ရာသီလာသည့်အချိန်တွင် နာကျင်ကိုက်ခဲခြင်းအကြောင်း သိကောင်းစရာများ
ondoctor.com.mm
|
2020-12-27

ရာသီလာနေစဉ် ကိုက်ခဲခြင်း (Dysmenorrhea) ဆိုတာ အမျိုးသမီးတော်တော်များများမှာ ရာသီမလာခင်နဲ့ ရာသီလာနေချိန် ဝမ်းဗိုက်အောက်ပိုင်းနဲ့ ဆီးစပ်တစ်ဝိုက် နာကျင်ကိုက်ခဲခြင်းပဲ ဖြစ်ပါတယ်။ တစ်ချို့အမျိုးသမီးတွေမှာတော့ နာကျင်မှုက သိပ်မသိသာပေမယ့် တစ်ချို့မှာဆိုရင် နာကျင်မှု ပြင်းထန်လွန်းတာကြောင့် နေ့တဓူဝအလုပ်တွေတောင် မလုပ်နိုင်ဘဲ အလုပ်အကိုင်ပျက်တာမျိုးတွေအထိ ဖြစ်တတ်ပါတယ်။


ရာသီလာနစေဉ် ကိုက်ခဲခြင်းဟာ အမျိုးသမီးတွေအတွက် ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝေဒနာဖြစ်ပါတယ်။ ရာသီလာနေချိန်မှာ သားအိမ်နံရံကြွေဆင်းတာနဲ့ သားအိမ်ကြွက်သားညှစ်တာကြောင့် သဘာဝအတိုင်း နာကျင်တာလည်း ဖြစ်နိုင်သလို ရောဂါတွေကြောင့်လည်း နာကျင်တာ ဖြစ်နိုင်တဲ့အတွက် Dysmenorrhea နဲ့ပတ်သက်ပြီး သိထားသင့်စရာတွေကို ရေးသားမျှဝေလိုက်ပါတယ်။


ဘယ်သူတွေမှာ ရာသီလာစဉ်ကိုက်ခဲခြင်း ပိုဖြစ်နိုင်သလဲ

(၁) အသက် ၃၀ အောက် အမျိုးသမီးတွေ

(၂) အသက် ၁၁ နှစ်နဲ့ ၁၁ နှစ်ထက်စောပြီး ရာသီပေါ်သူ၊ အပျိုဖော်ဝင်သူတွေ

(၃) ရာသီလာချိန် သွေးဆင်းများသူတွေ

(၄) ရာသီမမှန်သူတွေ

(၅) မိသားစုထဲမှာ ရာသီလာချိန်ကိုက်ခဲခြင်းဝေဒနာ ရှိဖူးသူတွေ (အမေ၊ အစ်မ၊ အဒေါ်၊ အဘွား)

(၆) ဆေးလိပ်သောက်သူတွေ ပဲဖြစ်ပါတယ်။


ဘယ်လိုဝေဒနာတွေ ခံစားရတတ်လဲ

ဝမ်းဗိုက်အောက်ပိုင်းနဲ့ ဆီးစပ်တစ်ဝိုက်မှာ ဆွဲညှစ်ထားသလို နာတာ၊ အောင့်တာမျိုး ခံစားရတတ်ပါတယ်။ ရာသီမလာခင် ၃ ရက်အလိုလောက်မှာ ခံစားရတတ်ပြီး ရာသီစပေါ်ပြီး ၂၄ နာရီကြာတဲ့အခါ အဆိုးဆုံးခံစားရတတ်ပါတယ်။ နောက် ၂ ရက်၊ ၃ ရက်မှာ ဝေဒနာလျော့ပါးသွားတတ်ပါတယ်။ နာကျင်မှုကို ခါးနောက်ပိုင်း၊ တင်ပါးဆုံနဲ့ ပေါင်တွေအထိပါ ခံစားရတတ်ပါတယ်။

