လက်တွေ့အသုံးချ ကိုဗစ်ကာကွယ်ဆေးနှင့် ချဉ်ပေါင်ဟင်းတစ်ခွက်
ပြည်သူများ မျှော်လင့်တောင့်တနေကြတဲ့ ကိုဗစ်ကာကွယ်ဆေး ၂၇-၁-၂ဝ၂၁ ရက်နေ့က ကျွန်မတို့နိုင်ငံမှာ စတင်ထိုးနိုင်ပြီ ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မေတ္တာရပ်ခံချက်အရ အိန္ဒိယနိုင်ငံက ပထမအသုတ်အဖြစ်လှူဒါန်းတဲ့ COVISHIELD ကိုဗစ်ကာကွယ်ဆေးဖြစ်ပြီး ကျမတို့နိုင်ငံရဲ့ ပထမဦးဆုံး ကိုဗစ်ကာကွယ်ဆေး အထိုးခံရသူကတော့ နေပြည်တော် ကုတင် (၁ဝဝဝ) ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်း အထက်တန်းသူနာပြုဆရာမကြီးတစ်ဦး ဖြစ်ပါတယ်။
အဲဒီကာကွယ်ဆေးထိုးနှံနေရာသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့တို့က ကာကွယ်ဆေးအထိုးခံရမယ့် ကျန်းမာရေးဝန်ထမ်းတွေကို ကြွရောက်အားပေးခဲ့ကြပါတယ်။ မကြာခင် ကျွန်မတို့နိုင်ငံက အိန္ဒိယနိုင်ငံမှဝယ်ယူထားတဲ့ COVISHIELD ကိုဗစ်ကာကွယ်ဆေး သန်း ၃ဝ ထဲက ၂ သန်းခန့် လာမယ့်ဖေဖော်ဝါရီလ ပထမပတ်လောက်မှာ ရောက်ရှိလာမှဖြစ်ပြီး Stay at Home အကျုံးဝင်တဲ့ မြိုနယ်များထဲက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှုန်းများတဲ့ မြို့နယ်မှာနေတဲ့ ပြည်သူတွေကို ဦးစားပေးအုပ်စုအတိုင်း ထိုးနှံပေးသွားမှာဖြစ်ပါတယ်။
ကျန်းမာပျော်ရွှင်မီးအိမ်ရှင် (ဒေါက်တာနိုက်တင်ဂေးလ်နှင့်ဆွေးနွေးခန်း) အစီအစဉ်ကို ရုပ်မြင်သံကြား Channel နဲ့ FM ရေဒီယိုကနေ ကျွန်မစီစဉ်တင်ဆက် မေးနေကျအတိုင်း ကျွန်မရဲ့ပရိသတ်များ၊ ပြည်သူများက ကျွန်မရဲ့ Messenger မှ အခုတလောအမေးများတဲ့ ကျန်းမာရေးမေးခွန်းတွေက ''ကျနော်တို့၊ ကျွန်မတို့ ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါ့မလား။ ကျနော်တို့၊ ကျမတို့မှာ နှလုံးရောဂါရှိလို့၊ သွေးတိုးရှိလို့၊ ဆီးချိုသွေးချိုရှိလို့၊ ကင်ဆာဖြစ်နေလို့၊ နှလုံးရောဂါဆေးသောက်နေရလို့၊ သွေးကျဆေးသောက်နေရလို့ပါ စသဖြင့်အမေးများလွန်းလို့ အဲဒီလောက်များလွန်းတဲ့ မေးခွန်းတွေအတွက် အဖြေက တစ်ခုတည်းဖြစ်ပါတယ်။
တကယ်တော့ အဲဒီလို ရောဂါအခံရှိနေသူများဟာ ကိုဗစ်ပိုးကူးစက်ခံရရင် အသက်အန္တရာယ် စိုးရိမ်ရတာမို့ ကိုဗစ်ကာကွယ်ဆေး ထိုးသင့်ပါတယ်။ ဦးစားပေးအုပ်စုထဲမှာတောင် ပါပါတယ်။ သတိထားပြီး ကာကွယ်ဆေးထိုးပေးရမယ့်အုပ်စုလည်း ရှိပါတယ်။ ဒါကတော့ အိတ်ခ်ျအိုင်ဗွီပိုးကူးစက်ခံထားရသူ၊ AIDS ခုခံအားကျရောဂါရှိသူများ၊ ကင်ဆာရောဂါဝေဒနာခံစားနေရသူများ၊ ခုခံအားကျစေတဲ့ဆေးဝါး သောက်သုံးနေရသူများ ဖြစ်ပါတယ်။ သူတို့တွေဟာ ကာကွယ်ဆေးထိုးပြီးတဲ့နောက် ကိုယ်ခံအားတုံ့ပြန်မှု အားနည်းမှုရှိနေနိုင်တာကြောင့်ဖြစ်ပါတယ်။
