လောကကြီးမှာ လူအများစုက ညာသန်တွေပဲဖြစ်ပါတယ်။ အဲ့ဒီကြားထဲမှာ ဘယ်သန်လေးတွေကလည်း အဖိုးတန်တဲ့ပုဂ္ဂိုလ်တွေအဖြစ် ရှိနေပြီး သူတို့လေးတွေဆီမှာလည်း ထူးခြားတဲ့အချက်တွေ၊ ဘယ်သန်တွေအဖြစ်နဲ့ပဲ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေရှိနေတာကြောင့် ဒီနေ့မှာတော့ အဲ့ဒီအချက်လေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။
၁။ ကားမောင်းလိုင်စင်ရတာ ပိုပြီးလွယ်ကူတယ်။
ဘယ်သန်တွေက ကားမောင်းလိုင်စင်ဖြေတဲ့နေရာမှာ ညာသန်တွေထက်ပိုပြီး လွယ်လွယ်ကူကူနဲ့အောင်မြင်နိုင်တယ်လို့ ဆိုကြပါတယ်။ စစ်တမ်းတွေရဲ့အဆိုအရ ဘယ်သန် (၇၅) ရာခိုင်နှုန်းက ကားမောင်းလိုင်စင်ဖြေတဲ့နေရာမှာ တစ်ကြိမ်တည်းနဲ့ အောင်မြင်နိုင်ကြပြီး ညာသန် (၄၇) ရာခိုင်နှုန်းကသာ ကားမောင်းလိုင်စင်ဖြေတဲ့နေရာမှာ တစ်ကြိမ်တည်းနဲ့အောင်မြင်နိုင်ကြပါတယ်။ နာမည်ကျော် ဖော်မြူလာဝမ်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကစားသမားတွေဖြစ်တဲ့ Senna နဲ့ Rossi တို့ကလည်း ဘယ်သန်တွေပဲဖြစ်ကြပါတယ်။
၂။ ပိုက်ဆံပိုရှာနိုင်တယ်။
စစ်တမ်းတွေအရ ဘယ်သန်တဲ့လူတွေဟာ အခြားသူတွေထက် ဝင်ငွေ (၁၅) ရာခိုင်နှုန်းအထိပိုပြီးရှာနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်သန်တဲ့မိန်းကလေးတွေကတော့ အံ့အားသင့်ဖို့ကောင်းစွာနဲ့ပဲ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေထက် ဝင်ငွေ (၅) ရာခိုင်နှုန်းပိုမိုနည်းပါးတယ်လို့သိရပါတယ်။ ဒါကတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင် ယောက်ျားလေးနဲ့မိန်းကလေးအကြားက လစာငွေပမာဏကွာခြားမှုကြောင့်ဖြစ်နိုင်ပါတယ်။
၃။ စာရိုက်တာပိုမြန်တယ်။
တော်တော်များများက ဘယ်သန်တွေကို ကွန်ပျူတာစာရိုက်တဲ့နေရာမှာ နှေးကွေးတယ်လို့ထင်ကြပေမယ့် တကယ်တမ်းလက်တွေ့မှာတော့ ဘယ်သန်တွေက ညာသန်တွေထက် ပိုပြီး စာရိုက်မြန်ကြပါတယ်။ ဘယ်သန်တွေက စာလုံးရေ (၃,၄၀၀) လောက်ရိုက်ပြီးတဲ့အချိန်မှာ ညာသန်တွေကတော့ စာလုံးရေ (၄၅၀) လောက်သာရိုက်နိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ အခုအသုံးပြုနေတဲ့ ကွန်ပျူတာကီးဘုတ်လက်ကွက်တွေကို တီထွင်ခဲ့တဲ့ Christopher Latham Sholes ဆိုတဲ့ပုဂ္ဂိုလ်ကလည်း ဘယ်သန်တစ်ယောက်ပဲဖြစ်ပါတယ်။
၄။ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ပိုပြီးထူးချွန်ကြတယ်။
