လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
ondoctor.com.mm
|
2021-09-14

လေထိုးလေအောင့်ပြဿနာဟာ လူတိုင်းနဲ့ မစိမ်းတဲ့ပြဿနာတစ်မျိုးဖြစ်ပါတယ်။ လူတိုင်းနီးပါးရဲ့ ဘဝမှာ အနည်းဆုံး တစ်ခါနှစ်ခါလောက်တော့ လေထိုးတာမျိုးကို ကြုံရဖူးမှာပါ။ ဗိုက်အောင့်ဗိုက်နာဖြစ်ပြီဆိုတာနဲ့ ဖြစ်ရတဲ့အကြောင်းရင်းထဲမှာ လေထိုးတာကြောင့် အများဆုံး ဖြစ်နေတတ်ပါတယ်။ လေထိုးလေအောင့်ဖြစ်ရင် ဗိုက်ထဲမှာ စူးပြီးထိုးအောင့်နေတာဟာ လူကိုအတော်ခံရခက်စေပါတယ်။

အစာဝါးစားချိန်၊ ရေသောက်‌စဉ်၊ ဒါမှမဟုတ် တံတွေးမြိုချလိုက်တဲ့အခါမှာ ပြင်ပလေတွေဟာ အစာအိမ်လမ်းကြောင်းထဲသို့ ဝင်ရောက်လာနိုင်ပါတယ်။ ဒီအခါမှာ ဝင်ရောက်လာတဲ့ လေတွေကို လေတက်ခြင်း၊ ဒါမှမဟုတ် လေလည်ခြင်းနဲ့ ခန္ဓာကိုယ် ပြင်ပသို့ ပြန်လည် ထုတ်လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အစာအိမ်လမ်းကြောင်းမှာ လေတွေ အလွန်အမင်း ပိတ်ဆို့‌ ဖောင်းပွလာတဲ့အခါ လေထိုး‌ လေအောင့်တာမျိုး ခံစားရလာပါတော့တယ်။

ဘာတွေကြောင့် ဖြစ်နိုင်သလဲ

ပဲအမျိုးမျိုး၊ အာလူး၊ ခေါက်ဆွဲ၊ Broccoli၊ ကြက်သွန်ဖြူ စတဲ့ လေပွစေသော အစားအသောက်များ အများအပြား စားသုံးမိခြင်း

Lactose Intolerance လို့ခေါ်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်သော Lactose နဲ့ ဓာတ်မတည့်သူများ

ဝမ်းခဏခဏချုပ်လေ့ရှိတတ်သူများ

စားသောက်နေထိုင်မှုပုံစံ – ပီကေ ဝါးနေတတ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှုများသူများမှာ တွေ့ရတတ်တဲ့ Aerophagia ကြောင့် လေများ အူလမ်းကြောင်းထဲ အများအပြားဝင်လာခြင်း

အူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူများမှာ တွေ့ရတတ်ပါတယ်။

လေထိုး‌ လေအောင့်သက်သာဖို့ ဘာတွေလုပ်ရမလဲ

လမ်းလျှောက်ပါ။ လှူပ်လှုပ်ရှားရှား နေကြည့်ပါ။ မလှုပ်ရှားဘဲ ထိုင်နေချိန်များတဲ့အခါမှာ အူလမ်းကြောင်း စုပြုံနေတဲ့လေတွေ အပြင်မထွက်နိုင်ဘဲ လေထိုးတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အစားစားပြီးချိန်ဆို လမ်း ပုံမှန်လျှောက်ပေးသင့်ပါတယ်။

