
အစာအဆိပ်သင့်ခြင်းအခြေအနေကို တွေ့ကြုံခံစားဖူးကြပါသလား
အစာအဆိပ်သင့်ခြင်း အခြေအနေဟာ အခန့်မသင့်လျှင် လူတိုင်း အသက်အရွယ်တိုင်း ကြုံတွေ့ခံစားရနိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ စားသောက်မိလိုက်သော အစားအသောက်မှာ အစာအဆိပ်ဖြစ်စေတဲ့ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ Parasite ကပ်ပါးပိုး/မှို နှနဲ့ သူတို့မှထွက်တဲ့ ပိုးအဆိပ်တွေ ပါသွားတဲ့အတွက် အစာအဆိပ်သင့်ခြင်းအခြေအနေဖြစ်လာခြင်းဖြစ်ပါတယ်။
-ယေဘုယျအားဖြင့်
*သေချာကျက်အောင်မချက်ထားသောအသားများ/ဥများ*မမှန်ကန်သောအပူချိန်၌ အေးခဲထားသောအစားအသောက်များ*သေသေချာချာပြန်နွှေးမထားသော အစားအသောက်များ*နေမကောင်းသူချက်ပြုတ်ပြင်ဆင်ပေးသောအစားအသောက်များ*ချက်ပြုတ်ပြီးအချိန်ကြာမြင့်စွာ အခန်းအပူချိန်၌ ထားထားသောအစားအသောက်များ*ရက်လွန်အစားအသောက်များ*မသန့်ရှင်းသော လက်ဖြင့်ပြင်ဆင်ချက်ပြုတ်ထားသောအစားအသောက်များ*မချက်ထားသောအခွံမာငါး(Raw shellfish)*မသန့်ရှင်းမလတ်ဆတ်သော ဟင်းသီးဟင်ရွက်များ*သေချာကြိုချက်ပေါင်းခံပိုးသတ်ထားခြင်းမရှိသော(Unpasteurised) နို့နှင့် နို့ထွက်ပစ္စည်းများ*စည်သွပ်ဘူးတွေစတာတွေဟာ အစာအဆိပ်သင့်ခြင်းအခြေအနေကို ပိုဖြစ်စေနိုင်တဲ့ အစားအသောက်တွေဖြစ်ပါတယ်။
အစာအဆိပ်သင့်ခြင်းဖြစ်စေသော ပိုးမွှားတွေ
1. E coliပိုး- မကျက်တကျက်ချက်ထားသောအသားတွေ၊ ဟင်းသီးဟင်းရွက်အစိမ်းတွေမှာ ပါလေ့ရှိပါတယ်။ကလေးငယ်တွေကို ပို၍ပြဿနာဖြစ်စေပါတယ်။
2. Listeria ပိုး-ချိစ်အပျော့များ၊ အသင့်စားအသားတွေနဲ့ ပဲပင်ပေါက်တွေမှာပါလေ့ရှိပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ပို၍ ပြဿနာဖြစ်စေပါတယ်။
3. Norovirus ပိုး-မကျက်တကျက်ချက်ထားသော အခွံမာငါး(shellfish)နှင့် နေမကောင်းသောသူချက်ပြုတ်ထားသောအစားအသောက်များမှာပါဝင်တတ်လေ့ရှိပါတယ်။
4. Salmonella ပိုး- မကျက်သေးသော ဥအစိမ်းများနှင့် မကျက်တကျက်အသားတွေဟာ Salmonellaပိုးကြောင့် အစာအဆိပ်သင့်ခြင်းကိုဖြစ်စေပါတယ်။အစာအဆိပ်ဖြစ်ခြင်းကြောင့် ဆေးရုံတက်ရနှုန်း၊သေဆုံးနှုန်းအမြင့်ဆုံးမှာ Samonellaပိုးကြောင့် ဖြစ်လေ့ရှိတယ်။
5. Staphlococcus Aurius ပိုး – မသန့်ရှင်းသောလက်များမှတစ်ဆင့်အစားအသောက်သို့ရောက်ရှိစေပါတယ်။
6. Clostridium Perfringens ပိုး- အသားအစိမ်းများ/အသင့်ချက်ထားသော အစားအသောက်များမှာ ပါလေ့ရှိပါတယ်။
7. Campylobacter ပိုး – သေချာမချက်ထားသောအသားများ၊ မသန့်ရှင်းသောဟင်းသီးဟင်းရွက်တွေနဲ့ နို့တွေမှာ ပါလေ့ရှိပါတယ်။
8. Trichinella Spiralis ပိုး – အသားအစိမ်းများ/မကျက်တကျက်အသားများ၊ အထူးသဖြင့် ဝက်သားမှာ ပါဝင်လေ့ရှိပါတယ်။
9. Clostridium Botulism – စည်သွပ်ဘူးတွေနဲ့ အချဉ်ဖောက်ထားတဲ့အစားအသောက်တွေမှာ ပါဝင်ပါတယ်။
အစာအဆိပ်သင့်လက္ခဏာရပ်တွေက ဘာတွေလဲ
လူသိအများဆုံး ကတော့ အထက်လန်အောက်လျှောဖြစ်ခြင်းဖြစ်ပါတယ်။
