Stay at Home နှင့် မျက်လုံးကျန်းမာရေး
မကြာသေးမီ ရက်ပိုင်းအတွင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကျွန်မတို့နိုင်ငံရဲ့သမ္မတကြီးနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို နေပြည်တော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမမှာ လာရောက်တွေ့ဆုံတဲ့သတင်းမှာ ကျွန်မတို့ ပြည်သူတွေအတွက် အချိန်ကာလအလျောက် စိတ်အဝင်စားဆုံးကတော့ တရုတ်နိုင်ငံက မြန်မာပြည်သူတွေအတွက် COVID-19 ကာကွယ်ဆေး အလုံးသုံးသိန်း ကူညီပံ့ပိုးသွားမယ်ဆိုတဲ့ အချက်ပါပဲ။
တရုတ်နိုင်ငံကထုတ်တဲ့ Sinovac ကိုဗစ်ကာကွယ်ဆေးဟာ ၅ဝ ဒသမ ၄ ရာခိုင်နှုန်း ထိရောက်ကြောင်း ဘရာဇီးနိုင်ငံမှ သုတေသနပညာရှင်များက ဇန်နဝါရီ ၁၂ ရက်နေ့ ထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီမတိုင်ခင် သီတင်းပတ်အတွင်းက အဲဒီပညာရှင်တွေကပဲ တရုတ် Sinovac ကာကွယ်ဆေးကို ၇၈ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ပြောခဲ့တဲ့အချက်နဲ့ ကွဲလွဲနေကြောင်း BBC သတင်းအရ သိရှိရပါတယ်။
တူရကီဆေးပညာရှင်များကတော့ Sinovac ဆေးရဲ့ထိရောက်မှုကို ၉၁ ဒသမ ၂၅ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံက ၆၅ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း အသီးသီးထုတ်ပြန်ကြေညာကြတာကြောင့် Sinovac ဆေးရဲ့ထိရောက်မှုဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီဘဲ ကွဲပြားနေတာတွေ့ရပါတယ်။ တခြားကိုဗစ်ကာကွယ်ဆေးတွေဖြစ်တဲ့ Moderna နဲ့ Pfizer ဆေးများရဲ့အာနိသင်ကို ကမ္ဘာ့နိုင်ငံများက အတည်ပြုရာမှာ ဆေးရဲ့ထိရောက်နှုန်းဟာ တစ်သမတ်တည်း အဖြေထွက်ခဲ့ပေမယ့် တရုတ် Sinovac ဆေးရဲ့ထိရောက်မှုနှုန်းက ကွဲပြားနေခြင်းအပေါ် ဝေဖန်မှုတွေရှိနေပါတယ်။
မကြာသေးခင်ကလည်း တရုတ်(တိုင်ပေ)မှ ကျွမ်းကျင်သူပညာရှင်များက တရုတ်နိုင်ငံကထုတ်တဲ့ Sinopharm ကိုဗစ်ကာကွယ်ဆေးဟာ မျက်စိကွယ်ခြင်း၊ အမြင်အာရုံဆုံးရှုံးခြင်း (Loss of vision) အပါအဝင် ဘေးထွက်ဆိုးကျိုး (Side effects) ၇၃ မျိုးဖြစ်စေနိုင်တာကြောင့် ကမ္ဘာမှာ စိတ်မချရဆုံး၊ မလုံခြုံဆုံး ကိုဗစ်ကာကွယ်ဆေး (The most unsafe vaccine) ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကျွန်မတို့နိုင်ငံက ပြည်သူတွေအတွက် ဒီသတင်းကိုသိရတဲ့ အသိတရားနောက်မှာ သတိပြုစရာ ပွားများလာပါတယ်။ ကျွန်မတို့ရဲ့ပြည်ထောင်စုအစိုးရက အိန္ဒိယနိုင်ငံနဲ့ အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီး ဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေး ပထမဦးဆုံးတစ်သုတ်ဟာ ဖေဖော်ဝါရီလမှာ ရောက်ရှိလာမှာဖြစ်ပြီး ကာကွယ်ဆေးတွေကို ဦးစားပေးရမယ့် အစုအဖွဲ့ဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းများကို ပထမဆုံးစတင်ထိုးပေးတော့မှာ ဖြစ်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ''ကိုဗစ်ကာကွယ်ဆေးရရှိရေး ကမ္ဘာ့နိုင်ငံအားလုံးက ဆောင်ရွက်နေတာကြောင့် ယှဉ်ပြိုင်မှုများပါတယ်။ ဒါပေမဲ့လည်း ၂ဝ၂၁ ခုနှစ်တစ်လျှောက် ကာကွယ်ဆေးထိုးပေးရေးလုပ်ငန်းများ နိုင်ငံတစ်ဝန်း တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်နိုင်မယ်လို့ ယူဆရပါတယ်။ ကာကွယ်ဆေးမထိုးရသေးမီ ကာလအတွင်း ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပြီး ကိုဗစ်အောင်နိုင်ရေးကို ပံ့ပိုးပေးဖို့ ပြည်သူတွေကို မေတ္တာရပ်ခံပါတယ်။ သတိရှိပါ။ သည်းခံကြပါ။ အနာဂတ်ကိုရှေးရှုပြီး အားတင်းထားကြပါ။ အားလုံးအတူရှိနေပါတယ်'' လို့ အားပေးစကားပြောကြားခဲ့ပါတယ်။
ကျွန်မတို့ပြည်သူတွေဟာ ကိုဗစ်ကာကွယ်ရေးအတွက် အတတ်နိုင်ဆုံး အိမ်ထဲမှာပဲ နေကြရပါတယ်။ Stay at Home အိမ်ထဲမှာပဲနေကြရင်း အလုပ်လုပ်သူများကဖြစ်စေ၊ သင်တန်းပို့ချခြင်း၊ သင်ကြားခြင်းအတွက်ဖြစ်စေ၊ ရုံးများနဲ့ အသင်းအဖွဲ့များက အစည်းအဝေးပြုလုပ်ခြင်းအတွက်ဖြစ်စေ၊ ယုတ်စွအဆုံး တရားနာ၊ သီလယူဖို့အတွက်ဖြစ်စေ Zoom Meeting နဲ့ဆုံတွေ့ကြရတဲ့အတွက် ကွန်ပျူတာ (Computer)၊ လက်တော့ပ် (Laptop)၊ မိုဘိုင်းဖုန်းတို့ကို ပိုမိုအသုံးများလာကြသလို ရုပ်မြင်သံကြား ကြည့်ရှုမှုလည်း များလာကြရပါတယ်။
အဲဒီကထွက်တဲ့ ဓာတ်ရောင်ခြည်လှိုင်းနဲ့ ဖန်သားပြင်က အလင်းဒဏ်တွေ ပိုမိုထိခိုက်ခံစားလာရတာကြောင့် မျက်လုံးထိခိုက်မှုတွေ များလာတာမို့ ကျွန်မတို့ဘဝတွေ ရှင်သန်ဖို့အတွက် အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မျက်လုံးတစ်စုံ ကျန်းမာနေဖို့ လိုအပ်တဲ့အတွက် မျက်လုံးကျန်းမာရေးနဲ့ပတ်သက်ပြီး သိထားသင့်သလို သတိထားသင့်တဲ့ အသိပညာအချက်အလက်တချို့ကို မျှဝေပေးချင်မိပါတယ်။
ကွန်ပျူတာ (Computer)၊ လက်တော့ပ် (Laptop)၊ မိုဘိုင်းဖုန်းနဲ့ ရုပ်မြင်သံကြားစက်တို့ရဲ့ဖန်သားပြင်ကို တစ်ချိန်လုံး အာရုံစိုက်ကြည့်နေရတဲ့အတွက် မျက်လုံးနဲ့အမြင်အာရုံ ထိခိုက်မှုပြဿနာတွေ များလာပါတယ်။ အမြင်မှုန်ဝါးလာခြင်း၊ အမြင်နဲ့မြင်နိုင်စွမ်းရည် ကျဆင်းလာခြင်း၊ မျက်လုံးပင်ပန်းနွမ်းနယ်ပြီး မျက်လုံးအောင့်ခြင်း၊ နာကျင်ကိုက်ခဲခြင်းတို့အပြင် ရေတိမ်စွဲခြင်းဝေဒနာကိုလည်း ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။
