ကိုဗစ်လိုပြင်းထန်တဲ့ ကူးစက်ရောဂါများအကြောင်း
myanmaplatform.com
|
2021-11-16

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ဆိုတဲ့ ကပ်ရောဂါကြောင့် နိုင်ငံတိုင်းမှာ သေဆုံးသူတွေ အများအပြားရှိ ကြပါတယ်။ အခုဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်က အခြားအသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ တွေထက်ပိုပြီးတော့ ပြင်းထန်ပါတယ်။ အသက်ရှူလမ်းကြောင်းရောဂါတွေဟာ တစ်ခုထက် တစ်ခု ပိုပြီးပြင်းထန်လာတာမျိုးတွေကို တွေ့ရပါတယ်။ ပြောရမယ်ဆိုရင် ကူးစက်ရောဂါတွေဟာ အဆင့်မြင့်လာတဲ့ သဘောပါပဲ။ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ် - ၁၉ လို ကူးစက်ရောဂါအမျိုးအစားတွေဟာ ထပ်မံပြီး ပေါ်လာနိုင်ပါသေးတယ်။ တစ်ကမ္ဘာလုံးမှာလည်း ကူးစက်ရောဂါတွေဟာ ဖြစ်ပေါ်ခဲ့ပြီးပါပြီ။ ကိုဗစ် - ၁၉ ကတော့ ကမ္ဘာပေါ်မှာ အဆိုးဆုံးကူးစက်ရောဂါတစ်ခုပါပဲ။ ဒီတော့ ကိုဗစ်လိုမျိုး ပြင်းထန်တဲ့ အခြားကူးစက်ရောဂါတွေအကြောင်းကို ကျန်းမာရေးဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။

အီဗိုလာဗိုင်းရပ်စ် (Ebolia virus)

အီဗိုလာ ဗိုင်းရပ်စ်ရောဂါကို ၁၉၇၆ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပါတယ်။ ကွန်ဂိုမှာ ရှိတဲ့ အီဗိုလာမြစ်ကို အမည်ယူပြီး ဒီရောဂါကို နာမည်ပေးထားတာဖြစ်ပါတယ်။ အီဗိုလာ ဗိုင်းရပ်စ်ရောဂါကိုအရင်က  Ebola haemorrhagic fever (အီဗိုလာ) သွေးလွန်ရောဂါလို့ခေါ်ခဲ့တယ်။ အီဗိုလာကူးစက်ခံရတဲ့သူဟာ အသက်ဆုံးရှုံးနိုင်ခြေ ၉၀ % ထိရှိပါတယ်။ တောတိရစ္ဆာန်တွေကနေ တစ်ဆင့် လူကိုကူးစက်တယ်။ လူလူချင်းလည်း ကူးစက်နိုင်ပါတယ်။ ရောဂါဖြစ်လာရင် အထူးကုသမှု ခံယူဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ အကောင်းဆုံး ကာကွယ်ဆေး၊ ကုသဆေးကတော့ မပေါ်သေးပါဘူး။ ပိုးရှိနေတဲအကောင်တွေရဲ့ သွေး၊ ကိုယ်ထဲကအရည်၊ အညစ်အကြေး တွေကနေတဆင့် ကူးစက်တာဖြစ်ပါတယ်။ လူနာရဲ့လက်ကိုပါးစပ် မှာငုံမိတာနဲ့လည်း ကူးနိုင်ပါတယ်။ လိင်ကနေလည်း ကူးပါတယ်။ ချွေးကနေလည်း ကူးနိုင်တယ်။ တစ်ခုရှိတာကတော့ ခြင်ကနေမကူးစက်နိုင်ပါဘူး။ ၅ ရက်ကနေ ၁၀ ရက်အတွင်း လက္ခဏာပြလေ့ရှိပါတယ်။  အီဗီုလာကူးစက်ခံရရင် ရုတ်တရက်ဖျားခြင်း၊ အားယုတ်ခြင်း၊ ကြွက်သားတွေနာခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အန်ခြင်း၊  ဝမ်းပျက်ခြင်း၊ အနီပြင်တွေထွက်ခြင်း၊ ကိုယ်တွင်းသွေးယိုခြင်း၊ ကျောက်ကပ်နဲ့ အသည်းတွေထိခိုက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။


