ဓာတ်ဆားရည်သောက်တိုင်း ကောင်းသလား
ondoctor.com.mm
|
2021-10-21

ဒီရက်ပိုင်း မိုးကများကာ ရာသီဥတုက ချမ်းစိမ့်နေသည်။ ဖျားကြနာကြနှင့် ဆေးခန်းတွင် လူနာများသည့် အချိန်။ ကျန်းမာရေးဝန်ထမ်းများအဖို့ COVID-19 လား ရာသီတုပ်ကွေးလား အမြဲခွဲရသည်။ လူနာအားလုံး ကိုယ်အပူချိန်တက်မည်။

ထို့ကြောင့် အဖျားကျဆေးလေး သောက်လိုက်သည်။ အဖျားကျဆေးအရှိန်ကြောင့် ချွေးထွက်မည်။  တချို့လည်း ချွေးစေးတွေထွက်ကြသည်။ ထိုသို့ ချွေးထွက်ပါက ရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရှုံးမည်ဖြစ်သည်။ ရေနှင့် ဓာတ်ဆားဓာတ်များဆုံးရှုံးပါက နုံးမည်။ မောမည်။ အားနည်းသလိုဖြစ်မည်။ ကိုယ်လက်မသယ်ချင်သလိုဖြစ်မည်။ ခေါင်းမကြည်သလိုဖြစ်မည်။ ကြွက်တက်မည်။  သွေးပေါင်ကျကာ မူးသလို ဖြစ်နေမည်။

ထို့ကြောင့် အဖျားရှိ၍ ချွေးထွက်များပါက ဓာတ်ဆားရည်ကို မဖြစ်မနေသောက်သုံးရမည် ဖြစ်သည်။ ဓာတ်ဆားရည်သောက်ရမည်ကို တချို့က ဝန်လေးသည်။ တချို့ ကမကြိုက်။ ထို့ကြောင့် အချိုရည်များကို အစားထိုး သောက်သုံးကြသည်။ ဤသို့ ဓာတ်ဆားရည်သောက်သုံးရမည့်အချိန်တွင် အချိုရည်များ မသောက်သုံးသင့်ပါ။ အချိုရည်များတွင် ရေနှင့် သကြားဓာတ်သာပါသည်။ ဆုံးရှုံးသွားသော Sodium နှင့် Potassium ဓာတ်များ မပါဝင်ပေ။

မိုးတွင်းကာလတွင်  အဖြစ်အများဆုံးကား  ဝမ်းပျက် ဝမ်းလျှောရောဂါပင်ဖြစ်သည်။ မသန့်ရှင်းသော အစားအသောက်များစားမိခြင်းနှင့် မသန့်ရှင်းသော  ရေများသောက်သုံးမိပါက ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များသည်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပါက ‌ရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရှံးကာ အသက်သေဆုံးနိုင်သည်။ ထို့‌ကြောင့် ဓာတ်ဆားရည်အား မဖြစ်မနေသောက်သုံးရမည်ဖြစ်သည်။

တစ်နေကုန် နေပူစပ်ကြားတွင် အလုပ်ကြမ်း လုပ်နေရသော သူများသည်လည်း ဓာတ်ဆားရည် သောက်ရန်လိုအပ်ပေသည်။ နေပူချိန်ကြောင့် ကုန်ခန်းသွားသော ဓာတ်ဆားများကို ဓာတ်ဆားရည်သောက်ကာ ပြန်လည် အားသစ်မွေးမြူရမည်ဖြစ်သည်။ ယခုအခါ  COVID 19 ရောဂါသည်များကို ကုသပေးနေသော ကျန်းမာရေးဝန်ထမ်းများ၊  Volunteers များသည် PPE ဝတ်စုံများဝတ်ဆင်ထားရသည်။ PPE ဝတ်စုံများ အောက်တွင် ချွေးများကား အဆမတန် ထွက်နေသည်။ ထို့ကြောင့် ညနေပိုင်း တာဝန်ပြီးဆုံးချိန်တွင် ဓာတ်ဆားရည် ပြန်လည် သောက်သုံးသင့်သည်။