နိုင်ငံနဲ့တစ်ဝန်း အင်တာနက်ခေတ်ရေစီးကြောင်းနဲ့အညီ အလုပ်ကြောင့်ဖြစ်စေ၊ အပျင်းပြေ ဂိမ်းကစားရင်းဖြစ်စေ၊ အင်တာနက်သုံးရင်း အချိန်ကုန်လွန်နေကြပြီး ကလေးများက ဂိမ်းစွဲနေသလို သက်လတ်ပိုင်းနဲ့ တချို့သက်ကြီးပိုင်းများလည်း အင်တာနက်စွဲလမ်းမှုရောဂါ စွဲကပ်နေကြပါတယ်။ အဲဒီလို အသုံးများတာကြောင့် အမြင်အာရုံဝေဝါးခြင်း၊ မျက်လုံးအိမ် ခြောက်သွေ့လာပြီး မျက်ရိုးကိုက်ခြင်း၊ မျက်ရည်ပူကျခြင်း၊ လည်ပင်း၊ ပခုံး၊ နောက်ကျောနာကျင်ခြင်း စသဖြင့် မျက်စိကို ဒဏ်ပိစေခြင်းများ ဖြစ်စေပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲ ဝေဒနာများအဖြစ် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်းနဲ့ အရိုးကျီးပေါင်းရောဂါများ ဖြစ်စေနိုင်ပါတယ်။
အခုဆိုရင် ဟောင်ကောင်နဲ့တရုတ်နိုင်ငံမှာ လူငယ်အများစုဟာ မျက်လုံးအိမ်ခြောက်သွေ့ခြင်း၊ မျက်လုံးကင်ဆာဖြစ်ခြင်း စတဲ့မျက်လုံးနဲ့ပတ်သက်တဲ့ ကြောက်စရာကောင်းလှတဲ့ ရောဂါတွေ ကြုံတွေ့ခံစားနေရတယ်လို့ ကြားသိရပါတယ်။ အဓိကအချက်ကတော့ လက်ကိုင်ဖုန်း (Smart Phone) တွေကို အသုံးများခြင်းရဲ့အကျိုးဆက်ပါပဲ။ လက်ကိုင်ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျူတာကို အမြဲလိုလိုကြည့်နေတဲ့သူ အသက် (၄ဝ) အရွယ် လူတစ်ယောက်ဟာ သူ့မျက်လုံးမှာ အရောင်တွေသန်းနေလို့ ဆရာဝန်ကိုပြရင်းနဲ့ မျက်လုံးကင်ဆာ (Diagnosed eyes cancer) ဖြစ်နေတယ်ဆိုတာ တုန်လှုပ်ချောက်ချားစွာ သိလိုက်ရတယ်လို့ ဆိုပါတယ်။
ကျွမ်းကျင်သူပညာရှင်များက လက်ကိုင်ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျူတာသုံးစွဲမှုများကို အချိန်ကြာမြင့်စွာ မသုံးစွဲဖို့၊ ညဘက် အလင်းရောင်မရှိတဲ့အချိန်မှာ မိုဘိုင်းဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာတွေရဲ့ အလင်းရောင်တစ်ခုထဲနဲ့ လုံးဝမသုံးစွဲဘဲ မီးအလင်းရောင် အလုံအလောက်ရတဲ့ နေရာအောက်မှာသာ သုံးစွဲကြဖို့ အကြံပြုထားပါတယ်။ ကြောက်ခမန်းလိလိ မျက်လုံးကင်ဆာ၊ မျက်လုံးခြောက်သွေ့မှုကြောင့် ဖြစ်ပေါ်လာမယ့်ရောဂါတွေကနေ ကင်းဝေးစေဖို့အတွက် အင်တာနက်သုံးချိန်၊ ဂိမ်းကစားချိန်တွေကို တတ်နိုင်သလောက် လျှော့ချဖို့လည်း သတိပေးထားပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ သုတေသနပြုတွေ့ရှိချက်အရ မိုဘိုင်းဖုန်းတွေကနေ ဖြာထွက်နေတဲ့ အစိမ်းရောင်အလင်းတန်းတွေဟာ လူရဲ့အမြင်အာရုံကို ထိခိုက်စေတယ်လို့ဆိုပါတယ်။ ညဘက်မှာ ဖုန်းတွေကို ညမီးအလင်းလေးနဲ့ တိုက်ရိုက်အကြာကြီး အသုံးပြုကြတဲ့အခါ ဖုန်းရဲ့အလင်းတန်းဟာ မျက်စိကို တိုက်ရိုက်ရောက်ရှိလို့ မျက်လုံးအိမ်ကို ခြောက်သွေ့စေပြီး မျက်လုံးကင်ဆာကနေ မျက်လုံးကန်းတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ အဲဒီမျက်လုံးအိမ် ခြောက်သွေ့မှုကနေ ဖြစ်ပေါ်လာတဲ့ မျက်လုံးရောဂါဝေဒနာအတွက် မြင်လွှာအစားထိုးကုသခြင်းလုပ်တာက လက်ရှိဆေးလောကမှာ အရမ်းကို အခက်အခဲဖြစ်ပြီး ကုသရခက်ခဲ့တဲ့အခြေအနေတစ်မျိုးလို့လည်း ဆိုပါတယ်။
''ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏'' ဆိုတဲ့စကားအတိုင်း ဖြစ်လာမှကုသခြင်းထက် ကြိုတင်ကာကွယ်နိုင်ကြဖို့အတွက် အချက်အလက်တချို့ကို အကြံပြုပါရစေ မျက်စိကို မျက်စိအထူးကုဆရာဝန်တွေနဲ့ အနည်းဆုံး ခြောက်လတစ်ကြိမ် စမ်းသပ်စစ်ဆေးသင့်ပါတယ်။ မျက်စိတစ်ဖက် (ဒါမှမဟုတ်) နှစ်ဖက်စလုံး အမြင်အာရုံ ရုတ်တရက် မှုန်ဝါးသွားခြင်း၊ မီးအလင်းရောင်လိုမျိုး အလင်းရောင်များ ဖြာထွက်လာသလိုခံစားရခြင်း၊ ရွေ့လျားနေတဲ့ ရောင်စုံအစက်အပြောက်များ၊ တစ်ခါတလေ အမည်းစက်တွေကို နေရာတိုင်းမှာတွေ့ရခြင်း၊ ရုပ်ဝတ္ထုတွေကို နှစ်ထပ်မြင်နေရခြင်း၊ မျက်လုံးတစ်ဝိုက် နာကျင်ခြင်းစတဲ့ လက္ခဏာတွေ ကြုံတွေ့ခံစားနေရတယ်ဆိုရင် တတ်ကျွမ်းနားလည်သူ ဆရာဝန်ထံအမြန်ဆုံး စစ်ဆေးမှုခံယူသင့်ပါတယ်။
နောက်တစ်ချက် သတိထားသင့်တာက စာရေး၊ စာဖတ် ပြုလုပ်တဲ့အခါ လုံလောက်တဲ့ အလင်းရောင်ရတဲ့နေရာများမှာသာ ပြုလုပ်ရမှာပါ။ ဖန်သားပြင်ပေါ်မှာပဲ အာရုံစူးစိုက်နေပြီး မျက်တောင်ခတ်ဖို့ မေ့လျော့နေတတ်တာကြောင့် မျက်တောင်ကို မကြာခဏ အဖွင့်အပိတ်လုပ်ပေးသင့်ပါတယ်။ (သတိထားပြီး မကြာခဏ, မျက်တောင်ခတ်ပေးရမှာပါ)။ သင့်ရဲ့မျက်လုံးကို နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ မျက်စိနဲ့ပတ်သက်ပြီး အာရုံစိုက်အလုပ်လုပ်ပြီးချိန်တိုင်း စိမ်းစိုတဲ့အရာတွေ (ဥပမာ- သစ်ပင်စိမ်းစိမ်း၊ သစ်ရွက်စိမ်းစိမ်း) ကို မကြာခဏကြည့်ပေးဖို့လိုအပ်ပါတယ်။