Chikungunya (ချင်ကန်ဂူညာ အဖျားခေါ် ဆင်တုပ်ကွေးရောဂါ)

ချင်ကန်ဂူညာ ( Chikungunya) ဗိုင်းရပ်စ်ပထမဦးဆုံးတွေ့တာဟာ တန်ဇန်းနီးယားမှာဖြစ်ပြီး ၁၉၅၂ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ Togaviridae မျိုးနွယ်ဝင် alphavirus genus မျိုးစိတ် Ribonucleic အက်ဆစ် (အာအန်အေ) ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ ချင်ကန်ဂူညာဆိုတာ ခြင်ကနေ ကူးစက်တဲ့ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ ကူးစက်တဲ့ လူနာဟာ အများအားဖြင့် ဖျားနာခြင်းနှင့်ပြင်းထန်သောအဆစ်အမြစ် နာကျင်မှုတွေကို ရုတ်တရက် ပူးတွဲ ခံစားရပါတယ်။ Chikugunya အာရှ, အာဖရိက, ဥရောပနှင့်အမေရိကတိုက် တို့က နိုင်ငံ ၆၀ ကျော်မှာ ဖြစ်တာ ဖြစ်ပါတယ်။ ဒါဟာ ဘယ်အသက်အရွယ်မဆိုကျားမမရွေး သက်ရောက်နိုင်ပါတယ်။ ဒီရောဂါ လက္ခဏာတွေကတော့ ပုံမှန်အားဖြင့် ၄ ရက် နဲ့ ၈ ရက် အတွင်း ပေါ်လာတတ်ပါတယ်။ ဒီရောဂါကို သွေးလွန်တုပ်ကွေးနှင့် Zika လက္ခဏာ အခြေအနေတွေ တူညီတာကြောင့် ရောဂါရှာဖွေမှုမှားယွင်းနိုင်ပါတယ်။ ဒီရောဂါက မသေစေပါဘူး။ ဒါပေမဲ့ သူ့ရဲ့ရောဂါလက္ခဏာက နာတာရှည်ဖြစ်လာနိုင်ပါတယ်။ ချင်ကန်ဂူညာ ( chikungunya) ဟာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့်ဖြစ်ရတာ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ခြင်ကနေတဆင့် ကူးစက်နိုင်သလို လူအချင်းချင်းလည်း ကူးစက်နိုင်ပါတယ်။ 


