မကြာခဏ ခေါင်းကိုက်တတ်တဲ့ သူတွေ သတိထားပေးရမယ့် အချက်တွေ..
auntymay.com
|
2020-11-03

ခေါင်းကိုက်တယ်ဆိုတာ အတော် ခံရခက်တဲ့ ဝေဒနာ တစ်မျိုးပါ။ တစ်ချို့ ခေါင်းကိုက် ပြင်းထန်တဲ့သူတွေဆိုရင် အလုပ်လုပ်ဖို့တောင် အဆင်မပြေတာမျိုး ဖြစ်လို့ လုံးဝ ဆေးသောက်ပြီး အနားယူတာမျိုးပါ လုပ်ရတတ်ပါတယ်။ မကြာခဏဆိုသလို ခေါင်းကိုက်တတ်တဲ့သူတွေအတွက်တော့ အခုဖော်ပြပေးမယ့် အချက်တွေကို လိုက်နာပေးမယ်ဆိုရင် ခေါင်းကိုက်တဲ့ အကြိမ်ရေ နည်းသွားမှာပါနော်။


(၁) စိတ်ဖိစီးမှု လျှော့ချပါ

စိတ်ဖိစီးမှုဖြစ်ခြင်းက ခေါင်းကိုက်မှုကို ဖြစ်စေတဲ့ ထိပ်တန်း အကြောင်းအရင်း တစ်ခုပါပဲ။ ဒါကြောင့် မကြာခဏ ခေါင်းကိုက်တတ်သူဆိုရင် စိတ်ဖိစီးမှုတွေကို သတိထားဖို့ လိုပါတယ်။ စိတ်ညစ်စေတဲ့ စိတ်ကို ဖိစီးမှု ဖြစ်စေတဲ့ အကြောင်းအရာတွေကို တတ်နိုင်သမျှ သိရုံသိထားပြီး မတွေးဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးနေတဲ့အရာကို ဆက်တိုက်တွေးတဲ့အခါ ခေါင်းကိုက်မှု ဖြစ်လာစေနိုင်ပါတယ်။


engin akyurt/pexels


(၂) နေပူထဲ မနေပါနဲ့

နေပူထဲမှာ ဖြစ်နိုင်ရင် အဆောင်းမပါဘဲ လုံးဝ မနေသင့်ပါဘူး။ နေပူထဲ သွားရမယ်ဆိုရင် ထီးဆောင်းတာ၊ ဦးထုပ်တာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ အပူချိန် မြင့်လာလေလေ နေနဲ့ တိုက်ရိုက်ထိခံထားရတဲ့ သင့်ဦးခေါင်းက ခေါင်းကိုက်ဖို့အတွက် အသင့်ဖြစ်လေလေမို့ နေပူပူကလည်း ခေါင်းကိုက်တတ်တဲ့သူတွေ သတိထားရမယ့် အချက် ဖြစ်ပါတယ်။


senivpetro/Freepik


(၃) အပူချိန် အပြောင်းအလဲကို သတိထားပါ

ခေါင်းကိုက်တတ်တဲ့သူတွေက အပူချိန်ကိုလည်း သတိထားပေးရပါတယ်။ ပူနေတဲ့ နေရာကနေ အေးတဲ့နေရာကို ဝင်လိုက်တာမျိုး၊ အေးတဲ့နေရာကနေ ပူတဲ့နေရာကို ထွက်လိုက်တာမျိုးက အပူအအေး မညီမျှမှု ဖြစ်ပြီး ချက်ချင်း ခေါင်းကိုက်လာတာမျိုးတောင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် အပူအအေး မမျှတဲ့ နေရာတွေကို သွားမယ်ဆိုရင် ဦးထုပ် ခပ်ထူထူလေးကို ဆောင်းပေးတာမျိုး အပူချိန်အပြောင်းအလဲ မလုပ်ခင်မှာ ခဏ အပူချိန်လျော့တဲ့နေရာမှာ နေလိုက်တာမျိုး လုပ်ပေးသင့်ပါတယ်။


katemangostar/Freepik


(၄) ပုံမှန် ခေါင်းလျှော်ပေးပါ

မိန်းကလေး အများစုကတော့ ခေါင်းမလျှော်ဖြစ်ရင် ခေါင်းကိုက်တတ်ကြပါတယ်။ ခေါင်းကိုက်ပြီး အကြောင်းအရင်း ရှာမရတဲ့အခါ ခေါင်းမလျှော်ရသေးတာကြောင့်လည်း ခေါင်းက ကိုက်တတ်ပါတယ်နော်။ ဒါကြောင့် တစ်ပတ်ကို နှစ်ခါလောက် ခေါင်းလျှော်ပေးသင့်ပါတယ်။


torwaiphoto/Freepik


(၅) ဖုန်းအသုံးပြုချိန် လျှော့ချပါ

အာရုံကြောတွေ အရမ်း အလုပ်များရတဲ့သူတွေကလည်း ခေါင်းကိုက်ဝေဒနာကို ခံစားရတတ်ပါတယ်။ ခေါင်း ခဏခဏ ကိုက်တတ်တဲ့သူဆိုရင် အာရုံကြောကို အလုပ်ပေးရတဲ့ ဖုန်းသုံးခြင်း၊ ကွန်ပြူတာ သုံးခြင်း စတာတွေကို အချိန် သတ်မှတ်ပြီး ပြုလုပ်သင့်ပါတယ်။ ဆက်တိုက် ကြာမြင့်စွာ အသုံးပြုရင် ခေါင်းကိုက်လာတတ်ပါတယ်။

Kham


#အပူချိန်
#စိတ်ဖိစီးမှု
#ဦးထုပ်
#အာရုံကြော
#အအေး

Some text some message..