တစ်ချို့အမျိုးသမီးတွေမှာ ပျို့တာ၊ ဝမ်းပျော့ပျော့သွားတာ၊ ခေါင်းကိုက်တာနဲ့ မူးဝေတာတွေပါ ခံစားရတတ်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ ရာသီလာစဉ်ကိုက်ခဲလွန်းတာကြောင့် နေ့စဉ်အလုပ်အကိုင်ပျက်တာကို လတိုင်း ခံစားနေရရင်၊ နာကျင်မှုဝေဒနာက မခံမရပ်နိုင်အောင် ဆိုးရွားလာရင် ဒါမှမဟုတ် အသက် ၂၅ နှစ်နောက်ပိုင်းမှာ ရာသီလာစဉ်ကိုက်ခဲဝေဒနာကို ရုတ်တရက် ပြင်းပြင်းထန်ထန် စတင်ခံစားလာရရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။


ဝေဒနာဖြစ်ပွားရတဲ့အကြောင်းအရင်း


အများအားဖြင့် ရာသီလာစဉ်ကိုက်ခဲခြင်းဝေဒနာက စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေ ရာသီလာချိန်မှာ ထုတ်လွှတ်တဲ့ Prostaglandins ဆိုတဲ့ ဟော်မုန်းတူပစ္စည်းကြောင့် သားအိမ်ကြွက်သားညှစ်ပြီး နာကျင်မှုကို ဖြစ်ပေါ်စေတာပါ။ Prostaglandins ထုတ်လွှတ်မှုများလေ ပိုနာလေပါ။

တချို့သော ရောဂါတွေကလည်း ရာသီလာစဉ်ကိုက်ခဲခြင်းဝေဒနာကို ဖြစ်စေနိုင်ပါတယ်။


(၁) Endometriosis လို့ခေါ်တဲ့ သားအိမ်တစ်သျှူးတွေက သားအိမ်ပြင်ပနေရာလွဲမှားတဲ့ ရောဂါ – သားအိမ်နံရံသားတစ်သျှူးတစ်ချို့က သားအိမ်ပြင်ပနေရာဖြစ်တဲ့ မျိုးဥပြွန်တွေ၊ သားဥအိမ်တွေနဲ့ တင်ပါးဆုံတွင်းပိုင်းတွေမှာ ရောက်ရှိနေရင် ရာသီလာချိန်မှာ ကိုက်ခဲမှုဆိုးရွားတတ်ပါတယ်။


(၂) Uterine fibroids – သားအိမ်အသားလုံးတည်ရောဂါ – အမျိုးသမီးတော်တော်များများ ကြားဖူးနေကျဖြစ်တဲ့ သားအိမ်မှာအလုံးတည်တဲ့ရောဂါမှာလည်း ရာသီလာစဉ်ကိုက်ခဲမှု ပြင်းထန်တတ်ပါတယ်။


(၃) Adenomyosis လို့ခေါ်တဲ့ သားအိမ်နံရံလွှာက သားအိမ်ကြွက်သားတွင်း မှားယွင်းပြီးရောက်နေတဲ့ရောဂါ

(၄) လိင်မှတဆင့်ကူးစက်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ အမျိုးသမီးမျိုးပွားအင်္ဂါ ပိုးဝင်ရောဂါ

(၅) သားအိမ်လည်တံ ကျဉ်းမြောင်းခြင်း အခြေအနေ – သားအိမ်ထွက်ပေါက်လည်တံ ကျဉ်းနေတာကြောင့် ရာသီသွေးဆင်းချိန် ဖိအားများပြီး ကိုက်ခဲစေနိုင်ပါတယ်။


ဘယ်လို စမ်းသပ်စစ်ဆေးနိုင်မလဲ


ဆရာဝန်က ရောဂါရာဇဝင်မေးမြန်းပြီးရင် Pelvic examination လို့ခေါ်တဲ့ အမျိုးသမီးမျိုးပွားအင်္ဂါကို ပုံမှန်ဟုတ်မဟုတ်၊ ပိုးဝင်ခြင်းလက္ခဏာရှိမရှိ စမ်းသပ်စစ်ဆေးပါတယ်။