နောက်ဆုံးအမေရိကန်သမ္မတ (၅) ယောက်မှာ ဂျော့ဘုရှ်ကလွဲလို့ ကျန်တဲ့သူတွေအားလုံးက ဘယ်သန်တွေချည်းပဲဖြစ်ပါတယ်။ ဒ့ါအပြင် ဘယ်သန်အများစုက ကမ္ဘာကြီးကို လွှမ်းမိုးထားကြပြီး ပြဿနာဖြေရှင်းတဲ့နေရာမှာလည်း ညာသန်ပုဂ္ဂိုလ်တွေထက်ပိုမို ထူးချွန်ကြတာက သူတို့ရဲ့မွေးရာပါအရည်အချင်းလို့ဆိုရမှာပါ။
၅။ အားကစားနည်းအချို့မှာ ပိုပြီးထူးချွန်ကြတယ်။
တင်းနစ်ရိုက်တဲ့အခါမှာ ဘယ်သန်အများစုက ဆာဗင်စပေးလိုက်ပြီဆိုတာနဲ့ တစ်ဖက်ပြိုင်ဘက်ကစားသမားက ညာသန်တစ်ယောက်ဖြစ်နေပြီဆိုရင် ပြိုင်ဘက်အနေနဲ့ ကျိန်းသေပေါက် ပြဿနာတက်ပါပြီ။ ဒါ့အပြင် လက်ဝှေ့ထိုးတဲ့နေရာမှာလည်း ဘယ်သန်တွေက ညာသန်ပြိုင်ဘက်တွေကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ နာမည်ကျော်ရေကူးကစားသမားတစ်ဦးဖြစ်တဲ့ မာခ့်စပစ်ဇ်ကလည်း ဘယ်သန်တစ်ယောက်ပဲဖြစ်တာကြောင့် ဘယ်သန်တွေသာ တင်းနစ်၊ လက်ဝှေ့၊ ရေကူးအားကစားနည်းတို့အပြင် ခရစ်ကတ်ကစားနည်းတွေကို သေချာလေ့ကျင့်ကစားမယ်ဆိုရင် အခြားသူတွေထက် ပိုမိုထူးချွန်တဲ့သူတွေဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။
၆။ အချိန်တိုတိုနဲ့တန်းစီရမယ့်အရာကိုပဲ ရွေးချယ်ကြတယ်။
ဈေးဝယ်စင်တာတွေမှာ ဈေးဝယ်ပြီး ပိုက်ဆံရှင်းဖို့ တန်းစီတဲ့နေရာမှာလည်း ဘယ်သန်လေးတွေက အချိန်ခဏလောက်ပဲစောင့်ရမယ့်၊ တစ်နည်းအားဖြင့် တန်းစီနေတဲ့လူအရေအတွက်နည်းတဲ့ ငွေရှင်းကောင်တာကိုပဲ ရွေးချယ်ပြီးသွားလေ့ရှိပါတယ်။
၇။ အနုပညာမှာ ဖန်တီးနိုင်စွမ်းပိုမိုမြင့်မားတယ်။
ဘယ်သန်တွေက အနုပညာဆိုင်ရာကိစ္စရပ်တွေမှာ ပိုမိုအောင်မြင်လေ့ရှိပါတယ်။ ဥပမာပြောရရင် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေဖြစ်တဲ့ Picasso, Leonardo da Vinci နဲ့ Einstein တို့က ဘယ်သန်ပုဂ္ဂိုလ်တွေပဲဖြစ်ကြပါတယ်။ ဘယ်သန်တွေက ဒီလိုမျိုးအနုပညာဖန်တီးမှုစွမ်းရည်မှာ ပိုမိုသာလွန်တယ်ဆိုတဲ့အချက်အပေါ် ကျွမ်းကျင်သူတစ်ဦးရဲ့အဆိုအရ ဘယ်သန်တွေဟာ တစ်ခုခုလုပ်တဲ့အခါ၊ ဘာသာစကားတစ်ခုခုပြောတဲ့အခါမှာ သူတို့ရဲ့ ဦးနှောက်ညာဘက်အခြမ်းကိုပါ အသုံးပြုလေ့ရှိတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုမျိုးဦးနှောက်ရဲ့ညာခြမ်းကိုအသုံးပြုတာကြောင့်လည်း ဦးနှောက်ရဲ့ဖန်တီးနိုင်စွမ်းကို ပိုမိုမြင့်မားစေတယ်လို့ ဆိုစမှတ်ပြုခဲ့ကြပါတယ်။
#HM
#LifestyleMyanmar
Source: lifehack