*ဝမ်းလျှောခြင်း*အန်ခြင်း*ဗိုက်အောင့်ခြင်း*ဖျားခြင်း*အစားအသောက်ပျက်ခြင်း တို့ခံစားရလေ့ရှိပါတယ် ။
အများအားဖြင့် အစာအဆိပ်ဖြစ်စေတဲ့ မသန့်ရှင်းတဲ့အစားအသောက်ကို စားမိပြီး ၁ နာရီမှ ၆ နာရီအတွင်း ခံစားရလေ့ရှိပေမဲ့ တစ်ခါတစ်ရံ ရက်အနည်းမှ တစ်ပတ်လောက်အထိ ကြာမှ လက်ခဏာစတင်ခံစားရတာမျိုးလည်းဖြစ်တတ်ပါတယ်။ သာမန် မပြင်းထန်တဲ့ အနေအထားမှ အသက်ဆုံးရှုံးနိုင်တဲ့အထိ ပြင်းထန်တဲ့အနေအထားအထိ ဖြစ်နိုင်ပါတယ်။
အစာအဆိပ်သင့်ခြင်းပို၍ဖြစ်နိုင်တဲ့၊ ဖြစ်လာခဲ့လျှင် ပိုမိုပြင်းထန်နိုင်သူတွေကတော့ –
* ကိုယ်ဝန်ဆောင်မိခင်များ*အသက် ၆၅ နှစ်အထက် လူကြီးများ*အသက် ၅နှစ်အောက် ကလေးများ*ကိုယ်ခံအားကျနေသူများ၊ ချထားရသူများ(ဥပမာ-နာတာရှည်ရောဂါသည်များ၊ ကင်ဆာရောဂါသည်များ၊ စတီးရွိုက်ဆေးစွဲသောက်နေရသူများ၊ HIV ဝေဒနာရှင်များ စသည်) တို့ဖြစ်ပါတယ်။
အဲဒီ High Risk လူအုပ်စုတွေမှာ ရောဂါလက္ခဏာ ပိုပြင်းထန်နိုင်သလို အစာအဆိပ်သင့်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများလည်း ပိုဖြစ်နိုင်ပါတယ်။ အစာအဆိပ်ဖြစ်ခြင်း နောက်ဆက်တွဲဆိုးကျိုးတွေကတော့ –
1.ရေဓာတ်ဆုံးရှုံးခြင်း2.ကိုယ်ဝန်ပျက်ခြင်း3.ကလေး အသေလေးမွေးခြင်း4.ကျောက်ကပ်ပျက်ခြင်း5.အဆစ်အမြစ်ေရာင်ခြင်း6.ဦးနှောက်အမြှေးပါးရောင်ခြင်း7.အသက်ဆုံးရှုံးခြင်း
အရေးပေါ်ကုသရေးနည်းလမ်းများ
-အစာအဆိပ်သင့်ခြင်းအခြေအနေအများစုဟာ အိမ်မှာပဲကုသပျောက်ကင်းနိုင်ပါတယ်။
-အမျာစုဟာ ၃ရက်မှ ၅ရက်အတွင်း သက်သာသွားလေ့ရှိပါတယ်။
-အစာအဆိပ်သင့်ခြင်းဖြစ်ပြီဆိုလျှင်
1.ရေဓာတ်မဆုံးရှုံးစေရန် အရည်များများဝင်အောင်သောက်ပါ။-ရေသန့်-ဓါတ်ဆားရည်-စွပ်ပြုပ်-သစ်သီးဖျော်ရည်-အုန်းစိမ်းရေ နှင့်-ဂက်စ်မပါတဲ့ အားကစားလုပ်တဲ့ အခါသောက်တဲ့ အားဖြည့်အရည်(Sports Drinks)များ သောက်နိုင်ပါတယ်။
-ကဖင်းပါတဲ့အရည်များ၊ ဂက်စ်ပါတဲ့အရည်များ၊ အချိုရည်များ၊ အရက်ဘီယာများ မသောက်သုံးသင့်ပါ။
2.အိမ်မှာ ကောင်းကောင်းအနားယူပါ။ရောဂါလက္ခဏာများသက်သာပျောက်ကင်းပြီး အနည်းဆုံး ၄၈ နာရီပြည့်မှ ကျောင်း သို့မဟုတ် လုပ်ငန်းခွင်ပြန်ဝင်လို့ ရပါမယ်။
3.နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဆေးလိပ်၊ အရက်၊ ဘီယာ၊ အဆီများတဲ့အစားအသောက်တွေနဲ့ အချိုများတဲ့ အစားအသောက်တွေ ရှောင်ရပါမယ်။
4.Probiotic ပါတဲ့ဆေးတွေ ဝမ်းရပ်အောင်သောက်နိုင်ပါတယ်။အအန်ပျောက်ဆေး၊ ဝမ်းပိတ်ဆေးနဲ့ ပိုးသတ်ဆေးများကိုတော့ ဆရာဝန်ညွှန်ကြားချက်ပါမှသာ သောက်သုံးရပါမယ်။
5. ၃ ရက်ထက်ကြာအောင် ဝမ်းလျှောလျှင်*အရည်ပင်သောက်မရလောက်အောင်အန်လျှင်*အဖျားကြီးလျှင် ( 101.5°F နှင့် အထက်)*ဝမ်းထဲသွေးပါလျှင်*ဆီးထဲသွေးပါလျှင်*ရေဓာတ်ဆုံးရှုံးသည့်လက်ခဏာများခံစားရလျှင်(အာခြောကိခြင်း၊ရေငတ်ခြင်း၊ဆီးနည်းသွားခြင်း၊ခြေလက်အေးစက်လာခြင်း)တို့ဖြစ်လျှင် နီးစပ်ရာဆေးရုံဆေးခန်းအမြန်သွားရန်လိုအပ်ပါတယ်။
Author: ဒေါက်တာယဉ်ယဉ်ဝင်း