မကွေးမြို့ ပြည်သူ့ဆေးရုံကြီးအား ခုတင်(၅ဝဝ)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်
မကွေးမြို့ ခုတင်(၂ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးအား ခုတင်(၅ဝဝ)ဆံ့ ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့်ကာ ဖွင့်လှစ်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးထံက သိရသည်။
''မကွေးမြို့ရှိ တိုင်းပြည်သူ့ဆေးရုံကြီးကို ခုတင်(၂ဝဝ)ဆံ့ ဆေးရုံကြီးမှခုတင်(၅ဝဝ)ဆံ့ဆေးရုံကြီးအဖြစ် ပြည်ထောင်စုအစိုးရက ချထားပေးတာဖြစ်ပါတယ်။ အခုလို အဆင့်မြ§င့်တင်လိုက်တာကြောင့် ဆရာဝန်၊ ဆရာမဦးရေနှင့်အထူးကု ဆရာဝန်ကြီးတွေတိုးလာတဲ့အတွက် ပိုမိုကောင်းမွန်တဲ့ ကုသမှုတွေပေးနိုင်တော့မှာဖြစ်ပါတယ်'' ဟု ဒေါက်တာ ခင်မောင်အေးက ပြောသည်။
မကွေးပြည်သူ့ဆေးရုံကြီးမှာ(၁၉၆၄)ခုနှစ်ကစတင်ပြီး တိုင်းပြည်သူ့ဆေးရုံကြီးအဖြစ် ရောဂါဝေဒနာရှင်များ အားကုသပေးနေပြီး၊ လက်ရှိတွင်ဆေးရုံတက်ရောက်နေသော လူနာ ပေါင်း(၅ဝဝ)ကျော် တက်ရောက်ကုသနေကြောင်း သိရသည်။
မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီးဝန်းအတွင်း ပြည်ထောင်စုဝန်ကြီးဌာနဘတ်ဂျက်နှင့်တိုင်းဒေသကြီးအစိုးရရန်ပုံငွေပံ့ပိုးမှုတို့ဖြင့် ထပ်မံတိုးချဲ့ဆောက်လုပ်ခဲ့သည့် ငါးထပ်တိုးချဲ့ဆောင်ဆေးရုံကြီးမှာ လက်တလောတွင် COVID-19 အတည်ပြုလူနာများအား ကုသပေးနေပြီး JICA မှဆောက်လုပ်လှူဒါန်းမည့် အမေရိကန်ဒေါ်လာ (၁၂ဒသမ၈) သန်း ကုန်ကျခံတည်ဆောက်ခဲ့သည့် သုံးထပ်ဆောင်အဆောက်အအုံကြီးမှာ တည်ဆောက်မှုပြီးစီးတော့မည်ဖြစ်ကာ နိုဝင်ဘာလကုန်ပိုင်းတွင် ကုသရေးဦးစီးဌာနသို့လွဲပြောင်းပေးသွားမည်ဖြစ်သည်။
''မကွေးမြို့ရှိ တိုင်းပြည်သူ့ဆေးရုံကြီးဟာ တိုင်းတစ်တိုင်းလုံးအတွက်အားကိုးရတဲ့ဆေးရုံကြီးဖြစ်ပြီး ဆေးရုံပေါ်မှာလူနာဦးရေ(၅ဝဝ)ကျော်ကြောင့်ပြည်ထောင်စုကနေ ခုတင်(၅ဝဝ)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင်တင်ပေးလိုက်တာဖြစ်ကြောင်း၊ ကင်ဆာရောဂါကုသရေးတွေ၊ ဦးနှောက်နဲ့အာရုံကြောခွဲစိတ် ကုသရေးတွေကို မန္တလေး၊ ရန်ကုန်နဲ့ နေပြည်တော်ကို သွားစရာမလိုဘဲကုသပေးနိုင်တော့မှာဖြစ်ပါတယ်''ဟု မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ်ကြီး ဒေါက်တာဝင်း ဝင်းဌေးက ပြောဆိုသည်။