ဒန့်သလွန်ပင်သည် မြန်မာပြည်၌ ဘယ်မြို့ ဘယ်ရွာ၌မဆို ရှာလို့ရသည်။ မြန်မာလူမျိုးတိုင်း ဒန့်သလွန်ရွက်နှင့် ဒန့်သလွန်သီးကို နှစ်ခြိုက်စွာစားသုံးလေ့ရှိသည်။ ဒန့်သလွန်သီးနှင့် ဒန့်သလွန်ရွက်သည် လူသားတို့ စားသုံးသည့် အာဟာရရှုထောင့်မှ ကြည့်ရှုပါလျှင် ကုံလုံကြွယ်ဝသည့် အာဟာရဓာတ်များ ပါဝင်နေသည်။ ဒန့်သလွန်ရွက်နှင့် ဒန့်သလွန်သီး၏ ထူးခြားချက်မှာ ငယ်ရွယ်သော ကလေးများ မှသည် သက်ကြီးရွယ်အိုများအထိ တည့်သောအစားအစာအဖြစ် တွေ့ရှိရပါသည်။ ထို့အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို, သွေးချိုရောဂါ၊ လေငန်းရောဂါရှင် များနှင့်လည်း ဒန့်သလွန်သီးနှင့် အရွက်မှာ တည့်သောဓာတ်စာဖြစ်ပါသည်။ ထိုနည်းတူ ဒန့်သလွန်သီး-ရွက်တို့သည် ဝမ်းမီးအား နည်းသူများ၊ ဝမ်းမီးအား အလယ်အလတ်ရှိသူများ၊ ဝမ်းမီးအား ကောင်းသူများနှင့်လည်း တည့်သောအစာ ဖြစ်ပါသည်။ ဤသို့ ဆေးဖက်လည်းဝင်၊ လူ့အာဟာရအတွက် အလွန်ကျေးဇူးပြုသော ဒန့်သလွန်သီး-ရွက်တို့ကို လူအများက အထင်မကြီးကြပါ။ ဒီဇိုင်းလှလှလေးများဖြင့် ကြော်ငြာကာ ရောင်းချသော ဆေးဝါးများကိုသာ အထင်ကြီးစွာ ဝယ်ယူစားသုံးကြ ပါသည်။ ခေတ်မီသော ဆေးဝါးများသည် စားသုံးသူတို့အား အကျိုးပြုသလို တခါတရံ စားသုံးသူများကို ဆိုးကျိုးများ ပေးလေ့ရှိပါသည်။ ဒန့်သလွန်သီးရွက်တို့မှာ မည်သည့်အခါ စားသုံး စားသုံး လူသားတို့ ကျန်းမာချမ်းသာရေးအတွက် ထာဝရအကျိုးပြုလျက်ရှိပါသည်။ ဤသို့အကျိုးပြုသော နွယ်မြက်သစ်ပင်သာ လူသားတို့အတွက် တန်ဖိုးရှိပါသည်။ အလေးအမြတ် ထားသင့်ပါသည် မြန်မာ့ဆေးပညာတွင် ယေဘုယျအားဖြင့် အောက်ပါနည်းနာတို့ကို သုံးစွဲပါသည်။ ပူလျှင် အေးအောင် လုပ်ပေးကြသည်။ အေးသူကို ပူအောင်လုပ်ပေးကြသည်။ သွေးတက်သူကို သွေးသက်အောင် လုပ်ပေးရသည်။ အပွင့်လွန်သူကို ပိတ်အောင် လုပ်ပေးရပါသည်။ ပိတ်ဖွဲ့နေသူကို ဖွင့်ပေးရပါသည်။ သွေးတိုးနေခြင်းမှာ သွေးတက်နေခြင်း ဖြစ်သည်။ ထိုတက်နေသောသွေးကို သက်သာအောင်ပြုလုပ်ရမည်ဟူ၍ တိုင်းရင်းဆေး ပညာ၌ ဥပဒေသရှိပါသည်။ ထို့ကြောင့် သွေးတိုး၊ သွေးတက်ခြင်း ရောဂါဝေဒနာ အတွက် ထိုတက်သောသွေးကို အောက်သို့သက်လျောအောင် ချပေးရပါမည်။ ထိုသို့ သွေးတက်ကြခြင်းမှာ မတည့်သော အစားအစာများကို စားမိခြင်း များသောကြောင့် ရောဂါဝေဒနာ ရရှိလာခြင်းဖြစ်ပါသည်။ ထိုရောဂါဝေဒနာအတွက် ဒန့်သလွန်ရွက်သည် အလွန်ပင် အကျိုးပြုလှ သည်။ သွေးတိုးဝေဒနာရှင်များ ၊သွေးတက်ဝေဒနာရှင်များ နေ့စဉ် (သို့) ရက်ခြား ဒန့်သလွန်ရွက်ကို ဟင်းခါး၊ ဟင်းချို အဖြစ်၎င်း၊ တို့စား သုပ်စား ပေးသွားပါက တိုးနေသောသွေးများကျ၍ သွေးတိုးခြင်းဝေဒနာမှ သက်သာသွားမည်ဖြစ်သည်။ အထူးသဖြင့် သွေး၌ ကိုလက်စထရောများခြင်း၊ သွေးပျစ်ခဲခြင်းတို့ကို