Sex Education က ဘာကြောင့်အရေးပါလဲဆိုတဲ့ အကြောင်းပြချက်များ
lifestylemyanmar.com
|
2020-09-02



ကျောင်းတွေမှာ လိင်ပညာပေးဆိုင်ရာ ကိစ္စရပ် (Sex Education) တွေကို သင်ကြားဖို့ သင့်တော်လား၊ မသင့်တော်လားဆိုတဲ့ အချက်ကို အမြဲတမ်းလိုလို အငြင်းပွားလေ့ရှိပါတယ်။ အထူးသဖြင့် ရှေးရိုးစွဲနိုင်ငံတွေ၊ ဘာသာတရားကိုးကွယ်မှု ပြင်းထန်တဲ့ နိုင်ငံတွေမှာ ဒါမျိုးတွေက အမြဲတမ်း ဖြစ်နေကျပါ။ ဒါပေမယ့် တစ်ဖက်မှာလည်း လိင်ပညာပေးဆိုင်ရာကိစ္စရပ်တွေကလည်း အရေးပါနေပါတယ်။ အဲ့ဒါကြောင့် ဒါတွေကို ဘာကြောင့်သင်ကြားပေးသင့်လဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။




၁။ ဒါကိုသင်ပေးလိုက်လို့ မဖြစ်သင့်တာတွေ မဖြစ်လာဘူး။

တော်တော်များများ မိဘတွေက လိင်ကိစ္စတွေကို သင်ပေးလိုက်လို့ အရွယ်မတိုင်ခင် မဖြစ်သင့်တာတွေ၊ ဖြစ်လာနိုင်တယ်ဆိုပြီး ငြင်းခုံကြပေမယ့် လက်တွေ့မှာတော့ ဆယ်ကျော်သက်တွေဟာ ဒီလိုမျိုး အသိပညာပေးခံရလို့ အရွယ်မတိုင်ခင် လိင်ဆက်ဆံတာမျိုးတွေ မြင့်တက်လာတာမရှိဘူးလို့ ဆိုပါတယ်။




၂။ သိသင့်တာတွေ သိထားဖို့လိုအပ်တယ်။

အကြီးမားဆုံး ပြဿနာတွေထဲက တစ်ခုကတော့ ဆယ်ကျော်သက်တွေအနေနဲ့ လိင်ပညာပေးဆိုင်ရာကိစ္စရပ်တွေကို မသိထားဘူးဆိုရင် လိင်မဆက်ဆံဖို့အတွက် ဘယ်လိုမျိုး ထိထိရောက်ရောက်ငြင်းဆိုရမလဲဆိုတာကို မသိနိုင်တော့ပါဘူး။ အဲ့ဒါကြောင့်လည်း မိဘတွေ၊ ဆရာသမားတွေက ဒီမြီးကောင်ပေါက်အရွယ်တွေကို သူတို့အရွယ်နဲ့ ကိုက်ညီတဲ့ လိင်ကိစ္စတွေကို ဗဟုသုတရအောင် သင်ကြားပေးထားဖို့ လိုအပ်ပါတယ်။




၃။ မိုးကာပေးထားတိုင်း မိုးရွာရမယ်လို့ မဆိုလိုပါ။

ကျောင်းတွေမှာ လိင်ပညာပေးဆိုင်ရာကိစ္စရပ်တွေကို သင်ကြားပေးတိုင်း လိင်ဆက်ဆံဖို့မဟုတ်ပါဘူး။ ကျောင်းတွေမှာ ကွန်ဒုံးတွေ ထားပေးတာနဲ့ ကလေးတွေကို လိင်ဆက်ဆံဖို့ တွန်းအားပေးတယ်ဆိုတာက ရှေးခေတ်အယူအဆတွေပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်တစ်လျှောက်လုံး နိုင်ငံခြားက ကျောင်းအချို့မှာ ကွန်ဒုံးတွေ ထားပေးခဲ့ပေမယ့် အရွယ်မတိုင်ခင် လိင်ဆက်ဆံတာ ဒါမှမဟုတ် မကြာခဏ လိင်ဆက်ဆံချင်တယ်ဆိုတာမျိုးတွေ မရှိခဲ့ဘူးလို့ လေ့လာသူတွေက အခိုင်အမာဆိုထားကြပါတယ်။




