ခြေသလုံးကြွက်သားတွေ နာကျင်ရတဲ့ အကြောင်းအရင်းများ
myanmaplatform.com
|
2021-11-18

လူ့ခန္ဓာကိုယ်မှာ ကြွက်သားတွေကလည်း အရေးပါတဲ့ အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြီးတစ်ခုလုံး သွားလာလှုပ်ရှားဖို့အတွက် အထောက်အကူအပြုနိုင်ဆုံးအရာဖြစ်ပါတယ်။ ကြွက်သားတွေက လူတွေ လှုပ်ရှားပြေးလွှားနိုင်ဖို့ အဓိကအကျဆုံး အစိတ်အပိုင်းတွေပါပဲ။ တစ်ခါတစ်ရံမှာ ဒီကြွက်သားတွေ နာကျင်နေတာမျိုး ကြုံရနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ခြေသလုံးကြွက်သားတွေ နာကျင်နေနိုင်ပြီး သာမန်ပြဿနာလေးကနေ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာကြီးတွေအထိ အမျိုးမျိုးလည်း ဖြစ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် ခြေသလုံးကြွက်သားနာကျင်တယ်ဆိုရင် ဘယ်လိုအကြောင်းအရင်း တွေကြောင့် ဖြစ်နိုင်လဲဆိုတာကို ပြောပြပေးလိုက်ပါတယ်နော်။ 

(၁) ကြွက်သားတောင့်တင်းခြင်း

အိပ်ပျော်နေစဉ်နှင့် နေ့လည်ပိုင်းအချိန်တွေမှာ ခြေထောက်ကြွက်သားများ တောင့်တင်းတတ်ပါတယ်။ ရုတ်တရက် ပြင်းပြင်းထန်ထန် ခြေထောက်တွေ နာကျင်တတ်ပါတယ်။ လျှင်မြန်စွာ ဆိုးလာတတ်ပါတယ်။ ကြွက်သားများ အသုံးပြုမှုများခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ရေပိုသောက်ပေးပါ။ နှိပ်နယ်ပေးပါ။ လေ့ကျင့်ခန်းမလုပ်ခင် ကြွက်သားအကြောလျော့ပါ။


(၂) ကြွက်တက်ခြင်း 

ခြေသလုံးကြွက်သားနာကျင်ရာမှာ ဖြစ်နိုင်ခြေအများဆုံးကိစ္စဖြစ်ပြီး လူတိုင်းနီးပါး ကြုံရတတ်တဲ့ ပြဿနာ တစ်ခုပါ။ ခြေထောက်ကို အနေအထားတစ်မျိုးတည်းနဲ့ အကြာကြီးနေနေမိတာမျိုး၊ ရေလုံလောက်အောင် မသောက်မိတာမျိုးတွေကြောင့် ကြွက်တက်နိုင်ပါတယ်။


(၃) ညို့သကျည်းရောင်ခြင်း

ခြေသလုံးအရှေ့ ကြွက်သားများနာကျင်ခြင်းကို ခံစားရလေ့ရှိပါတယ်။ ညို့သကျည်းရောင်ရမ်းပြီး လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်း တို့လုပ်ကိုင်တဲ့အခါ အလွန်နာကျင်တတ်ပါတယ်။ အဲဒီအခါ ခြေထောက်ကိုအနားပေးထားပါ။ ရေခဲကပ်ပါ။ ရောင်ရမ်းမှု့ လျော့ကျစေမယ့် ဆေးသုံးစွဲပါ။ ဖြစ်နိုင်ရင်အလုပ်ကြမ်းကြမ်း မလုပ်သင့်ပါဘူး။