သို့သော်ဓာတ်ဆားရည်ကို လူတိုင်းသောက်သင့်သည်တော့မဟုတ်ပါ။ သွေးတိုးသမားအဖို့ ဓာတ်ဆားရည်သောက်လျှင် သတိပြုရမည်။ အလွန်အကျွံချွေးထွက်ကာ သွေးပေါင်ချိန်ကျနေမှသာ ဓာတ်ဆားရည် သောက်သုံးသင့်သည်။ ဓာတ်ဆားရည်ကြောင့် သွေးတိုးတတ်သည်။ သွေးတိုးသမားသည် ဓာတ်ဆားရည်အား အလွန်အကျွံမသောက်သုံးသင့်။ ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သုံးသင့်သည်။

ထို့ပြင် ဆီးချိုသမားများသည်လည်း ဓာတ်ဆားရည်သောက်ရန် ဂရုပြုရမည်။ သွေးတွင်းအချိုဓာတ် အလွန်အမင်း ကျဆင်းနေပါက ဓာတ်ဆားရည် သောက်သုံးလို့ရပါသည်။ သို့သော် သကြားဓာတ် ပါဝင်သောကြောင့် ဆီးချိုတက်ခြင်း ဖြစ်တတ်သည်။ လိုအပ်၍ ဓာတ်ဆားရည်သောက်ရမည်ဆိုလျှင်လည်း သွေးတွင်း သကြားဓာတ်ဖောက်ကာ  Monitor လုပ်ရမည်ဖြစ်သည်။ သွေးတိုးဆီးချိုသမားများအတွက် အသားပြုတ်ရည်၊ အသီးအရွက် ပြုတ်ရည်များနှင့် သစ်သီးဖျော်ရည်များကို ဓာတ်ဆားရည်အစားထိုး သောက်သုံးပေးလို့ရပါသည်။ ထို့ပြင် နှလုံးရောဂါရှိသူများနှင့် ကျောက်ကပ်ရောဂါရှိသူများသည်လည်း ဓာတ်ဆားရည်ကို ဆရာဝန်ညွှန်ကြားချက် မရရှိပဲ မသောက်သုံးသင့်ပေ။

မြန်မာနိုင်ငံတွင် လိမ္မော်၊ သံပရာအရသာများနှင့်ထုတ်လုပ်ထားသော‌ ဓာတ်ဆားထုပ်များကို  အရသာရှိရှိ သောက်သုံးနိုင်လေပြီ။  ကလေးသူငယ်များတွင် ဝမ်းပျက်ဝမ်းလျှော၊ အော့အန်ခြင်းများနှင့် အဖျားကြီးကာ ချွေးထွက်များပါက အရသာပါသော ဓာတ်ဆားထုပ်များအား တိုက်ပေးလို့ရပြီဖြစ်သည်။

ယခုအခါ ဓာတ်ဆားထုပ်များ အလွယ်တကူဝယ်လို့မရပါက WHO ကဖော်ပြထားသည့် အိမ်လုပ် ဓာတ်ဆားရည် ဖျော်နည်းလေးကို သိထားသင့်ပေသည်။ ရေကျက်အေး ၁ လီတာကို ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်ခန့် နှင့် သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းနှင့် ရောကာ အကုန်ပျော်သွားအောင် မွှေရမည်။ ပြီးလျှင် သောက်သုံးလို့ရပေသည်။ ဓာတ်ဆားရည်ကို ဖျော်ပြီးပါက ၂၄ နာရီအတွင်း အကုန်သောက်သုံးရမည်ဖြစ်သည်။ သကြားနှင့် ဆားကို ပိုထည့်ခြင်းများ၊ လျော့ထည့်ခြင်းများ မပြုလုပ်ရပါ။ ဆိုးကျိုးများ ဖြစ်ပေါ်တတ်ပါသည်။ အရေးအကြီးဆုံးအနေနှင့် ဓာတ်ဆားရည်အားမလိုအပ်ပဲမသောက်သုံးသင့်ပါ။  လိုအပ်မှသာ သောက်သုံး သင့်ပေသည်။

Author: ဒေါက်တာအေးချမ်းမိုး


#ကျန်းမာရေး
#ရေ
#ကလေး
#အစားအသောက်
#COVID-19

Some text some message..