ကလေးငယ်တွေ နှာခေါင်းပိတ်ခြင်းနဲ့ပတ်သတ်ပြီး မိဘတွေသိထားသင့်တဲ့အချက်များ
chitmaymay.com
|
2020-09-22



နှာခေါင်းပိတ်ဆို့ခြင်းဟာ ကလေးငယ်ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတခုပါ။ ကလေးငယ်တွေဟာ သာမာန်အအေးမိခြင်း၊ တုပ်ကွေးမိခြင်း အစရှိတာတွေမှာ နှာရည်ယို၊ နှာပိတ်တာမျိုးကိုပါ ပူးတွဲခံစားကြရလေ့ရှိပါတယ်။ ကလေးငယ်တွေရဲ့ နှာခေါင်းပိတ်တာမျိုးဟာ များသောအားဖြင့်တော့ ဗိုင်းရပ်စ်ကူးစက်ခြင်းရဲ့ လက္ခဏာတရပ်လို့ဆိုလို့ရပါတယ်။ ရံဖန်ရံခါမှာတော့ အအေးမိဖျားနာတာမျိုးကြောင့်မဟုတ်ဘဲ ဓါတ်မတည့်တဲ့ဖြစ်စဉ်တွေကြောင့် နှာခေါင်းပိတ်တာမျိုးဖြစ်ပွားတတ်ပါတယ်။




အအေးမိခြင်း၊ ဓါတ်မတည့်ခြင်းကြောင့်မဟုတ်ဘဲ ကလေးငယ်တွေကို နှာခေါင်းပိတ်ဆို့စေသလိုဖြစ်စေတဲ့ နောက်တချက်ကတော့အသက်ရှုလမ်းကြောင်းပုံစံမမှန်တာဘဲဖြစ်ပါတယ်။ တကယ်လို့ အသက်ရှုလမ်းကြောင်းပုံစံမမှန်တာ(သို့) ချို့ယွင်းနေပါက ကလေးငယ်တွေဟာ နှာခေါင်းတဖက် ဒါမှမဟုတ် နှစ်ဖက်စလုံးပိတ်ဆို့နေတာမျိုးဖြစ်ပွားနိုင်ပါတယ်။




ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အအေးမိရောဂါကိုခံစားလာရပြီဆိုရင် နှာခေါင်းအတွင်းက အသက်ရှုလမ်းကြောင်းတွေဟာ ရောင်ရမ်းလာပြီး အသက်ရှုခြင်းကိုပိတ်ဆို့စေပါတယ်။ အဲဒီလိုအခြေအနေတွေကိုခံစားရတဲ့အခါမျိုးမှာ အသက်ရှုရတာသက်တောင့်သက်သာဖြစ်အောင် ချွဲသလိပ်တွေကိုရှင်းထုတ်ပေမယ့် များသောအားဖြင့်တော့ နှာခေါင်းပိတ်ခြင်းဟာ ပိုပြီးဆိုးဝါးလာတတ်ပါတယ်။




တကယ်လို့ နှာခေါင်းပိတ်တာပြင်းထန်မှုရှိပါက နှပ်၊ချွဲ၊ သလိပ် အစရှိတာတွေဟာ အဝါရောင် သို့မဟုတ် အစိမ်းရောင်ရှိတာကိုတွေ့ရနိုင်ပါတယ်။ ဒါဟာ အလွန်ပြင်းထန်တဲ့ဖျားနာမှုမျိုးမဟုတ်ပေမယ့် ကလေးငယ်ကိုနေထိုင်ရတာ အလွန်သက်တောင့်သက်သာမရှိစေတဲ့အတွက် ဆရာဝန်နဲ့ပြသပေးတာအကောင်းဆုံးပါဘဲ။




ကလေးငယ်တွေကို နှာခေါင်းပိတ်စေတဲ့အကြောင်းရင်းတွေကတော့ အထူးသဖြင့်မိမိတို့ရဲ့နှာခေါင်းကို ကိုယ်တိုင်သန့်ရှင်းရေးမလုပ်နိုင်သေးတဲ့ ကလေးငယ်တွေမှာ မကြာခဏဖြစ်ပွားတတ်တာကိုတွေ့ရတတ်ပါတယ်။ နှာခေါင်းသန့်ရှင်းရေးအားနည်းခြင်းက ကလေးငယ်တွေအတွက် နှာခေါင်းပိတ်ဆို့ခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေဟာ များသောအားဖြင့် အသက်ရှုမှုကို နှာခေါင်းကနေဘဲပြုလုပ်တတ်ကြတဲ့အတွက် လေထဲကအညစ်အကြေားအမှုန်အမွှားတွေဟာ နှာခေါင်းတွင်းသို့ဝင်ရောက်ပိတ်ဆို့နေတတ်ကြပါတယ်။




နေ့စဉ်နှာခေါင်းကိုရေရှုရှိုက်စေပြီးဖြစ်စေ၊ အခြားသောသန့်ရှင်းစေတဲ့အရာတွေနဲ့ဖြစ်စေ သန့်ရှင်းပေးပါက အအေးမိခြင်းနဲ့ ဓါတ်မတည့်မှုတွေကိုထိန်းချုပ်ပေးသလို ကူးစက်ရောဂါအန္တရာယ်တွေကိုလည်းလျော့ချဖို့အကူအညီဖြစ်စေပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့ကူးစက်ရောဂါတွေနဲ့ ထိတွေ့မှုကိုလည်း ကန့်သတ်ပေးပြီးသားဖြစ်စေပါတယ်။




ဒီလိုအသက်ရှုလမ်းကြောင်းဆိုင်ရာအခက်အခဲတွေဖြစ်ပေါ်နေတာကြာရှည်လာပါက ကလေးငယ်တွေရဲ့ နုနယ်တဲ့အသံအိုးပုံသဏ္ဍာန်ကို သွားရောက်ထိခိုက်စေနိုင်ပါတယ်။ ဒါဟာ အထူးဂရုစိုက်ဖို့လိုတဲ့အချက်တချက်ဘဲဖြစ်ပါတယ်။ အစာစားရတာခက်ခဲခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ကောင်းမွန်စွာမအိပ်စက်နိုင်ခြင်း၊ အသက်ရှူသံပြင်းထန်ခြင်း သို့မဟုတ် ဟောက်ခြင်း၊ အာခံတွင်းခြောက်သွေ့ခြင်း၊ မကြာခဏငိုကြွေးခြင်း အစရှိတဲ့လက္ခဏာတွေကိုတွေ့ရှိရပါက ကလေးငယ်တွေဟာ အသက်ရှုမှုဆိုင်ရာအခက်အခဲတွေဖြစ်ပေါ်နေတာဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ပြသပေးဖို့လိုအပ်ပါတယ်။




ခြောက်သွေ့တဲ့နေရာမျိုးတွေဟာ ကလေးငယ်များအတွက် နှာခေါင်းပိတ်ဆို့ခြင်းကို ပိုမိုဆိုးရွားစေတဲ့အတွက် အစိုဓါတ်ရှိတဲ့နေရာ သို့မဟုတ် စိုထိုင်းတဲ့ပတ်ဝန်းကျင်မျိုးမှာထားရှိပေးပါ။ ဆားရည်ဟာ ကလေးငယ်တွေအတွက် နှာခေါင်းပိတ်ဆို့ခြင်းနဲ့ နှပ်ချေး၊ ချွဲသလိပ်တွေကို ဖယ်ရှားပေးဖို့ သဘာဝကုသနည်းဖြစ်တဲ့အတွက် ဆားရည်ဖျော်ပြီး နှာခေါင်းအတွင်းထဲအစက်ချပေးခြင်းအားဖြင့်လည်းကုသပေးလို့ရပါတယ်။



ရေဓါတ်ခမ်းခြောက်ခြင်းကလည်း ကလေးငယ်တွေနှာခေါင်းပိတ်ဆို့ခြင်းကို ပိုပြီးဆိုးဝါးစေတဲ့အတွက် ရေဓါတ်မခမ်းခြောက်စေဖို့အတွက်ကိုလည်း ဂရုစိုက်သင့်ပါတယ်။ နောက်ဆုံးအချက်ကတော့ ကလေးငယ်တွေရဲ့ ခေါင်းအောက်မှာ အဝတ်ပါးပါး
ဒါမှမဟုတ် ပါးလွှာတဲ့ခေါင်းအုံးလေးခုထားပေးတာက ညအချိန်အိပ်စက်တဲ့အခါ အသက်ရှုရှိုက်မှုကို ပိုပြီးလွယ်ကူစေပါတယ်။

နှာခေါင်းပိတ်တာဟာ ယေဘုယျအားဖြင့် အန္တရာယ်ကင်းတယ်လို့ဆိုလို့ရပေမယ့် တခါတရံမျိုးမှာ ကလေးငယ်တွေရဲ့ အကြားအာရုံကို ထိခိုက်ပျက်စီးစေတဲ့အတွက် မိဘတွေအနေနဲ့ ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကို ချစ်မေမေတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- youaremon



Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#ကလေးငယ်
#နှာခေါင်း
#May
#သလိပ်
#အသက်

Some text some message..