သွေးမတိတ်တဲ့ရောဂါ၊ သွေးကျဲဆေးတွေ သောက်သုံးနေရတဲ့ သူတွေဟာလည်း ဆေးထိုးပြီးတဲ့အခါ သွေးထွက်တဲ့ အနေအထား၊ သွေးမတိတ်တဲ့အနေအထားမျိုးတွေ ရှိလာနိုင်လို့ သတိထားသင့်ပါတယ်။ ကျောက်ကပ် စသဖြင့် ကိုယ်အင်္ဂါအစားထိုးကုသထားရသူတွေ ဒီလိုလူနာတွေက မိမိတို့ကျန်းမာရေးအခြေအနေကို သက်ဆိုင်ရာဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ပြီး ထိုးသင့်၊ မထိုးသင့် ညှိနှိုင်းဆုံးဖြတ်ရမှ ာဖြစ်ပါတယ်။
ကိုဗစ်ကာကွယ်ဆေး မထိုးသင့်သူများကတော့ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာတွေ၊ သံသယလူနာတွေ (သံသယလက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ အနံ့အရသာပျောက်ခြင်း၊ အသက်ရှူရခက်ခဲခြင်း စသဖြင့်ခံစားနေရသူတွေ) ကိုဗစ်ရောဂါဖြစ်လို့ ဆေးရုံတက်ကုသမှုခံယူလို့ ရောဂါလက္ခဏာပျောက်ကင်းပြီး ၁၄ ရက်မကျော်သေးတဲ့သူတွေ၊ အသက် (၁၈)နှစ် မပြည့်သေးသူများ၊ ကိုယ်ဝန်ရှိနေသူများ၊ နို့တိုက်မိခင်များဟာ ကိုဗစ်ကာကွယ်ဆေး မထိုးသင့်ပါဘူး။
ကိုဗစ်ကာကွယ်ဆေးထိုးတဲ့အခါမှာ လူ့ခန္ဓာကိုယ်ရဲ့ လက်မောင်းကြွက်သားထဲကို ထိုးနှံပေးရမယ့်ဆေးဖြစ်ပါတယ်။ သာမန်အားဖြင့် ကာကွယ်ဆေးထိုးတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ သာမန်ဆေးတုံ့ပြန်မှုကြောင့်ဖြစ်တဲ့ နာကျင်ခြင်း၊ နီခြင်း၊ ရောင်ခြင်း၊ နုံးချည့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်း၊ ဖျားခြင်း၊ အန်ခြင်း၊ ကြွက်သားနာကျင်ခြင်းစသဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးခံရတဲ့သူ ၁ဝ ရာခိုင်နှုန်းလောက်မှာ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုမျိုး သာမန်ကာကွယ်ဆေးတုံ့ပြန်မှုလို ဝေဒနာလက္ခဏာတွေ ဖြစ်ပေါ်လာခဲ့ရင်လည်း တစ်ရက် နှစ်ရက်အတွင်း အလိုလိုပျောက်ကင်းသွားမှာဖြစ်ပါတယ်။
လက္ခဏာပြင်းထန်ရင်ဖြစ်စေ အချိန်ကြာရှည်နေရင်ဖြစ်စေ နီးစပ်ရာကျန်းမာရေးဌာနနဲ့ ဆရာဝန်တွေထံ သွားရောက်ပြသရမှာ ဖြစ်ပါတယ်။ အဓိကအရေးကြီးတဲ့အချက်အနေနဲ့ သတိပေးလိုတာက အခုရောက်ရှိလာတဲ့ COVISHIELD ကိုဗစ်ကာကွယ်ဆေး လုံးဝထိုးလို့မရတဲ့ အခြေအနေမျိုးရှိနိုင်တာက ဆေးမှာပါဝင်တဲ့ပစ္စည်းတွေနဲ့ ဓာတ်မတည့်သူတွေကို လုံးဝထိုးပေးလို့မရပါဘူး။ ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပြီး ဆေးနဲ့မတည့်သူဖြစ်ခဲ့ရင် ဒုတိယအကြိမ်မှာ ထိုးပေးလို့မရပါဘူး။ ဒါကြောင့်မို့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးတာနဲ့ ချက်ချင်းမပြန်ရသေးဘဲ မိနစ် ၃ဝ ခန့် စောင့်ဆိုင်းနေရမှာဖြစ်ပါတယ်။ ဓာတ်မတည့်မှုဖြစ်ပေါ် လာခဲ့မယ်ဆိုရင် အချိန်မီ အသက်ကယ်ဆေး ထိုးပေးနိုင်အောင်ပါ။
ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး ၂၈ ရက်အကြာမှာ ဒုတိယအကြိမ်ထိုးရမှာ ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး လေးပတ်အကြာမှသာ ရောဂါကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ပထမအကြိမ်ထိုးပြီး ဒုတိယအကြိမ်ထိုးဖို့ ပျက်ကွယ်တယ်ဆိုရင် အာနိသင်မရတော့ဘဲ 'အဟောသိကံ'ဖြစ်သွားမှာပါ။ ကျွန်မတို့နိုင်ငံရဲ့ လူဦးရေ သန်း ၅ဝ ကျော်ရှိတဲ့အတွက် လူဦးရေရဲ့ ၆ဝ ရာခိုင်နှုန်းဖြစ်တဲ့ ၃၃ သန်းကျော်လောက် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသွားပြီဆိုရင် ကျွန်မတို့တစ်နိုင်ငံလုံးအတွက် လွှမ်းခြုံထားတဲ့ ကိုယ်ခံအား(Herd Skmmunity) ရရှိမှာဖြစ်တာကြောင့် ကာကွယ်ဆေးထိုးလို့ရသူမှန်သမျှ ကာကွယ်ဆေးထိုးကြခြင်းဖြင့် မိမိကိုယ်တိုင်ရော မိမိမိသားစုနဲ့ ပတ်ဝန်းကျင်အသိုင်းကိုရော မိမိတို့တစ်နိုင်ငံလုံးအတွက်ပါ ကာကွယ်ပေးရာ ရောက်ပါတယ်။
ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသွားသူများအနေနဲ့ ကာကွယ်ဆေးထိုးပြီးသွားပြီဆိုပြီး ပေါ့ဆလို့မရပါ။ ကိုဗစ်ကာကွယ်ဆေးတွေဟာ အချိန်တိုအတွင်း အရေးပေါ်အသုံးပြုခွင့်ရရှိနိုင်ဖို့အတွက် အချိန်မီအောင် ကြိုးစားထုတ်လုပ်ကြရတဲ့အတွက် သူ့ရဲ့အာနိသင် တစ်နှစ်ခံမလား၊ တစ်သက်လုံးခံပါ့မလား တပ်အပ်သေချာမပြောနိုင်သေးဘဲ စောင့်ကြည့်ကာလအနေအထားမှာပဲ ရှိနေတာကြောင့်တစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ နောက်ထပ်သန္ဓေပြောင်းမျိုးကွဲသစ်တွေ ထပ်ပေါ်လာရင် အခုကိုဗစ်ကာကွယ်ဆေးတွေက အသစ်အသစ်ပေါ်ထွက်လာမယ့် ဗိုင်းရပ်စ်မျိုးကွဲသစ်တွေအပေါ် အာနိသင်ရှိပါ့မလားဆိုတာ မသိနိုင်တာကြောင့်တစ်ကြာင်း ဖြစ်ပါတယ်။ ကျွန်မတို့ပြည်သူများအနေနဲ့ ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာ (ဒါမှမဟုတ်) လက်သန့်ဆေးနဲ့ စက္ကန့် (၂ဝ) အကြာ ခဏခဏဆေးကြောခြင်း၊ လူစုလူဝေးရှောင်ခြင်းနဲ့ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာ ခပ်ခွာခွာနေခြင်းစတဲ့ New Normal Life ကိုဗစ်နဲ့ ယှဉ်တွဲနေထိုင်မှုပုံစံအသစ်ဖြင့်လည်း သတိရှိရှိ နေထိုင်သွားရမှာဖြစ်ပါတယ်။
