အသက်ရှူလမ်းကြောင်း ရောဂါအခံရှိတဲ့ ကလေးတွေ ရာသီဥတု အေးလာရင် ဘယ်လိုဖြစ်လာနိုင်သလဲ
myanmaplatform.com
|
2021-11-23

ရာသီဥတု အေးလာလေ ပတ်ဝန်းကျင်လေထုဟာ ပိုပြီးခြောက်သွေ့လာလေ ဖြစ်ပါတယ်။ ခြောက်သွေ့တဲ့လေကို ရှူမိတဲ့အခါ လည်ချောင်းယားယံစေပြီး ရောင်ရမ်းခြင်းကို ဖြစ်စေတာကြောင့် ပန်းနာရင်ကြပ်ရောဂါရှိတဲ့ ကလေးတွေဟာ လေပြွန်ကျဉ်းပြီး ချောင်းဆိုးခြင်း၊ အသက်ရှူတဲ့အခါ တရွှီရွှီမြည်ခြင်းနဲ့ မောခြင်းစတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ရာသီဥတုအေးလာတဲ့အခါ မိဘတွေအနေနဲ့ ကလေးတွေ အပြင်ထွက်ချိန် ရောဂါဆိုးမလာအောင် ဘာတွေပြင်ဆင်သွားသင့်သလဲဆိုတာ ကြိုတွေးပြီး စီစဉ်ရမှာပါနော်။

ပန်းနာရင်ကြပ်လိုမျိုး အသက်ရှူလမ်းကြောင်းရောဂါတွေ ဘာကြောင့် ပိုဆိုးလာရတာလဲ

သဘာဝအားဖြင့် အသက်ရှုလမ်းကြောင်းကို အရည်အလွှာပါးလေးတစ်ခုနဲ့ ကာရံထားပါတယ်။ ဒီအရည်တွေကို အသက်ရှူလမ်းကြောင်းမှရှိတဲ့ ဆဲလ်တွေကနေ ထုတ်ပေးပါတယ်။  လေအေးတွေ ရှူမိတဲ့အခါ ဒီအရည်အလွှာပါးလေးဟာ ပုံမှန်ထက် မြန်မြန်အငွေ့ပျံသွားပါတယ်။ အရည်ထုတ်နှုန်းထက် အငွေ့ပျံနှုန်းက ပိုမြန်တဲ့အခါ လည်ချောင်းခြောက်လာပြီး လည်ချောင်းယားခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ဖြစ်စေတာကြောင့် ပန်းနာရင်ကြပ်လိုမျိုး အသက်ရှူလမ်းကြောင်းရောဂါတွေ ပိုဆိုးလာရတာပါ။ ဒါအပြင် ရာသီဥတုအေးတဲ့အခါ အချွဲတွေကို ထွက်စေပါတယ်။ ပုံမှန်ဆိုရင်တော့ အချွဲတွေဟာ အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပေမယ့် အေးတဲ့အချိန်မှာထွက်တဲ့ အချွဲတွေဟာ ပိုပျစ်ပြီးတော့ ဟပ်ထုတ်ရခက်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ အချွဲတွေစုလာတဲ့အခါ ရောဂါပိုးတွေပေါက်ဖွားဖို့ နေရာကောင်းဖြစ်လာတာကြောင့် အအေးမိခြင်း၊ တုပ်ကွေး စတဲ့ ရောဂါတွေ အလွယ်တကူဖြစ်ပြီး နဂိုရှိနေတဲ့ ရောဂါအခံတွေ ပိုဆိုးလာရတာပါ။

အသက်ရှူလမ်းကြောင်း ရောဂါအခံရှိတဲ့ ကလေးတွေအနေနဲ့ ဆောင်းတွင်းကို ဘယ်လိုဖြတ်ကျော်ကြမလဲ?

