
သံဓါတ်ဆိုတာ သွေးနီဥ တည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုး ဖြစ်ပါတယ်။ သံဓါတ်မလုံလောက်တဲ့အခါ အဆုတ်ကနေတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို အောက်ဆီဂျင်ပို့ဆောင်ပေးတဲ့ သွေးနီဥပမာဏ နည်းပါးလာတဲ့အတွက် သွေးအားနည်းရောဂါကို ခံစားရနိုင်ပါတယ်။
သံဓါတ်ချို့တဲ့မှုက သွေးအားနည်းရောဂါရဲ့ အဖြစ်အများဆုံး အကြောင်းရင်းလည်း ဖြစ်ပါတယ်။ သံဓါတ်ချို့တဲ့လာတဲ့အခါ လူကို နုံးချိစေတဲ့အပြင် အသက်ရှူမဝတာ၊ အာရုံစူးစိုက်ရခက်တာနဲ့ ဖျားနာလွယ်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
သံဓါတ်ကို အစားအသောက်ကနေလည်း ရရှိနိုင်ပါတယ်။ ဒါပေမယ့် စားသောက်မှုပုံစံ မမှန်ကန်တဲ့အခါ သံဓါတ်ချို့တဲ့နိုင်တဲ့အတွက် ဒီဆောင်းပါးကနေတဆင့် သံဓါတ်အားဆေးတွေနဲ့ ပတ်သက်ပြီး သိသင့်စရာတွေကို ဖော်ပြလိုက်ပါတယ်။
သံဓါတ်အားဆေးကို ဘယ်လိုအခြေအနေမှာ သောက်သင့်သလဲ
သံဓါတ်အားဆေးသောက်ဖို့ လိုမလို ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။ သံဓါတ်ပိုလျှံခြင်းကလည်း ခန္ဓာကိုယ်ကို ပြဿနာဖြစ်စေနိုင်တဲ့အတွက် ပိုလည်း မပို၊ လိုလည်း မလိုတဲ့ ပမာဏအတိုင်း သောက်ဖို့ အရေးကြီးပါတယ်။ သွေးအားနည်းရောဂါအပြင် သံဓါတ်လိုအပ်နိုင်တဲ့ တချို့အခြေအနေတွေကတော့
– သွေးထွက်ခြင်းရောဂါပြဿနာ ရှိသူတွေ
– မီးလောင်ဒဏ်ရာ ရသူတွေ
– ကျောက်ကပ်ဆေးနေရသူတွေ
– အစာအိမ်ရောဂါ ရှိသူ၊ အစာအိမ် အူလမ်းကြောင်းသွေးယိုစီးရောဂါ ရှိသူတွေ
– အစာအိမ်ခွဲထုတ်ထားရသူတွေ စတာတွေပဲဖြစ်ပါတယ်။
သံဓါတ်အားဖြည့်ဆေးသောက်ရင် ဘာတွေသိထားရမလဲ
သံဓါတ်အားဖြည့်ဆေးကို ဆေးတောင့်၊ ဆေးရည်နဲ့ ဆေးပြား စသဖြင့် ပုံစံအမျိုးမျိုးနဲ့ သောက်သုံးနိုင်ပါတယ်။ အရွယ်ရောက်ပြီး လူတစ်ယောက်အတွက် သံဓါတ်ချို့တဲ့တာကို ကုသဖို့ တစ်နေ့ကို သံဓါတ်အားဆေး 100 – 200 mg အထိ သောက်ပေးနိုင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် သံဓါတ်လိုအပ်တဲ့ပမာဏမတူညီတာကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။
သံဓါတ်အားဖြည့်ဆေးအာနိသင် ပြည့်ပြည့်ဝဝရအောင် နည်းမှန်လမ်းမှန်သောက်ဖို့ အရေးကြီးတာကြောင့် ဒီအချက်တွေကို လိုက်နာဖို့ လိုပါတယ်။
– ဝါးစားလို့ရတဲ့ သံဓါတ်အားဆေးပြားကို သေချာဝါးပြီးမှ မျိုချပါ။
– သံဓါတ်အားဆေးကို အစာမစားမီ ၁ နာရီအလို ဒါမှမဟုတ် အစာစားပြီး ၂ နာရီမှာ ရေ ဒါမှမဟုတ် သစ်သီးဖျော်ရည်နဲ့ သောက်ပေးပါ။ ဗိုက်အောင့် ဗိုက်နာဖြစ်တတ်သူတွေဆိုရင် အစာစားပြီးချက်ချင်း ဒါမှမဟုတ် အစာနဲ့တွဲပြီး သောက်ပေးနိုင်ပါတယ်။
– ဗီတာမင်စီက သံဓါတ်စုပ်ယူမှုအားကောင်းစေတဲ့အတွက် ဗီတာမင်စီ အားဆေး ဒါမှမဟုတ် ဗီတာမင်စီ ကြွယ်ဝတဲ့ သစ်သီးဖျော်ရည်နဲ့ တွဲသောက်ပေးပါ။
