ပီကေဝါးခြင်းကြောင့် ရရှိလာနိုင်တဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ
lifestylemyanmar.com
|
2020-10-01



လူတွေက တခုခုကိုဝါးနေရရင်အာရုံစူးစိုက်မှုပိုပြီးရတယ် ဒါမှမဟုတ် စိတ်တည်ငြိမ်စေတယ်၊ အပျင်းပြေစေတယ်၊ အတွေးအခေါ်ပိုင်းဆိုင်ရာတွေပိုပြီးကောင်းမွန်လာတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ စပျစ်သီးခြောက်၊ နေကြာစေ့၊ ကွာစေ့၊ ကွမ်းယာ၊ ပီကေ အစရှိသည်ဖြင့် နှစ်သက်ရာတမျိုးမျိုးကို ဝါးနေတတ်ကြပါတယ်။ ဒီနေ့မှာတော့ အဲဒီလိုဝါးစရာတွေထဲက ပီကေဝါးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို ဖော်ပြပေးသွားပါ့မယ်။

သွားတွေကိုထိခိုက်စေတယ်




သကြားဓါတ်မပါတဲ့ ပီကေတွေကတော့ ဘတ်တီးရီးယားတွေကိုသေစေနိုင်တဲ့အကျိုးသက်ရောက်မှုရှိပါတယ်။ ၎င်းဟာသွားတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အစားအစာတွေကနေကြွင်းကျန်ရစ်တဲ့ အက်စစ်ဓါတ်နဲ့ သွားကြားတွေထဲမှာကျန်ရှိနေနိုင်တဲ့ အစာအပိုင်းအစတွေကို ဖယ်ရှားပေးပြီး ကယ်လစီယမ်နဲ့ ဖော့စဖိတ်တွေကို ထပ်ပြီးပေါင်းစပ်ပေးသလိုဖြစ်တာမို့ သွားတွေရဲ့ ကြွေလွှာကိုပိုပြီးခိုင်မာစေပါတယ်။ ဒါပေမယ့် သကြားဓါတ်ပါတဲ့ ပီကေတွေကတော့ သူ့မှာပါရှိတဲ့အချိုဓါတ်ကြောင့် သွားတွေရဲ့ကြွေလွှာကို ထိခိုက်ပျက်စီးစေပါတယ်။

မှတ်ဉာဏ်ကိုတိုးတက်စေတယ်




ပီကေဝါးတာဟာ နှလုံးခုန်နှုန်း၊ သွေးစီးဆင်းမှုနဲ့ ဦးနှောက်ကို အောက်ဆီဂျင်ပံ့ပိုးပေးမှုတွေကို မြင့်တက်စေတယ်လို့သိရပါတယ်။ ၎င်းဟာ နိုးနိုးကြားကြားရှိစေဖို့အတွက်ကိုလည်း အထောက်အပံ့ဖြစ်စေပေမယ့် ရေရှည်အကျိုးသက်ရောက်မှုတော့မရှိပါဘူး။ ဒါကြောင့်မို့ စိန်ခေါ်မှုရှိတဲ့အလုပ်တွေကို လုပ်နေစဉ် ဒါမှမဟုတ် မလုပ်ခင်ကာလမျိုးမှာ ဝါးမှသာ အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။

ကိုယ်အလေးချိန်ကျဆင်းစေတယ်




ပီကေဝါးတာဟာ အစာစားချင်စိတ်ကို ဖိနှိပ်နိုင်စွမ်းရှိပါတယ်။ မနက်ခင်းတွေမှာ ပီကေဝါးတဲ့အခါ ၎င်းမှာပါတဲ့ အချိုဓါတ်နဲ့ ကယ်လိုရီနည်းပါးမှုတွေက ဆာလောင်မွတ်သိပ်မှုတွေကို ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် စွမ်းအင်သုံးစွဲမှုကိုတိုးမြှင့်ပေးခြင်း၊ ဇီဝဖြစ်ပျက်မှုတွေကို တိုးတက်စေခြင်းနဲ့ အစာစားချင်စိတ်ကိုငြီးငွေ့စေခြင်း အစရှိတဲ့ကောင်းကျိုးတွေကို ဖြစ်ပေါ်စေပေမယ့် ပါးစပ်ကအဆက်မပြတ်လှုပ်ရှားဝါးနေပြီး ဆာလောင်မွတ်သိပ်မှုကိုသိရှိစေတဲ့ ဦးနှောက်လှိုင်းတွေကိုလှည့်စားစေခြင်းတို့ကြောင့် သိရှိမှုဆိုင်ရာပြဿနာမျိုးတွေနဲ့ အစာအိမ်ပိုင်းဆိုင်ရာရောဂါတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ပီကေဝါးတာဟာ ကယ်လိုရီပါဝင်မှုနည်းပါးတယ်ဆိုပေမယ့် များများဝါးဖြစ်ရင်တော့ သူ့မှာပါဝင်တဲ့အချိုဓါတ်ကြောင့် ကယ်လိုရီမြင့်တက်မှုများပြားလာပါလိမ့်မယ်။

