ကလေးတွေရဲ့ အမြင်အာရုံကျန်းမာရေးနဲ့ DHA
ondoctor.com.mm
|
2021-06-24
မိမိရင်သွေးငယ် ကျန်းမာသန်စွမ်းခြင်းဟာ မိဘတိုင်းရဲ့ အကြီးမားဆုံးလိုအင်ဆန္ဒတစ်ခုပါ။ လူတစ်ယောက် အနေနဲ့လည်း ကိုယ်ခန္ဓာအစိတ်အပိုင်း အလုံးစုံ ကြီးထွားသန်စွမ်းခြင်းဟာ ငယ်ရွယ်စဉ်ဘဝကတည်းက အရေးပါပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ အမြင်အာရုံသန်စွမ်းခြင်းက အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် ယနေ့ နည်းပညာခေတ်မှာ Computer, Phone နဲ့ တခြားသော Electronic Device တွေ အသုံးများတာကြောင့် ကလေးငယ်တွေမှာ အမြင်အာရုံပြဿနာတွေ အလွန်ကြုံတွေ့လာကြရပါတယ်။


DHA ရဲ့ အမြင်အာရုံကျန်းမာရေး
DHA (Docosahexanoic Acid) ဆိုတာ Omega-3 Fatty Acid တစ်မျိုးဖြစ်ပြီး လူသားတွေရဲ့ ကိုယ်ခန္ဓာအတွက် ကောင်းကျိုးတွေကိုပေးတဲ့ မပြည့်ဝဆီတစ်မျိုး ဖြစ်ပါတယ်။ DHA ဟာ ဦးနှောက်၊ အမြင်အာရုံနဲ့ အခြားသော အာရုံကြောအဖွဲ့အစည်းတွေရဲ့ ဆဲလ်တည်ဆောက်ပုံမှာ အဓိကကဏ္ဍအနေနဲ့ ပါဝင်ပါတယ်။ မြင်ကွင်းအရဆိုရင် DHA ဟာ မျက်ကြည်လွှာအတွင်းမှာရှိတဲ့ အလင်းဖမ်းစနစ်မှာ အများဆုံးပါဝင်ပါတယ်။

ဒါ့ပြင် ကြည်လင်ပြတ်သားတဲ့ သိမြင်မှုတွေ ရရှိဖို့ဆိုရင် မျက်လုံးများသာမက ဦးနှောက်အာရုံကြောနဲ့ အမြင်အာရုံကြောအဖွဲ့အစည်းတို့ ကောင်းမွန်စွာ ချိတ်ဆက်နိုင်မှု ရှိရပါမယ်။ မျက်လုံးကမြင်ရတဲ့ သတင်းအချက်အလက်တွေကို မျက်ကြည်လွှာမှတစ်ဆင့် အာရုံကြောများနှင့် ဦးနှောက်ကို ပေးပို့ပြီး ထိုဦးနှောက်ကနေတစ်ဆင့် ခန္ဓာကိုယ်အနှံ့ကို လိုအပ်သလို ပြန်လည်ပေးပို့ပါတယ်။ DHA ပြည့်ဝခြင်းဟာ အဲဒီချိတ်ဆက်မှုတွေကို ပြေပြစ်စေပြီး ကောင်းမွန်တဲ့ အမြင်အာရုံနဲ့ အသိအာရုံတို့ကို ရရှိစေပါတယ်။

ကလေးငယ်တွေမှာဆိုရင် မိခင်ရဲ့သားအိမ်ထဲမှာရှိတဲ့ သန္ဓေသားဘဝထဲက မျက်ကြည်လွှာနဲ့ အမြင်အာရုံအဖွဲ့အစည်း ပြည့်စုံစွာ တည်ဆောက်နိုင်ဖို့အတွက် DHA အများအပြား လိုအပ်ပါတယ်။ မျက်ကြည်လွှာဟာ ကိုယ်ဝန်ဆောင် နောက်ဆုံးကာလတွေနဲ့ မွေးကင်းစကနေ ၆ လသား အရွယ်အတွင်းမှာ လျင်မြန်စွာ တည်ဆောက်ကြီးထွားပါတယ်။ ဒါကြောင့် သန္ဓေသားဘဝမှာ မိခင်ထံမှ DHA လုံလောက်စွာ မရရှိခဲ့တဲ့ ကလေးတွေဟာ အမြင်အာရုံအားနည်းတတ်ပါတယ်။