– တချို့အစားအစာတွေက သံဓါတ်အားဆေးရဲ့အာနိသင်ကို လျော့ကျစေတဲ့အတွက် အောက်ပါ အစားအစာတွေနဲ့ ၂ နာရီခြားပြီးမှ ဆေးကိုသောက်ပါ။ အဲဒါတွေကတော့
ဒိန်ခဲ၊ ဒိန်ချဉ်၊ နွားနို့
ဥအမျိုးမျိုး
လက်ဖက်ရည်၊ ကော်ဖီ
ပေါင်မုန့်ကြမ်း၊ ကွေကာ စတာတွေပဲ ဖြစ်ပါတယ်။
– သံဓါတ်အားဆေးကို အစာအိမ်အက်စစ်လျော့စေတဲ့ဆေး (Antacids – အစာအိမ်ဆေး၊ လေဆေး လို့ အရပ်ထဲမှာ ခေါ်ကြပါတယ်) နဲ့ ကယ်လ်ဆီယမ်အားဖြည့်တွေနဲ့ တွဲမသောက်သင့်ပါ။ ဆေးတစ်မျိုးနဲ့တစ်မျိုး ၂ နာရီခြားပြီး သောက်ပါ။
– သံဓါတ်အားဆေးရည်သောက်ရင် သေသေချာချာလှုပ်ပြီးမှ သောက်ပါ။
– သံဓါတ်အားဆေးရည်က သွားတွေကို အရောင်စွန်းစေနိုင်ပါတယ်။ ဒီလိုဖြစ်တာ ကာကွယ်လျှော့ချဖို့ အားဆေးရည်သောက်တဲ့အခါ ရေ ဒါမှမဟုတ် သစ်သီးဖျော်ရည်နဲ့ တွဲသောက်ပါ။ ဒါမှမဟုတ် ဆေးရည်ကို ပိုက်နဲ့သောက်ရင်လည်း သွားအရောင်စွန်းတာကို လျှော့ချနိုင်ပါတယ်။ သွားမှာ စွန်းထင်းသွားခဲ့ရင် အရောင်ချွတ်ဖို့ မုန့်ဖုတ်ဆိုဒါမှုန့် (Baking soda) နဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။
– သံဓါတ်အားဆေးက တခြားဆေးဝါးတွေရဲ့ အာနိသင်တွေ လျော့နည်းစေတဲ့အတွက် အကယ်၍ Tetracycline, penicillin, ciprofloxacin လိုဆေးမျိုး ဒါမှမဟုတ် သိုင်းရွိုက်အားနည်းရောဂါ၊ ပါကင်ဆန်ရောဂါနဲ့ အတက်ရောဂါအတွက် ဆေးသောက်နေရတယ်ဆိုရင် ဆရာဝန်ကို သေချာပြောပြထားသင့်ပါတယ်။
ဘယ်လောက်ကြာကြာ သောက်ရမလဲ
ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သံဓါတ်အားဆေးကို သောက်ပေးဖို့ လိုအပ်ပါတယ်။ မတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် သံဓါတ်အားဆေးကို ၆ လနဲ့အထက် မသောက်သင့်ပါဘူး။
သံဓါတ်အားဆေးသောက်ပြီး ၂ လအကြာမှာ သွေးနီဥပမာဏက ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သံဓါတ်အားဆေးသောက်ပြီး ၂ ပတ် – ၄ ပတ်အကြာမှာ သံဓါတ်ကို စစ်ဆေးသင့်ပါတယ်။ တစ်ခါတစ်လေမှာ သံဓါတ်ကို ခန္ဓာကိုယ်မှာ လုံလုံလောက်လောက်သိုလှောင်နိုင်ဖို့ ၆ လကနေ ၁၂ လထိ သောက်ရတာမျိုးလည်း ရှိနိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုးရှိနိုင်လား
–သံဓါတ်အားဆေးရဲ့အဖြစ်များတတ်တဲ့ ဘေးထွက်ဆိုးကျိုးက ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာ ဖြစ်ပါတယ်။
– သံဓါတ်အားဆေးသောက်တဲ့အခါ ဝမ်းအမည်းရောင်သွားတာက ပုံမှန်ဖြစ်ပြီး ဆေးသောက်တာကြာလာရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားနိုင်ပါတယ်။
– သောက်ဆေးရဲ့ပမာဏများတာကြောင့် ဒါမှမဟုတ် ဆေးရည်ကြောင့် မအီမသာဖြစ်တာ၊ ပျို့အန်တာ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။
Author : ဒေါက်တာကောင်း (ဆေး – ၂)