မေးရိုးနဲ့သက်ဆိုင်တဲ့ ပြဿနာများ




အဆက်မပြတ်ဝါးနေတာကြောင့် မေးရိုးနဲ့ မေးရိုးပတ်ဝန်းကျင်မှာရှိတဲ့ ကြွက်သားတွေကိုထိခိုက်မှုဖြစ်ပေါ်လာစေနိုင်ပါတယ်။ အစာစားခြင်း၊ ရယ်မောခြင်း ဒါမှမဟုတ် စကားပြောခြင်း အစရှိတဲ့မေးရိုးလှုပ်ရှားမှုတိုင်းမှာ တခါတရံလည်ပင်းနဲ့ပုခုံးကြွက်သားတွေထိ ပျံ့နှံ့သွားတဲ့ပြင်းထန်တဲ့နာကျင်မှုမျိုးဖြစ်ပေါ်လာစေနိုင်ပါတယ်။ ပီကေဝါးတာဟာ ခံတွင်းက တံတွေးထုတ်လုပ်မှုကို များပြားလာစေတဲ့အတွက် မနက်ခင်းတွေမှာဖြစ်တတ်တဲ့ စိတ်မကြည်ခြင်း၊ ဝမ်းဗိုက်အဆင်မပြေခြင်း၊ ပျို့အန်ခြင်းများကို လျှင်မြန်စွာလျော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် အစာအိမ်နာတတ်တဲ့လူတွေအတွက်တော့ ပီကေဝါးတဲ့အခါတိုင်း လေမျိုချနေသလိုဖြစ်စေတာမို့ အစာအိမ်ကို လေတွေနဲ့ဖောင်းပွစေသလိုဖြစ်စေပါတယ်။ ဒါကြောင့်မို့ အစာအိမ်နာခြင်း၊ ဝမ်းပျက်ခြင်း အစရှိတာတွေကို ဖြစ်လာစေနိုင်ပါတယ်။

ရင်ပူတာကို လျော့နည်းစေပါတယ်




ပီကေဝါးတာဟာ အစာပြွန်မှာအက်ဆစ်ဓါတ်ပါဝင်မှုကို လျော့ချပေးသလိုဖြစ်စေတာမို့ အက်ဆစ်ဓါတ်များတဲ့အစားအစာတွေစားပြီးတဲ့အခါဖြစ်ပေါ်လာတတ်တဲ့ ရင်ပူလာတာမျိုးကို လျော့ချေပေးဖို့ကူညီပေးပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကိုဆန့်ကျင်ပြီး စိတ်ခံစားမှုတွေကို တိုးတက်ကောင်းမွန်စေတာမို့ တနေ့တာကြုံတွေ့လာရတဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို သက်သာရာရစေပါတယ်။ ဒါပေမယ့်မေးရိုးကိုအဆက်မပြတ်လှုပ်ရှားနေပြီး ဖိအားပေးသလိုဖြစ်စေတာမို့ ခေါင်းတခြမ်းကိုက်ခြင်း၊ နာတာရှည်ခေါင်းကိုက်ခြင်း အစရှိတာတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့်မို့ ခေါင်းတခြမ်းကိုက်နေတယ်လို့ မိမိကိုယ်ကို ခံစားမိပါက ပီကေဝါးတာမျိုးကို စွန့်လွှတ်သင့်ပါတယ်။

နားရောဂါတွေကို ကာကွယ်ပေးခြင်း




နားနဲ့ နှာခေါင်းကို ဆက်သွယ်ပေးတဲ့ပြွန်တွေမှာ ဘတ်တီးရီးယားတွေစုပြုံနေပါက နားရောဂါတွေဖြစ်ပေါ်လာတတ်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ အဖြစ်များတတ်ပါတယ်။ ဒါပေမယ့် သဘာဝအချိုဓါတ်ပါဝင်တဲ့ ပီကေတွေကတော့ ဘတ်တီးရီးယားတွေကို နားဆီကိုမရောက်စေဖို့အတွက် ကာကွယ်ပေးပါတယ်။ ဒါကြောင့်မို့ ပီကေဝါးတဲ့အခါမျိုးမှာ သဘာဝအချိုဓါတ်ပါဝင်တဲ့ ပီကေမျိုးတွေကို ရှာဖွေဝယ်ယူသင့်ပါတယ်ဆိုတာနဲ့ ပီကေဝါးခြင်းနဲ့ပတ်သတ်လို့ ကောင်းခြင်းဆိုးခြင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

#Lifestyle_Myanmar

#Dmo_aung

#Ref- Brightside



Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#မေးရိုး
#အစာအိမ်
#အစာ
#မနက်ခင်း
#အက်ဆစ်

Some text some message..