၄။ ဆယ်ကျော်သက် (၂) ယောက်မှာ (၁) ယောက်က လိင်ဆက်ဆံဖူးပြီးသားဖြစ်တယ်။

ဆယ်ကျော်သက်တော်တော်များများက လိင်ကိစ္စတွေမှာ အရမ်းကို တက်တက်ကြွကြွရှိပြီး (၂၀၁၅) ခုနှစ်တုန်းက အမေရိကန်နိုင်ငံမှာ ကောက်ခံခဲ့တဲ့ စစ်တမ်းတွေအရ အထက်တန်းကျောင်းသား (၄၁) ရာခိုင်နှုန်းလောက်က အနည်းဆုံးတစ်ကြိမ် လိင်ဆက်ဆံဖူးတယ်လို့ သိရပါတယ်။ (၁၁.၅) ရာခိုင်နှုန်းကတော့ လိင်ဆက်ဆံဖော် (၄) ယောက်နဲ့အထက်ရှိပြီး (၅၇) ရာခိုင်နှုန်းကတော့ နောက်ဆုံးအကြိမ် လိင်ဆက်ဆံခဲ့တုန်းက ကွန်ဒုံးအသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ (၁၈) ရာခိုင်နှုန်းလောက်ကပဲ တားဆေးတွေကို အသုံးပြုခဲ့တာဖြစ်ပြီး လိင်စိတ်ပြင်းထန်တဲ့ အထက်တန်းကျောင်းသား (၅) ပုံ (၁) ပုံလောက်က လိင်မဆက်ဆံခင်မှာ တားမြစ်ဆေးသုံးစွဲတာ ဒါမှမဟုတ် အရက်သေစာသောက်စားတာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။




၅။ ဘေးကင်းမှုအပြည့်အဝရှိဖို့လိုအပ်တယ်။

(၂၀၀၇) ခုနှစ်က ထုတ်ဝေတဲ့ အမေရိကန် ပြည်သူ့ကျန်းမာရေးဂျာနယ်က ပထမဆုံးအကြိမ် အဖြစ် လိင်ဆက်ဆံဖူးတဲ့ ဆယ်ကျော်သက်တွေဟာ ကွန်ဒုံးကို အသုံးပြုလေ့ရှိပြီး ဒီလိုမျိုး အကျင့်ရှိတာကြောင့် နောက်ထပ်လိင်ဆက်ဆံတဲ့အခါတွေမှာလည်း ကွန်ဒုံးအသုံးပြုနိုင်ချေ (၃၀) ရာခိုင်နှုန်းအထိ ပိုမိုများပြားနိုင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီလိုကွန်ဒုံးအသုံးပြုခြင်းက လိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။




၆။ လူကောင်းတစ်ယောက်ဖြစ်ဖို့။

ယောက်ျားလေးတွေဟာ အသက်အရွယ်ကြီးမားလာတာနဲ့အမျှ လိင်ဆက်ဆံတဲ့နေရာမှာ ကွန်ဒုံးသုံးစွဲလိုစိတ်မရှိတော့ဘဲ ကျန်းမာရေးစစ်ဆေးမှုတွေကိုတောင် မပြုလုပ်လိုကြတော့ပါဘူး။ အကြီးမားဆုံး အန္တရာယ်တစ်ခုကတော့ သူတို့ကတစ်ဆင့် သူတို့ရဲ့လိင်ဆက်ဆံဖော်တွေကို မလိုလားအပ်ဘဲ လိင်နဲ့ပတ်သက်တဲ့ ရောဂါတွေ ကူးစက်သွားနိုင်ပါတယ်။ အဲ့ဒါကြောင့် ယောက်ျားကောင်းတစ်ယောက် ပီသဖို့အတွက် လိင်ပညာပေးကိစ္စရပ်ကို သေချာသင်ကြားပေးဖို့ လိုအပ်ပါတယ်။