နေ့စဉ်စားသောက်တဲ့ အစာအာဟာရတွေမှာလည်း မိမိတို့ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ကောင်းမွန်ပြည့်ဝစေဖို့အတွက် အထောက်အကူပြုတဲ့ အစာအာဟာရကို ရွေးချယ်စားသုံးပေးဖို့ အရေးကြီးလှပါတယ်။ ဒါကြောင့် ကိုယ်ခံစွမ်းအားမြင့်မားစေရုံသာမက စိတ်ကျရောဂါကိုလည်း သက်သာလျော့ပါးစေတဲ့အပြင် ကောင်းကျိုးအာနိသင် အများကြီးပေးစွမ်းနိုင်တဲ့အစာအာဟာရတမျိုးကို ကျွန်မရဲ့ချစ်ပရိသတ်၊ ပြည်သူများထံ မျှဝေပေးလိုပါတယ်။ အဲဒါကတော့ အိမ်ရှင်မတွေ သွားနေကျဈေးထဲမှာ ငွေကုန်ကြေးကျသိပ်မများဘဲ ပေါပေါများများရနိုင်တဲ့အပြင် မိမိတို့နေအိမ်ခြံဝင်းထဲမှာ ရှိသလောက်မြေလေးနဲ့ အလွယ်တကူစိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့ ချဉ်ပေါင်ပင်ရဲ့ ချဉ်ပေါင်ရွက်နဲ့ ချဉ်ပေါင်ဖူးပဲဖြစ်ပါတယ်။
ချဉ်ပေါင်ရွက်ထဲမှာ Flavonoids လို့ခေါ်တဲ့ စိတ်ကျရောဂါကို ဆန့်ကျင်တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တစ်မျိုးပါဝင်တာမို့ အာရုံကြောစနစ်ကို ကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင် ကူညီပေးပြီး ကိုယ်စိတ်နှလုံး အေးချမ်းတည်ငြိမ်အောင် ကူညီပေးနိုင်ပါတယ်။ ချဉ်ပေါင်ရွက်တင်မက ချဉ်ပေါင်သီးကလည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးပေးစွမ်းတာကြောင့် ယိုထိုးပြီးစားသုံးနိုင်သလို အရည်ဖျော်သောက်လို့လည်း ရပါတယ်။ ချဉ်ပေါင်ဖူးကို ပုဇွန်ခြောက်၊ မျှင်ငပိကင်တို့နဲ့ဖြစ်ဖြစ်၊ မြေပဲ နှမ်းထောင်းတို့နဲ့ဖြစ်စေ ထောင်းစားမယ်ဆိုရင် ခံတွင်းပျက်နေသူများအတွက် ဟင်းကောင်းတစ်ခွက်ရနိုင်ပါတယ်။
ဘယ်လောက်ပဲ အိပ်ရေးပျက်သူဖြစ်နေပါစေ ချဉ်ပေါင်ဟင်းစားရတဲ့အခါ စိတ်နှလုံး ကြည်လင်လန်းဆန်းသွားတတ်တယ် မဟုတ်လား။ ချဉ်ပေါင်ရွက်ဟာ ကိုယ်ခံစွမ်းအားမြင့်မားစေပြီး အအေးမိဖျားနာခြင်းနဲ့ တုပ်ကွေးရန်မှလည်း ကင်းဝေးစေပါတယ်။ ချဉ်ပေါင်ရွက်က ပုံမှန်အားဖြင့် သွားကိုက်ခြင်း၊ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ခြင်းနဲ့ အရက်နာကျခြင်းတို့ကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ တချို့က ချဉ်ပေါင်ရွက်ကို ထောင်းပြီးညှစ်လို့ ရရှိလာတဲ့အရည်ကို မျက်စိအတွင်းသားရောင်ရမ်းခြင်းအတွက် အသုံးပြုသလို နေလှန်း၊ အခြောက်ခံပြီးအမှုန့်ပြုလို့ ပွန်းပဲ့ဒဏ်ရာများ၊ ပြည်တည်နာများအတွက် အသုံးပြုကြပါတယ်။