ဒန့်သလွန်ရွက်သည် အန္တရာယ်ကင်းစွာ အကျိုးပြုပါသည်။ နှာစေးခြင်း၊ နှာမွှန်ခြင်း နှာစေးခြင်း နှာမွှန်ခြင်းများ ဝေဒနာမှာ အအေးပတ်ခြင်းကြောင့်၎င်း၊ အခိုးများ ပိတ်ဖွဲ့နေခြင်းကြောင့်၎င်း ဖြစ်တတ်ကြပါသည်။ထိုသို့ နှာစေး နှာမွှန်ခြင်းများ ဖြစ်နေပါလျှင် ဒန့်သလွန်ရွက်ကို ဟင်းခါးချက်သောက်ခြင်း၊ တို့စား သုပ်စားခြင်းဖြင့် ပျောက်ကင်းနိုင် ပါသည်။ ဒန့်သလွန်ရွက်တွင် ခေတ်မီသိပ္ပံနည်းအရ အေဒီဗစ်ဓာတ် များပါသည်။ ထို့ကြောင့် နှာစေး နှာမွှန်ခြင်းများ ပျောက်ကင်းပါသည်။ သို့မဟုတ် ဒန့်သလွန်ခေါက် ကိုခွါပြီး အဝတ်သန့်သန့်ဖြင့် ထုချေပြီး နာနာရှူပေးပါ ကလည်း ခေါင်းမူးခြင်း၊ ခေါင်းအုံကိုက်ခဲခြင်း၊ နှာစေး နှာမွှန်ခြင်းတို့ကို ပျောက်ကင်းနိုင်သည်။ သွေးသားမမှန်ခြင်းအတွက် ဒန့်သလွန်မြစ် တဆယ်သားခန့်ကို တူးပြီး ရေဆေးကာ ထန်းလျက်သုံးခဲဖြင့် ရေကျိုပါ။ သုံးခွက်တခွက်တင် ကျန်လျှင်ချ၍ ဆားအနည်းငယ်ခတ်ထည့်ကာ မနက် လက်ဖက်ရည်အကြမ်းပန်းကန် တလုံး၊ ည တလုံးခန့်သောက်ပေးသွားခြင်းဖြင့် သွေးသားမှန်ပြီး မအိုသေးသူများ အပျိုကလေးအလား ဖြစ်လာပါမည်။ အာဟာရဓာတ်ပြည့်စုံသော ဒန့်သလွန်သီး ဒန့်သလွန်မြစ်၊ ဒန့်သလွန်ပင်၏ အခေါက်၊ ဒန့်သလွန်သီးရွက်တို့သည် ဆေးဖက်ဝင်လှပြီး အာဟာရဓာတ်လည်း ပြည့်စုံစွာပါဝင်သည်။ဒန့်သလွန်ရွက် နှစ်ကျပ်ခွဲသားခန့် စားသုံးခြင်းသည် အစားအသောက်ပျက်ခြင်း၊ ကြွက်သားများ အားပျော့ခြင်း၊သွေးအားနည်းခြင်း၊ သွားဖုံးများ သွေးယိုခြင်း၊ သွားနဲ့ခြင်း၊ အရိုးများ ကျိုးလွယ်ခြင်းတို့ကို ကာကွယ်ပေးပါသည်။ ခေတ်မီဆေးပညာ ဒန့်သလွန်သီး၌ ပရိုတိန်းဓာတ်၊ အဆီဓာတ်နှင့် သတ္ထုဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်များ ကုံလုံကြွယ်ဝစွာ ပါဝင်သည်ဟု အာဟာရသုတေသနဌာနမှ ဖွင့်ဆိုထားပါသည်။အထူးသဖြင့် ဒန့်သလွန်သီးနှင့် ငါးရံ့ခေါင်းချဉ်ရည်ဟင်းကို နေ့စဉ်စားသုံးပေးခြင်းဖြင့် ပန်းသေ ပန်းညှိုးရောဂါကို ပျောက်ကင်းနိုင်ပါသည်။ အစာလည်း ဆေး- ဆေးလည်း ဟူသော စကားအရ၎င်း၊ စားတတ်လျှင် ဆေး-ဟူသော စကားအရ၎င်း ဒန့်သလွန်သီးရွက်တို့သည် လူသားတို့အား ထာဝရ အကျိုးပြုလျက်ရှိသည်။ ထို့ကြောင့် သွေးတိုး။ သွေးတက်ဝေဒနာရှင်များ၊ မီးယပ်သွေး မမှန်သူများ၊ ပန်းသေ ပန်းညှိုး ဝေဒနာရှင်များ၊ အားအင်လိုအပ်နေသူများ ဒန့်သလွန်ကို နေ့စဉ်စားသုံးသင့်ပါသည်။ ထိုသို့ စားသုံးပေးသွားခြင်းဖြင့် ငွေကြေးလည်း အကုန်အကျသက်သာမည်။ ဘေးထွက်ဆိုးကျိုးဟူသော ဆေးဝါး၏ အနိဋ္ဌာရုံများနှင့်လည်း ကင်းဝေးစေနိုင်ပါသည်။ ဒန့်သလွန်ပင်၏ စွမ်းပကားများမှာ အံ့မခန်းနိုင်စရာပင် ဖြစ်တော့သည်။ credit : ဂမ္ဘီရ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။