၇။ လိင်ပညာပေးရဲ့ အဓိကပစ်မှတ်။

လိင်ကိစ္စနဲ့ပတ်သက်ပြီး ပညာပေးတိုင်း လိင်ဆက်ဆံဖို့မဟုတ်ပါဘူး။ အချိန်မတိုင်ခင် ကိုယ်ဝန်ရသွားတာမျိုးတွေမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာနဲ့ သားဆက်ခြားနည်းတွေကို ဘယ်လိုမျိုး သုံးစွဲရမလဲဆိုတာကို သိရှိဖို့အတွက် လိင်ပညာပေးနေရတာဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေကို လိင်ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ဘေးကင်းအောင်နေထိုင်ရမလဲနဲ့ မဖြစ်သင့်တာတွေ မဖြစ်အောင် ဘယ်လိုမျိုးရှောင်ကြဉ်ရမလဲဆိုတာကို စနစ်တကျ သင်ကြားပေးတာလည်းဖြစ်ပါတယ်။




၈။ လိင်ပညာပေးတိုင်း ကိုယ်ကျင့်တရားမပျက်စီးသွားဘူး။

ကျောင်းတွေမှာ လိင်ပညာပေးကိစ္စရပ်တွေ သင်ကြားပေးတိုင်း ကလေးတွေပျက်စီးသွားတယ်ဆိုတာမျိုးမရှိပါဘူး။ မိဘတွေကလည်း သူတို့ရဲ့ သားသမီးတွေကို ကိုယ်ကျင့်တရားကောင်းမွန်ဖို့ အမြဲတမ်း ထိန်းကျောင်းပေးနေရမှာဖြစ်ပြီး လိုအပ်လာရင်တော့ ကျောင်းက ဆရာ၊ ဆရာမတွေနဲ့အတူပူးပေါင်းပြီး ဆောင်ရွက်နိုင်တာတွေရှိပါတယ်။

၉။ ပိုသိထားတာကြောင့် ပိုပြီး ငြင်းဆန်နိုင်မယ်။

လိင်ကိစ္စနဲ့ပတ်သက်ပြီး ကောင်းကောင်းသိရှိထားတယ်ဆိုရင်တော့ ကလေးတွေက လိင်ကိစ္စတွေနဲ့ ပတ်သက်လာရင် ဘယ်လိုမျိုး ငြင်းဆန်ရမလဲဆိုတာကို ကောင်းကောင်းသိထားပါလိမ့်မယ်။ ဆယ်ကျော်သက်တွေက အဲ့ဒီလောက်အထိ ဦးနှောက်မမဲ့ပါဘူး။ ကျောင်းမှာ ဆရာ၊ ဆရာမတွေ သင်ပေးတာကိုတောင် အပြောင်အပျက်လုပ်နေသည့်တိုင် ကိုယ်ဝန်မရအောင်၊ ရောဂါကူးစက်မှုမဖြစ်ပွားအောင်ဆိုတဲ့ အသိတွေက သူတို့စိတ်ထဲ ကိန်းအောင်းနေမှာပါ။




၁၀။ လိင်ဆက်ဆံခြင်းအနေအထား။

ဆယ်ကျော်သက်တော်တော်များများက ပါးစပ်နဲ့ လိင်ဆက်ဆံတာကို မသင့်တော်ဘူးလို့ ယူဆလေ့ရှိပါတယ်။ တကယ်တမ်းလက်တွေ့မှာလည်း ပါးစပ်နဲ့ လိင်ဆက်ဆံတာက လိင်နဲ့ပတ်သက်တဲ့ရောဂါတွေကို ဖြစ်ပွားစေပြီး အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းနည်းတူ အခြားသော လိင်နဲ့ပတ်သက်တဲ့ရောဂါတွေကို ကူးစက်စေပါတယ်။ အဲ့ဒီတော့ ကလေးတွေအနေနဲ့ နောင်တစ်ချိန် လိင်ဆက်ဆံဖြစ်ခဲ့သည်ရှိရင်တောင်မှ ဘယ်လိုမျိုးနည်းလမ်းနဲ့ လိင်ဆက်ဆံတာက ဘေးကင်းနိုင်မလဲဆိုတာကို သိထားနိုင်မှာဖြစ်ပြီး သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို လုံလုံလောက်လောက် မသင်ကြားပေးလိုက်ရင်လည်း လိင်ဆက်ဆံတဲ့နေရာမှာ မှားယွင်းတဲ့ အပြုအမူတွေ ပြုလုပ်နိုင်ပါတယ်။


#လိင်ပညာ
#ဆယ်ကျော်သက်
#ကိစ္စရပ်
#ကျောင်း
#ကိုယ်ကျင့်တရား

Some text some message..