ချဉ်ပေါင်ဟင်းကို အမျိုးသမီးများက ပို၍နှစ်သက်ကြသလို အမျိုးသမီးများကို အထူးအကျိုးပြုပါတယ်။ ချဉ်ပေါင်ရွက်စားသုံးခြင်းက အမျိုးသမီးများ ဓမ္မတာရာသီလာတဲ့အခါ ကြွက်သားများနာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။ အဲဒီလိုအချိန်မှာ အမျိုးသမီးများ ခံစားရလေ့ရှိတဲ့ စိတ်အပြောင်းအလဲ အတက်အကျမြန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အစားအလွန်အကျွံစားသုံးခြင်းစတဲ့လက္ခဏာများကို လျော့ပါးသက်သာစေပြီး ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းများ ညီညွတ်မျှတမှုရှိအောင် ကူညီပေးပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေ သကြားဓာတ်၊ ကစီဓာတ်နဲ့ ကာဘိုဟိုက်ဒရိတ်ဓာတ်များတဲ့ အစားအစာများကို အလွန်အကျွံစားသုံးမိတဲ့အခါ ဝလာနိုင်တဲ့အတွက် အဲဒီအခါ ချဉ်ပေါင်ဟင်းကို များများစားသုံးပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချဉ်ပေါင်ရွက်မှာ အဲဒီကစီဓာတ်နဲ့ ဂလူးကို့စ်ဓာတ်ပါဝင်မှုများကို စုပ်ယူပစ်နိုင်တဲ့ အစွမ်းသတ္တိများရှိတာကြောင့် ဝိတ်ကျချင်သူတွေအတွက် အသင့်တော်ဆုံး အစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။
ချဉ်ပေါင်ရွက်စားသုံးခြင်းက ဘက်တီးရီးယားများကို တိုက်ဖျက်ပေးပြီး ရောင်ရမ်းမှုကိုလျော့ကျစေတယ်လို့ တိုင်းရင်းဆေးပညာကျမ်းစာအုပ်မှာ လေ့လာမှတ်သားရပါတယ်။ ဒါ့အပြင် ချဉ်ပေါင်ဟင်းဟာ ဝမ်းချုပ်ခြင်းကိုသက်သာစေပြီး အူမကြီးကင်ဆာ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ ကျွန်မတို့တတွေ ချဉ်ပေါင်ရွက်ကို ကြော်စား၊ ချက်စားကြရုံသာမက ဟင်းရည်အဖြစ် ချက်၊ သောက်နိုင်သလို ချဉ်ပေါင်ရွက်ကို အခြောက်လှန်းပြီး လက်ဖက်ခြောက်လိုမျိုး လက်ဖက်ရည်အနေနဲ့လည်း သောက်သုံးနိုင်ပါသေးတယ်။
ချဉ်ပေါင်လက်ဖက်ရည်မှာဆိုရင် ဗီတာမင်စီဓာတ်ကြွယ်ဝစွာပါဝင်ပြီး အဲဒီဗီတာမင်စီက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ကို ပံ့ပိုးပေးတဲ့အပြင် ခုခံစွမ်းအားမြင့်မားလာအောင်လည်း ကူညီပေးပါသေးတယ်။ ကျွန်မတို့နိုင်ငံမှာ ချဉ်ပေါင်ရွက်ကို ဆယ့်နှစ်လရာသီ နေ့စဉ်နဲ့အမျှ လွယ်လွယ်ကူကူ ပေါပေါများများ ရနေတာဟာ ကျွန်မတို့ပြည်သူများအတွက် ကံကောင်းမှုတခုပါပဲ။
ပြည်ပနိုင်ငံတချို့မှာ ချဉ်ပေါင်ရွက် လုံးဝရှာမရတာကြောင့် ပြည်ပရောက် ရွှေမြန်မာတချို့အတွက် ချဉ်ပေါင်ရွက်ကို အခြောက်လှန်းပြီး ပေးပို့ခဲ့မယ်ဆိုရင် အကောင်းဆုံးလက်ဆောင်အဖြစ် ဝမ်းမြောက်ဝမ်းသာဖြစ်ကြရတယ်လို့ ဆိုပါတယ်။ လက်တွေ့အသုံးချ ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းနဲ့ လက်တွေအသုံးကျ ချဉ်ပေါင်ရွက် စားသုံးခြင်းတို့နဲ့အတူ ချစ်သောစာဖတ်သူ၊ ပြည်သူများအားလုံး ကျန်းမာပျော်ရွှင်တဲ့ဘဝများ ရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။