ကွန်ပျူတာ၊ တက်ဘလက်၊ လက်ကိုင်ဖုန်း၊ ရုပ်မြင်သံကြားတို့ကို အသုံးပြုတိုင်း မျက်စိနဲ့ နီးကပ်စွာအသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ မျက်လုံးလေ့ကျင့်ခန်းကိုလည်း နေ့စဉ်အခါအားလျော်စွာ ပုံမှန်လုပ်ပေးရမှာပါ။ အင်တီအောက်စီးဒင့် (Antioxidants)၊ ဗီတာမင်'အေ' (Vitamin-A)၊ ဗီတာမင်'စီ' (Vitamin-C)၊ ဗီတာမင်'အီး' (Vitamin-E) ဓာတ် စသဖြင့် မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အာဟာရ့တွေကြွယ်ဝတဲ့ အစားအစာ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ဂရုတစိုက် စားသုံးပေးသင့်ပါတယ်။
ဥပမာအားဖြင့် ငါးကြီးဆီ၊ ကြက်ဥ၊ တိရစ္ဆာန်အသည်း၊ ဘဲငန်းသား၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်(ပြည်ကြီးငါး)၊ ရေဘဝဲ၊ ခုံးကောင် စတဲ့ပင်လယ်စာများ၊ ဇင့်ဓာတ်ပါရှိတဲ့ ကမာကောင်(မုတ်ကောင်)၊ အိုမီဂါ- ၃ ဖက်တီးအက်စစ် ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါး၊ ငါးသေတ္တာငါး၊ တူနာငါး၊ မက်ကရယ်ငါး (ခေါ်) ငါးသလောက်ယောက်ဖ၊ ငါးမည်းလုံး၊ ပန်းငရုတ်ပွ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ဆလတ်ရွက်၊ ကန်စွန်းရွက်၊ ခရမ်းချဉ်သီး၊ ကညွတ်၊ ပဲပင်ပေါက်၊ ပဲထောပတ်၊ ဟင်းနုနယ်ရွက်၊ ကိုက်လန်၊ မုန်ညင်းထုပ်၊ မြင်းခွာရွက်၊ အစိမ်းရောင်ပဲသီးများ၊ ရှောက်သီး၊ သံပရာသီး၊ သံပရိုသီး၊ ချယ်ရီသီး၊ စပျစ်သီး၊ ဆီး(ဇီး)သီး၊ စတော်ဘယ်ရီ၊ လိမ္မော်သီး၊ ပန်းသီး၊ ကီဝီသီး၊ သခွားမွှေး၊ ထောပတ်သီး၊ မက်မွန်သီး၊ သင်္ဘောသီး၊ သစ်အယ်သီး၊ ပြောင်းဖူး၊ ကန်စွန်းဥ၊ မြေပဲ၊ ဗာဒံစေ့၊ ဂျုံ၊ အစေ့အဆန်အမျိုးမျိုး၊ တစေးဖြင့်အချဉ်ဖောက်ထားတဲ့ နို့ချဉ်၊ ဒိန်ချဉ်များ ဒီလို အသားငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အစေ့အဆန်တွေကို မပါမဖြစ် မကြာမကြာစားသုံးပေးဖို့ လိုအပ်ပါတယ်။
မျက်လုံးနှစ်လုံးနဲ့ အမြင်အာရုံဟာ လူတစ်ယောက်ရဲ့ဘဝရှင်သန်ဖို့အတွက် အရေးကြီးတဲ့လိုအပ်ချက်ဖြစ်တာမို့ အစားထိုးမရတဲ့ အချိန်တွေလွန်သွားမှ နောင်တ,မရရလေအောင် မပေါ့ဆစေချင်ပါဘူး။ ချစ်သော စာဖတ်သူ၊ ပြည်သူများအနေနဲ့ ကိုဗစ်ကာလမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ COVID-19 ကပ်ရောဂါဘေးကို ခုခံကာကွယ်နိုင်ရေးအတွက် အိမ်ထဲမှာပဲနေကြသလို မိမိတို့ရဲ့ဘဝနဲ့ နိုင်ငံတော်ရဲ့အနာဂတ်အတွက် အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ မျက်လုံးနှစ်လုံး ထိခိုက်ဆုံးရှုံးခြင်းဘေးမှလည်း ကာကွယ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါရစေရှင်။ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။