လိုအပ်ရင် အာထရာဆောင်း (Ultrasound)၊ ကွန်ပျူတာဓါတ်မှန် (CT Scan)၊ သံလိုက်ဓါတ်မှန် (MRI Scan) ရိုက်ပြီး သားအိမ်၊ သားအိမ်လည်တံ၊ မျိုးဥပြွန်နဲ့ သားဥအိမ်တွေမှာ ရောဂါရှိမရှိ သေသေချာချာ ရှာဖွေစစ်ဆေးပေးပါတယ်။ တစ်ခါတစ်လေမှာ လိုအပ်ရင် Laparoscopy မှန်ပြောင်းနဲ့ ရောဂါရှာဖွေနိုင်ပါတယ်။


ရာသီလာစဉ်ကိုက်ခဲခြင်းကို ဘယ်လိုကုသနိုင်မလဲ

(၁) သောက်ဆေးနဲ့ ကုသနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးကို ရာသီမလာခင်တစ်ရက်မှာ သောက်ထားနိုင်ပါတယ်။ ရာသီလာအပြီး ၂ ရက်၊ ၃ ရက်အထိ ကိုက်ခဲမှုဝေဒနာတွေ သက်သာလာမချင်း ပုံမှန်သောက်ပေးလို့ရပါတယ်။

(၂) ဟော်မုန်းပါ ကိုယ်ဝန်တားဆေးနဲ့ ကုသနိုင်ပါတယ်။ ဆရာဝန်က လိုအပ်မယ်ဆိုရင် ကိုယ်ဝန်တားထိုးဆေး ဒါမှမဟုတ် လက်မောင်းတွင်းထည့်ပစ္စည်း (Implant) ထည့်ပေးပြီး ရာသီလာစဉ်ကိုက်ခဲမှုဝေဒနာကို သက်သာအောင် ကုသပေးနိုင်ပါတယ်။

(၃) ခွဲစိတ်ကုသခြင်း ပြုလုပ်နိုင်ပါတယ်။ အကယ်လို့ ကိုက်ခဲမှုဝေဒနာအကြောင်းရင်းက Endometriosis ရောဂါ ဒါမှမဟုတ် သားအိမ်အသားလုံးတည်ရောဂါ ဖြစ်ခဲ့မယ်ဆိုရင် ခွဲစိတ်ကုသခြင်းနဲ့ ကုသနိုင်ပါတယ်။


အိမ်တွင်းကုထုံး

ရာသီလာစဉ်ကိုက်ခဲတဲ့ ဝေဒနာကို အိမ်တွင်းကုထုံးအနေနဲ့

– ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဆောင်ခြင်း

– ရေနွေးနွေးနဲ့ ရေချိုးခြင်း၊ ဝမ်းဗိုက်အောက်ပိုင်းကို ရေနွေးအိတ်ကပ်ခြင်း

– ဗီတာမင် အီး၊ omega-3 ငါးကြီးဆီ၊ ဗီတာမင် ဘီဝမ်း၊ ဘီစစ် (Vitamin B-1, B-6) နဲ့ မဂ္ဂနီဆီယမ်သတ္တုဓါတ် (Magnesium) ပါဝင်တဲ့ အားဆေးသောက်ခြင်း

– စိတ်ဖိစီးမှုကို လျှော့ချခြင်း စတာတွေ လုပ်ဆောင်ပြီး နာကျင်မှုဝေဒနာကို လျှော့ချပေးနိုင်ပါတယ်။

Author: ဒေါက်တာကောင်း (ဆေး – ၂)


#သားအိမ်
#ဝေဒနာ
#လည်တံ
#အိမ်ကြွက်
#ရောဂါ

Some text some message..