H1N1 ခေါ် ဝက်တုပ်ကွေး

ဝက်တုပ်ကွေးကို ၁၉၁၈ ခုနှစ် မက်ဆီကို နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ရိုးရိုးတုပ်ကွေးအမျိုးအစားမှ ဗီဇပြောင်းအသွင်ကွဲထွက်လာတဲ့ အမျိုးအစားဖြစ်ပါတယ်။ ကပ်ရောဂါသဖွယ် ရာစုနှစ်အလိုက်ဖြစ်ပွားတတ်ပြီး ၂၀၀၉ ခုနှစ်မှာ အပြင်းအထန်ဖြစ်ပွားခဲ့ဖူးပါတယ်။ ၂၀၁၇ မှာတော့ အိန္ဒိယနိုင်ငံကနေ စတင်ဖြစ်ပွားတယ်လို့ သိရှိရပါတယ်။ H1N1 တုပ်ကွေး တစ်နည်းအားဖြင့် ဝက်တုပ်ကွေးလို့ ခေါ်တဲ့ ရောဂါကို H1N1 ဆိုတဲ့ virus ကြောင့်ဖြစ်ပွားစေပါတယ်။ ဒီ virus ဟာ တုပ်ကွေး virus (influenza virus) ရဲ့ မျိုးစိတ်အသစ်ဖြစ်ပြီး ပုံမှန် တုပ်ကွေးရောဂါအမျိုးအစားလိုပဲ လက္ခဏာတွေပြတတ်ပါတယ်။ လက်တလောမှာတော့ H1N1 virus ဟာလူတွေမှာ ရာသီတုပ်ကွေးအနေနဲ့ ဖြစ်ပေါ်တတ်ပါတယ်။ ဝက်တွေမှာ ရှင်သန်နေထိုင်နိုင်တဲ့ virus ပိုးဖြစ်ပေမယ့် သေချာချက်ပြုတ်ကိုင်တွယ် ထားတဲ့ ဝက်သားနှင့် တခြားသက်ဆိုင်ရာ စားသောက်ကုန်တွေ စားခြင်းဖြင့်တော့ မကူးစက်နိုင်ပါဘူး။ H1N1 တုပ်ကွေးဟာ ဝက်တွေမှာသာ ကူးစက်တတ်တဲ့ တုပ်ကွေးvirus မျိုးစိတ်အသစ်တစ်မျိုးဖြစ်ပါတယ်။ တိုက်ဖိုက်နဲ့ မတူတာက သန်းတွေ၊ မှက်တွေကနေ ကူးစက်တာမဟုတ်ပဲ လူကနေ လူကိုသာ ကူးပြီး တိရိစ္ဆာန်ကနေ လူကို မကူးစက်နိုင်ပါဘူး။ H1N1 တုပ်ကွေးက အလွန်ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဟာ တံတွေးနှင့် ချွဲတွေအမှုန်တွေကနေ ကူးစက်ပြန့်နှံ့နိုင်ပါတယ်။ လူတွေ နှာချေ၊ ချောင်းဆိုးတဲ့ အခါမှာ လေထဲကို မျက်စိနဲ့ မမြင်နိုင်တဲ့ virus အမှုန်အမွှားတွေ ပက်ဖြန်းလိုက်သလိုဖြစ်သွားပါတယ်။  ရောဂါပိုးရှိတဲ့သူထိတွေ့ထားတဲ့ အရာကို ကိုင်မိတာ၊ထိမိတာတွေ ကြောင့် H1N1 တုပ်ကွေးရောဂါ ကူးစက်နိုင်ပါတယ်။ 


Sars (Severe Acute Respiratory Syndrome) (ဆားစ် ပြင်းထန်အဆုတ်ရောင်ရောဂါ)

SARS ကတော့ နမိုးနီယား ပုံစံတစ်မျိုးဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါလက္ခဏာစု ဖြစ်ပါတယ်။  SARS ရောဂါကို  ၂၀၀၂ ခုနှစ်က တရုတ်နိုင်ငံမှာ ပထမဆုံးစတင်ဖြစ်ပွားခဲ့ပါတယ်။  လအနည်းငယ် အတွင်းမှာ  တစ်ကမ္ဘာလုံးအနေနဲ့ ၂၉ နိုင်ငံအထိ ပျံ့နှံ့သွားခဲ့ပါတယ်။  ရောဂါဖြစ်သူ ၁၀ ယောက်မှာ ၉ ယောက်က ပြန်လည်ကောင်းလာနိုင်ပေမယ့် မကုသနိုင်လိုက်ရင် အသက်သေဆုံးနိုင်ပါတယ်။ ရောဂါပျံ့ပွားခြင်းကို ကာကွယ်ရန် စစ်ဆေးခြင်း၊ ကာကွယ်ခြင်း၊ ရောဂါလက္ခဏာများခွဲခြားခြင်း၊ ရောဂါကို အမည်တပ်နိုင်မည့်နည်းလမ်းများရှာဖွေခြင်း၊ လူနာများအား သီးသန့်ထားခြင်း တို့ကို လျင်မြန်စွာပြုလုပ်ရပါတယ်။ ၂၀၀၃ ခုနှစ် ဇူလိုင်လမှာတော့ ရောဂါပျံ့နှံ့ ကူးစက်ခြင်းရပ်တန့်သွားပြီး ၂၀၀၄ ခုနှစ်ကတည်းက နောက်ထပ်ရောဂါဖြစ်ပွားမှု မရှိတော့ပါ။ လူနာအများစုက အသက် ၆၅ နှစ်အထက်ဖြစ်ပါတယ်။ ဆီးချိုရောဂါ၊ နှလုံးရောဂါတို့ ရှိပြီး ကိုယ်ခံအားနည်းသူတွေ SARS ရောဂါဖြစ်မယ်ဆိုရင် နောက်ဆက်တွဲပြသနာများဖြစ်လာနိုင်သလို သေဆုံးနှုန်းလည်း ပိုများနိုင်ပါတယ်။ SARS ဟာ တုပ်ကွေးရဲ့ အစောပိုင်းလက္ခဏာတွေဖြစ်တဲ့ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းခြောက်ဆိုးခြင်းနဲ့ နွမ်းနယ်ခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ ပိုမိုပြင်းထန်တဲ့ အခြေအနေမှာတော့ သွေးထဲရှိ အောက်ဆီဂျင် ပမာဏကျဆင်းနိုင်ပါတယ်။ SARS ဖြစ်စေတဲ့ အကြောင်းရင်းကတော့ အအေးမိရောဂါဖြစ်စေမယ့် ကိုရိုနာ (Corona) ဗိုင်းရပ်စ် အမျိုးအစားကြောင့် ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးပါတဲ့ လေကို ရှူရှိုက်မိရင် ရောဂါကူးစက်ခံရနိုင်ပါတယ်။ ရောဂါဖြစ်နေသူရဲ့ တံတွေး၊ မျက်ရည်၊ ဆီး နှင့် မစင်များကို ထိတွေ့မိလျှင်လည်း ရောဂါကူးစက်ခံရနိုင်ပါတယ်။ ရောဂါရှိသူနဲ့ ပွေ့ဖက်ခြင်း၊ နမ်းခြင်း၊ အစားအတူစားခြင်းတို့အပြင် တံခါးလက်ကိုင်၊ တယ်လီဖုန်း၊ ဓါတ်လှေကားခလုတ်တွေကို ကိုင်မိရင်လည်း ရောဂါကူးစက်နိုင်ပါတယ်။ လက်ရှိအချိန်အထိ SARS ကို ပျောက်ကင်းအောင် ကုသနိုင်မယ့် ဆေးမရှိသေးပါဘူး။ 


