၊ စိတ်ကသိကအောက်ဖြစ်နေသလိုနဲ့ အာရုံစူးစိုက်လို့မရသလိုမျိုးတွေ ခံစားလာရနိုင်ပါတယ်။

မနက်စာက တစ်နေ့တာအတွက် အားဖြည့်ပေးခြင်း

အင်မတန်အလုပ်တွေရှုပ်လှတဲ့ တစ်နေ့တာကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့အတွက် မနက်စာဆိုတဲ့ လောင်စာကို လူတိုင်းလိုအပ်ပါတယ်။ ဗိုက်ထဲမှာဘာအစာမှမရှိတဲ့ ခန္ဓာကိုယ်ကို တစ်မနက်လုံး လှုပ်လှုပ်ရှားရှားအလုပ်လုပ်ခိုင်းခြင်းက ဆီမရှိ၊ ဂတ်စ်မရှိတဲ့ကားကို မောင်းခိုင်းနေသလိုဖြစ်နေပါတယ်။ မနက်ခင်းမှာကတည်းက ခန္ဓာကိုယ်ကို အစားအစာဖြည့်တင်းထားမယ်ဆိုရင်တော့ တစ်နေကုန်သွားလာလှုပ်ရှားနိုင်မှာဖြစ်ပါတယ်။




အရေးကြီးတဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးခြင်း

နေ့ခင်းနောက်ပိုင်းတွေမှာ သိပ်ပြီးမစားသုံးဖြစ်တဲ့ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သံဓာတ်၊ ဗီတာမင်ဒီနှင့် ဖိုက်ဘာတို့လို အာဟာရဓာတ်တွေကို မနက်ခင်းမှာ စားသုံးပေးသင့်ပါတယ်။ မနက်စာကိုမစားခြင်းက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ American College of Cardiology မှပြုလုပ်တဲ့ သုတေသနတွေက ဖော်ပြထားပါတယ်။

#Lifestyle_Myanmar

#Dmo_aung

Ref- thedailymeal




Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#မနက်စာ
#နေ့ခင်း
#နေ့လည်စာ
#သကြား
#မနက်ခင်း

Some text some message..