ဒါ့ပြင် မွေးကင်းစအရွယ်မှာ မိခင်နို့ကို ပြည့်ဝစွာ မရခဲ့တဲ့ ကလေးငယ်တွေနဲ့ DHA လုံလောက်စွာ ပါဝင်တဲ့ Formula နှို့မှုန့်တွေကို မသောက်သုံးခဲ့ရတဲ့ ကလေးငယ်တွေမှာလည်း DHA ချို့တဲ့ပြီး အမြင်အာရုံအားနည်းခြင်း၊ ကြည့်လင်ပြတ်သားမှုမရှိခြင်း၊ မျက်ကြည်လွှာအားမကောင်းခြင်း အစရှိတဲ့ အမြင်အာရုံနဲ့ဆိုင်တဲ့ ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။


DHA ကို ဘယျက ရမလဲ
လူသားတွေရဲ့ ခန္ဓာကိုယ်ကနေ DHA အနည်းငယ်သာ ထုတ်ပေးပေးနိုင်တာကြောင့် DHA ကို အစားအစာတွေနဲ့ ဖြည့်စွက်စာတွေ သောက်သုံးခြင်းဖြင့် ရရှိနိုင်ပါတယ်။ သန္ဓေသားအရွယ်မှာ DHA လုံလောက်စွာ စားသုံးတဲ့ မိခင်ထံမှ အချင်းကနေတစ်ဆင့် ရရှိနိုင်ပြီး မွေးကင်းစအရွယ်မှာလည်း DHA ပါဝင်တဲ့ မိခင်နို့ကနေ ရရှိနိုင်ပါတယ်။ ဖြည့်စွက်စာ စတင်စားတဲ့အရွယ်မှာတော့ အစားအသောက်တွေကနေ ကလေးငယ်တွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်မှ DHA လိုအပ်ချက်ကို ဖြည့်တင်းနိုင်ပါတယ်။

အစားအသောက်တွေအနေနဲ့ Omega-3 အများအပြားပါတဲ့ ငါးကြီးဆီ၊ ငါးနီတူနဲ့ ပင်လယ်ငါးတွေဖြစ်တဲ့ ဆယ်လမွန်ငါး၊ တူနာ၊ ဆာဒင်း၊ ဆာဘငါးနဲ့ Mackerel ငါးနဲ့ ပင်လယ်ငါးကြင်းတွေကနေ ရရှိနိုင်ပြီး အသီးအရွက်၊ အစေ့အဆံတွေအနေဖြင့် ရေညှိ၊ ပဲကတ္တီပါ၊ ပဲစင်းငုံသီး၊ သစ်ကြားသီး၊ တို့ဖူး၊ flex seed ၊ Chia seed နဲ့ ပဲနို့တို့ကနေ ရရှိနိုင်ပါတယ်။ ဖြည့်စွက်စာအနေနဲ့ကတော့ Capsule၊ ဝါးစားလို့ရတဲ့ဆေးလုံး၊ အရည်တွေနဲ့ လာတတ်ပြီး ကလေးငယ်များအတွက်ဆို ယခုအခါတွင် Formula များနဲ့ ဖော်စပ်ထားသော နို့မှုန့်အများစုတွင် DHA ကို ထည့်သွင်းထုတ်လုပ်လာကြပြီဖြစ်ပါတယ်။