ရောဂါအခံရှိတဲ့ကလေးတွေမှာ ဆောင်းတွင်းရဲ့  အေးပြီးခြောက်သွေ့တဲ့လေကြောင့် ရောဂါပြန်မကြွအောင် မိဘတွေအနေနဲ့  အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဘယ်လိုတွေ ဂရုစိုက်ပေးရမလဲဆိုတာကိုကြည့်လိုက် ကြရအောင်နော်။ 


ရေနွေးနဲ့ ရေချိုးပါ

ကလေးတွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိတယ်ဆိုရင် ရေအေးနဲ့ ရေချိုးပေးတာက ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ရေပူ၊ ရေအေးနဲ့ ချိုးတာထက် ရေနွေးလေးနဲ့ ချိုးပေးတာက ကိုယ်ခန္ဓာကို သွေးလည်ပတ်မှု ကောင်းစေပြီး စိတ်ကို ပေါ့ပါး လန်းဆန်းစေတယ်။


အသက်ရှုတဲ့အခါ နှာခေါင်းကနေ ရှုပြီး ပါးစပ်ကနေ ပြန်ထုတ်ပါ

အသက်ရှူတဲ့အခါ နှာခေါင်းကနေ ရှူသွင်းခိုင်းပြီး ပါးစပ်ကနေ ပြန်ရှူထုတ်ခိုင်းပါ။ နှာခေါင်းထဲရှိ သွေးကြောတွေဟာ လေကို နွေးစေပြီးတော့ အစိုဓာတ်ရှိအောင် လုပ်ပေးလို့ လေအေးတွေ အဆုတ်ထဲ တိုက်ရိုက်မရောက်အောင် ကာကွယ်ပေးပါတယ်။


ဆေးတွေကို အသင့်ဆောင်ထားပါ

ရာသီဥတုအေးတဲ့အခါမှာ ရောဂါပိုဆိုးလာတတ်ပါတယ်။ ဒါကြောင့် ကလေးရဲ့ ရောဂါနဲ့ သက်ဆိုင်တဲ့ဆေးတွေကို အဆင်သင့်ဆောင်ထားပါ။ 


လုံလုံလောက်လောက် အနားယူခိုင်းပါ

အိပ်စက်ခြင်းကရောဂါသက်သာဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။ ကလေးရဲ့အိပ်ရာကို ပိတ်လှောင် မနေစေဖို့၊ သန့်ရှင်းနေဖို့၊ သက်တောင့်သက်သာ ရှိစေဖို့ပြင်ဆင်ပေးထားပါ။ နေမကောင်း လို့နားနေချိန်မှာ တီဗီဖွင့်ပေးထားတာ၊ ဂိမ်းကစားခိုင်းတာ၊ စာဖတ်ခိုင်းတာတွေ မလုပ်စေပါနဲ့။


နှာစေးနှာပိတ်ကို ဂရုစိုက်ပေးပါ

ရာသီဥတု အေးလာတဲ့အခါ အအေးမိတတ်ကြပါတယ်။ အအေးမိခြင်းရဲ့စစချင်းလက္ခဏာက နှာရည်ယိုတာပါပဲ။ နှာတရွှတ်ရွှတ်ဖြစ်နေတဲ့ကလေးတွေကို ဒီအတိုင်းမထားပါနဲ့။ အမြဲမပြတ်သန့်ရှင်းပေးပါ။ နှာခေါင်းကနေ ဖျန်းပေးရတဲ့ nasal spray တွေနဲ့လည်း သက်သာစေနိုင်ပါတယ်။ nasal spray တွေက ရောဂါပိုးကိုသေစေပြီး အအေးမိဝေဒနာကိုမြန်မြန်သက်သာစေနိုင်ပါတယ်။ နှာစေးနှာပိတ်ရင် ရောဂါဟောင်းက ပိုဆိုးလာတတ် တာကြောင့် အထူးဂရုစိုက်သင့်ပါတယ်။

ကြိုတင်ပြင်ဆင်ခြင်းဟာ ရောဂါလက္ခဏာမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်လို့ မိုးလေဝသသတင်းတွေကို အမြဲမပြတ် စောင့်ကြည့်ပြီး ကလေးကို ရာသီဥတုနဲ့ ကိုက်ညီတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပေးပါလို့ အကြံပြုပါရစေနော်။


#လက္ခဏာ
#ရောဂါ
#ရောင်ရမ်း
#အသက်
#ချောင်းဆိုး

Some text some message..