စားသောက်မှု ပုံစံကို ပြောင်းလဲကြည့်ပါ။

လေပွတာဟာ အစာခြေမှုစနစ် ချို့ယွင်းမှုကြောင့်ဖြစ်ပါတယ်။ အစာခြေနေတဲ့အချိန်မှာ အူလမ်းကြောင်းမှာ Gas တွေ ထုတ်လွှတ်နိုင်ပါတယ်။ အချို့အစားအသောက်တွေဟာ အစာအိမ်နဲ့ အူသိမ်မှာ မခြေဖျက်နိုင်ဘဲ အူမကြီးသို့ ရောက်ရှိသွားတဲ့အခါမှာ အူမကြီးမှပိုးမွှားတွေနဲ့ပေါင်းပြီး Gas အများအပြားထုတ်လွှတ်လိုက်ပါတယ်။ ဒီအခါမှာ လေများစုပြုံလာပြီး လေထိုးလေအောင့်ခြင်းကို ခံစားရပါတော့တယ်။ ဒါကြောင့် မိမိစားတတ်တဲ့ အစားစာတွေနဲ့ ဘယ်အရာစားပြီးရင် လေထိုးလေအောင့်ဖြစ်တတ်သလဲ သေချာမှတ်ထားပြီး ရှောင်ကြည့်ပါ။ အများအားဖြင့် ဟင်းသီးဟင်းရွက် အချို့ ဥပမာ-ပဲသီး၊ ဒါမှမဟုတ် နို့နှင့်နို့ထွက်ပစ္စည်း စတာတွေကြောင့်ဖြစ်တတ်ပါတယ်။

လေထိုးလေအောင့်နေရာကို အသာအယာနှိပ်နယ်ပေးပါ။ နှိပ်နယ်တဲ့အခါ သွေးလှည့်ပတ်မှုကောင်းစေပြီး လေလည်သွားတဲ့အခါ လေထိုးတာကို သက်သာစေနိုင်ပါတယ်။

ဆေးဖက်ဝင် အပင်တွေဖြစ်တဲ့ ကရဝေးရွက်၊ နနွင်း၊ စမုန်စပါး၊ နံနံပင် စတာတွေကို ရေနွေးလေးနဲ့ ရောပြီး သောက်ပေးရင်လည်း လေထိုးတာကိုသက်သာစေပါတယ်။

မီးဖိုချောင်ထဲမှ ပစ္စည်းများနှင့် လေထိုးသက်သာအောင် –

– Apple cider vinegar စတီးဇွန်း တစ်ဇွန်းစာ ကို ရေ ဖန်ခွက်တခွက်စာနှင့် သောက်ခြင်း။

–Baking Soda ဇွန်းတစ်ဝက်ကို ရေ ဖန်ခွက် တခွက်စာထဲ ထည့်သောက်ခြင်း။

–ပူစီနံ ဖျော်ရည် သို့ ပူစီနံလက်ဘက်ရည် ဟာလည်း လေထိုးလေအောင့်အတွက်သက်သာစေပါတယ်။

လေထိုးလေအောင့်ခြင်းအတွက် သောက်သုံးရန် ဆေးဝါးများ

–Simethicone ဟာ အူလမ်းကြောင်းထဲမှာ စုနေတဲ့ Gas Bubble တွေကို ချေဖျက်နိုင်စွမ်းရှိလို့ လေထိုးလေအောင့်ကို သက်သာစေပါတယ်။

-Lactose Intolerance လို့ခေါ်တဲ့ နို့နှင့် နို့ထွက်ပစ္စည်းတွေမှာပါဝင်တဲ့ lactose နဲ့ ဓာတ်မတည့်သူတွေအနေနဲ့ lactase enzymes ပါဝင်တဲ့ ဆေးတွေ သောက်ရင် လေထိုးလေအောင့်တာကို သက်သာစေပါလိမ့်မယ်။

လေထိုးလေအောင့် မဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲ

ရေဓာတ်ပြည့်ဝအောင် အရည်များများသောက်ပါ။

Gas ပါသော အ‌ချိုရည်များရှောင်ပါ။

ဆေးသကြားပါသော မုန့်သရေစာများ မစားပါနဲ့။

အကြာကြီး ဝါးရတဲ့ အရာများ (ပီကေ၊ ကွမ်းယာ) များကို ရှောင်ပါ။

အစားစားပြီး အနည်းငယ်လှုပ်ရှား‌ပေးပါ။ လမ်းပုံမှန်လျှောက်‌ပေးပါ။

Author: Dr. Aye Myat


#ကျန်းမာရေး
#လေထိုးလေအောင့်

Some text some message..