Zikavirus ဇီကာဗိုင်းရပ်စ်ရောဂါ

ဇီကာဗိုင်းရက်စ် ရောဂါပိုးဟာ လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ် စောစောပိုင်းကာလ ကတည်းက ရှိခဲ့တာပါ။ ယနေ့မျက်မှောက်ကာလအထိ လူများစွာရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေဆဲဖြစ်တဲ့ ဇီကာဗိုင်းရပ်စ်ရောဂါပိုးအကြောင်းကို ဂဃနဏ မသိရှိကြသေးပါ။ ဇီကာဗိုင်းရပ်စ်ရောဂါပိုးဟာ နိုင်ငံပေါင်း ၄၈ နိုင်ငံမှာ ကူးစက်ပျံ့နှံ့ဖြစ်ပွားခဲ့တာကြောင့် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ စိုးရိမ်ပူပန်ခဲ့ကြပါတယ်။  လူအတော်များများက ၂၀၁၆ ခုနှစ်ကျမှသာလျှင် ဇီကာဗိုင်းရပ်စ်အကြောင်းကို ပထမဦးဆုံးအကြိမ် စတင်ကြားဖူးခဲ့ကြတာဖြစ်ပါတယ်။ ယခုအချိန်အထိ ဇီကာဗိုင်းရပ်စ်ကို ကုသနိုင်မယ့် ထိုးဆေးမရှိသေးတာကြောင့် ကာကွယ်တားဆီးရဦးမှာပဲ ဖြစ်ပါတယ်။ ဇီကာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသော ရောဂါလက္ခဏာအများစုကတော့ ကိုယ်ပူဖျားနာခြင်း၊ ခေါင်းကိုက်ခဲခြင်း၊ အင်ပျဉ်ထခြင်း၊ ခေါင်းကိုက်ခြင်း၊ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းနှင့် မျက်စိနီရဲရောင်ရမ်းခြင်း စတဲ့ မအီမသာဝေဒနာများ ခံစားရနိုင်ပါတယ်။ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူကို ဗိုင်းရပ်စ်ရောဂါပိုး ပျောက်ကင်းအောင်  ကုသနိုင်မည့် ကုသနည်း မရှိသေးပါဘူး။ 


#လက္ခဏာ
#ရောဂါ
#တုပ်ကွေး
#ဗိုင်းရပ်စ်
#နိုင်ငံ

Some text some message..