သတိပြုရန်မှာ မိမိကလေးငယ်ဟာ ပင်လယ်ငါး သို့ အခွံမာငါးများနဲ့ မတည့်လျှင် ငါးကြီးဆီမှ ထုတ်လုပ်တဲ့ Omega-3 ဖြည့်စွက်စာများအစား တခြားသောအပင်၊ အသီးအရွက်များမှ ထုတ်လုပ်ထားသော Omega-3 ဖြည့်စွက်စာများကိုသာ ဆရာဝန်များနဲ့ ဆွေးနွေးတိုင်ပင်ပြီး ရွေးချယ်တိုက်ကျွေးသင့်ပါတယ်။


Author: Dr. Aye Chan Moe



ကလေးငယ်တွေဟာ သူတို့ရဲ့အချိန် ၇၀ % လောက်ကို အိပ်စက်ခြင်းအတွက် အသုံးပြုကြပါတယ်။
အခုလိုအိပ်စက်ခြင်းက ကလေးငယ်တွေရဲ့ ပုံမှန်ခန္ဓာကိုယ်နဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို ဖြစ်စေပါတယ်။
ကိုယ်ခံအားလည်း ကောင်းမွန်စေပြီး ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအတွက် သားသားမီးမီးတို့ ကောင်းမွန်စွာ အိပ်စက်ခြင်းက အရေးကြီးပါတယ်။

ဒါပေမဲ့လည်း ကလေးတွေရဲ့ ၃၀-၄၀% ဟာ နှစ်ခြိုက်စွာအိပ်စက်နိုင်ခြင်း မရှိကြပါဘူး။ ကောင်းစွာ အိပ်မောကျမှုမရှိခြင်း၊ မကြာခဏနိုးခြင်း၊ အိပ်စက်ချိန် မပြည့်ဝခြင်း စတာတွေ ဖြစ်တတ်ပါသည်။ နောက်ဆက်တွဲ ဆိုးကျိုးတွေအနေဖြင့် အထွေထွေ ကျန်းမာရေး မကောင်းခြင်း၊ အလွယ်တကူ မောပန်းလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ကြီးထွားမှုနှောင့်နှေးခြင်းတွေ ဖြစ်လာနိုင်ပါတယ်။


DHA (Docosahexaenoic Acids) က ကလေးငယ်တွေရဲ့ အိပ်စက်ခြင်းမှာ ဘယ်လိုများ ကူညီပေးနိုင်ပါလဲ


နောက်ဆုံး ရှာတွေ့ချက်တွေ အရ DHA ပမာဏက အိပ်ချိန်နဲ့ တိုက်ရိုက် သက်ဆိုင်နေတာကို တွေ့ရှိရပါတယ်။
DHA ပမာဏနည်းနေတဲ့ ကလေးတွေမှာ အိပ်ချိန် နည်းနေတာ တွေ့ရှိရပြီး DHA အလုံအလောက်ရှိနေရင် ကလေးမျာတွေဟာ ပိုမိုကောင်းမွန်စွာအိပ်စက်နိုင်ပါတယ်။ DHA အလုံအလောက်ရှိနေပါက ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်ရုံသာမက ညအခါနိုးထခြင်းနည်းကာ နိုးခဲ့ရင်လည်း နိုးနေတဲ့ကာလ တိုးတောင်းမှာဖြစ်ပါတယ်။

ဒါကြောင့် အိပ်စက်တဲ့ အရည်သွေးရော အိပ်ချိန်ပါ တိုးတက်ကောင်းမွန်စေကာ ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ ခုခံအားကောင်းမွန်မှု များကို DHA က ပေးစွမ်းနိုင်ပါတယ်။ သားသားမီးမီးတို့မှာ လုံလောက်တဲ့ DHA ပြည့်ဝစေရန် လိုအပ်ပါတယ်။