(၄) အရွတ်ရောင်ခြင်း

အာခိလိအရွတ် ရောင်ရမ်းခဲ့မယ်ဆိုရင် ခြေဖနောင့်အနောက်ဘက် ခြေသလုံးကြွက်သားကိုက်ခဲနာကျင် တတ်ပါတယ်။ အရွတ်ရောင်တာကလည်း အများဆုံးခံစားရလေ့ရှိတဲ့ ဝေဒနာ ဖြစ်ပါတယ်။ ခြေသလုံးကြွက်သားများ အချိန်ကြာမြင့်စွာ အသုံးပြုပြီး အလုပ်လုပ်ခြင်း၊ လှေကားများ အဆင်းအတက်ပြုလုပ်ခြင်းတို့ကြောင့် ဖြစ်လေ့ရှိတတ်ပါတယ်။ သက်သာစေရန် ရေခဲကပ်ပါ။ ဆေးဝါးအကူအညီ ယူပါ။  အရမ်းနာကျင်လာလျှင် ခြေထောက်ဆန့်တန်းထားပါ။ အရမ်းပြင်းထန်စွာ နာကျင်လယပြီဆိုရင်တော့ အာခိလိ အရွတ်ပြဲသွားတာကြောင့် ဖြစ်နိုင်တယ်။ ခြေမအောက်သို့ ကွေးမရအောင် ဖြစ်တတ်တယ်။ အဲဒီအခါ ရောင်နေတဲ့အရွတ်ကို သက်သာအောင် ဆေးထိုးကုသလို့ ရပါတယ်။ လိုအပ်မယ်ဆိုရင် ခွဲစိတ်မှုခံယူရတဲ့အထိဖြစ် နိုင်ပါတယ်။ အများဆုံးကတော့ အားကစားသမားတွေမှာ ဖြစ်လေ့ရှိပါတယ်။ 


(၅) သွေးပြန်ကြောထုံးခြင်း 

လမ်းအရမ်းလျှောက်တဲ့သူတွေ၊ အကြာကြီးထိုင်ရတဲ့သူတွေဟာ သွေးပြန်ကြောထုံးတတ်တဲ့ပြဿနာ ကြုံရတတ်ပါတယ်။ ဒီပြဿနာကြောင့်လည်း ကြွက်သားနာကျင်နိုင်တာကို မမေ့သင့်ပါဘူး။


(၆) သွေးခဲပိတ်ခြင်း

ခြေထောက်သွေးကြောအတွင်းရှိ သွေးပျစ်ပြီး သွေးခဲနေပြီဆိုရင် ခြေထောက်ကြွက်သားများ နာကျင်ကိုက်ခဲတတ်ပါတယ်။ ခြေသလုံးကြွက်သားနှင့် ပေါင်ကြွက်သား နာကျင်တာဟာ သွေးကြောပိတ် ရောဂါကြောင့်လည်း ဖြစ်ပါတယ်။ ခြေထောက်တွေ မလှုပ်ရှားဘဲ အကြာကြီးနေခြင်း၊ ကား၊ လေယာဉ်အကြာကြီးစီး ခြင်းတို့ကြောင့် သွေးကြောပိတ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းနှင့် အဝလွန်ခြင်းတို့ကြောင့်လည်း သွေးကြောပိတ်နိုင်ပါတယ်။ ဆေးကုသမှု့ ခံယူသင့်ပါတယ်။ မကုသခဲ့ဘူးဆိုရင် သွေးခဲတွေဟာ အဆုတ်ထိပိတ်ပြီး အသက်အန္တရာယ် ရှိနိုင်ပါလိမ့်မယ်။ ဒီဝေဒနာကြောင့် ခြေသလုံးသာမက ခြေချောင်းတစ်ခုလုံးနာကျင်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။


(၇) သွေးကြောဖောင်းခြင်း

သွေးကြောဖောင်းခြင်းဟာ အရေပြားပေါ်မှာ ဖြစ်လေ့ရှိပြီး လူတိုင်းမြင်တွေ့ကြပါလိမ့်မယ်။ သွေးကြောနံရံတွေ အားနည်းတာကြောင့် သွေးကြောများ လိမ်ကောက်ခြင်း၊ သွေးကြောများမည်းလာခြင်းမျိုး ဖြစ်လာနိုင်ပါတယ်။ မတ်တပ်ကြာကြာ ရပ်နေမယ်ဆိုရင် ခြေထောက်တွေ ကိုက်ခဲလာတတ်ပါတယ်။ နာကျင်မှုက ပြင်းထန်လာရင်တော့ ဆရာဝန်နဲ့သေချာကုသသင့်ပါတယ်။


#ခြေထောက်
#ပြဿနာ
#ကြွက်သား
#သွေးကြော
#ကုသ

Some text some message..