DHA ဆိုတာကဘာလဲ

DHA (Docosahexaenoic acids) ဟာ ခန္ဓာကိုယ် ဇီဝကမ္မလုပ်ငန်းအတွက်မရှိမဖြစ်လိုအပ်တဲ့ Essential Fatty Acid ထဲမှ Omega 3 Polyunsaturated Fatty Acids (PUFAs) အမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ Omega 3 PUFAs များဖြစ်ကြတဲ့ DHA (Docosahexaenoic Acids) နဲ့ EPA (Eicosapentaenoic Acids) ဟာ ခန္ဓာကိုယ်အနှံ့ဆဲလ် တွင်းနံရံတွအတွင်းသို့ ပေါင်းစပ်ဖွဲ့စည်းတည်ရှိပြီး DHA ဟာ အထူးသဖြင့် ဦးနှောက်ထဲသို့သွားရောက် ပေါင်းစပ် တည်ရှိပါတယ်။

DHA သည် အိပ်စက်ချိန်ထိမ်းညှိခြင်း လုပ်ငန်းစဉ် ကို Serotonin ထွက်စေခြင်း၊ Prostaglandin ထုတ်လုပ်ပေးခြင်းတို့ဖြင့် အကျိုးပြုပါတယ်။ ကလေးတွေ အိပ်စက်ခြင်းလုပ်ငန်းဆောင်တာတွေ ကောင်းမွန်ရန်အတွက် DHA သည် အဓိကအရေးပါပါသည်။


Omega 3 Fatty Acid ကို ဘယ်လိုရရှိမလဲ


Omega 3 Fatty Acid ကို လူ့ခန္ဓာကိုယ်မှာ သဘာဝအားဖြင့် ထုတ်လုပ်လို့မရရှိနိုင်ပါဘူး။ အစားအသောက်နဲ့ ဖြည့်စွက်အားဆေး (Supplement) မှသာရရှိနိုင်ပါတယ်။ Omega 3 Fatty Acid ဖြစ်တဲ့ DHA နှင့် EPA ကို ငါးတွေကို စားသုံးခြင်းဖြင့် သဘာဝအလျောက် ရရှိနိုင်ပါတယ်။ ငါးကြီးဆီ၊ တူနာငါး၊ ငါးနီတူငါး၊ ငါးမြစ်ချင်း၊ ငါးသလောက်၊ ဆော်လမွန်ငါး၊ ဆာဒင်းငါး၊ မက်ကရယ်ငါး စတဲ့ငါးတွေကို တစ်ပတ်လျှင် အနည်းဆုံး ၂-၃ ကြိမ်စားသုံးခြင်းဖြင့် DHA ကိုလုံလောက်စွာရရှိနိုင်ပါတယ်။ Flax Seed Oil နဲ့ သစ်ကြားသီး တို့မှလည်းရနိုင်ပါတယ်။
ဒီလိုအစားအစာတွေကို အပြည့်အဝ စားသုံးခြင်းမရှိသူတွေအတွက်တော့ ဖြည့်စွက်အားဆေး(Supplement) နဲ့ DHA ပါဝင်တဲ့ ကလေးနို့မှုန့် များမှလည်း ရရှိနိုင်ပါတယ်။

ဒါကြောင့် သားသားမီးမီးတို့ အိပ်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ခြင်း၊ အိပ်ချိန်လုံလောက်စွာရရှိခြင်း၊ အိပ်စက်တဲ့ အရည်အသွေးကောင်းမွန်စေကာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးခြင်း၊ ဦးနှောက်အသိဥာဏ်ဖွံ့ဖြိုးတိုးတက်ခြင်း၊ ခုခံအားကောင်းမွန်စေခြင်းစတဲ့ အကျိုးသက်ရောက်မှုတွေ ပေးစွမ်းနိုင်တဲ့ Omega 3 DHA ကို အစားအစာတွေမှ နေ့စဉ်လုံလောက်စွာကျွေးခြင်း၊ DHA ပါတဲ့ဖြည့်စွက်အားဆေး (ငါးကြီးဆီ) တွေကို တိုက်ကျွေးပေးခြင်းဖြင့် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိကြောင်း ကျန်းမာရေးအသိပေးလိုက်ပါတယ်။


Author: Dr. Win


#အမြင်အာရုံ
#ကလေးငယ်
#ငါးကြီးဆီ
#အိပ်စက်
#ခန္ဓာကိုယ်

Some text some message..