ရာသီမလာခင် ဝမ်းချုပ်တာ ဘယ်လိုဖြေရှင်းကြမလဲ
myanmaplatform.com
|
2021-11-26

လူတိုင်း ဝမ်းချုပ် တာကိုမကြုံဖူးတဲ့သူ ဆိုတာမရှိပါဘူး။ သာမန် ဝမ်းချုပ်တာလောက်ဆိုရင် ပြဿနာမရှိပေမယ့် ဝမ်းချုပ်တာက အမြဲလိုလိုဖြစ်လာမယ်ဆိုရင် နေ့စဉ်နေထိုင်မှုဘဝပေါ်မှာ ထိခိုက်တာတွေရှိလာနိုင်သလို နောက်ဆက်တွဲဝေဒနာတွေ ခံစားရတာမျိုးရှိလာနိုင်ပါတယ်။ ဝမ်းချုပ်တာက အမျိုးမျိုးရှိပါတယ်။ ရေဓာတ်ခမ်းခြောက်ရင်လည်း ဝမ်းချုပ်တတ်သလို ခန္ဓာကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲလာရင်လည်း ဝမ်းချုပ်တတ်ပါတယ်။ ဒါအပြင် အာဟာရမပြည့်ဝရင်လည်း ဝမ်းချုပ်တတ်ပါတယ်။ ဒါကြောင့် ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ ရာသီမလာခင်မှာ ဝမ်းချုပ်တာကို သက်သာအောင် ဘယ်လိုတွေ လုပ်ဆောင်သင့် သလဲဆိုတာကိုပြောပြ ပေးချင်ပါတယ်နော်။

ရာသီမလာခင်ဘာလို့ ဝမ်းချုပ်တာလဲ

ရာသီမလာခင်မှာ ဝမ်းချုပ်တာကို ခံစားရနိုင်ပါတယ်။ မိန်းကလေးတိုင်းတော့ မဟုတ်ပါဘူး။ ရာသီမလာခင်မှာ ဝမ်းချုပ်တာက ကိုယ်တွင်းက estrogen နဲ့ progesterone ဟော်မုန်းပမာဏကို ညီမျှအောင် လုပ်ဆောင်နေရတာကြောင့် ဝမ်းချုပ်ခြင်းဖြစ်ပါတယ်။ ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲတာက သားဥကြွေတာကိုတင် မဟုတ်ဘဲ အစာခြေစနစ် အပေါ်မှာပါ သက်ရောက်မှု ရှိစေတာပါ။ ကိုယ်တွင်းမှာ progesterone ဟော်မုန်း များရခြင်းက မိန်းကလေးတွေကို ရာသီ အကြို ကာလမှာ ဝမ်းချုပ်စေရတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်ဖြစ်စေပါတယ်။ ဒီဝမ်းချုပ်တာက ရာသီသွေး မဆင်းခင်ကနေပြီး သားဥကြွေပြီးချိန် ရက်အနည်းငယ်အထိ ကြာမြင့်နိုင် ပါတယ်။


ရာသီအကြို ဝမ်းချုပ်တာက အကုန်အတူတူပဲလား 

အမျိုးသမီးတွေဟာ မိမိတို့ရဲ့ လစဉ် ဓမ္မတာ(သို့) ရာသီ မလာခင်မှာ စိတ်ရော၊ ကိုယ်ပါ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို အနည်းနဲ့ အများ ခံစားကြရပါတယ်။ အမျိုးသမီးတွေ ရာသီလာပြီဆိုရင် ကြုံတွေ့ရတဲ့ ဝေဒနာတွေက ရှောင်လွှဲလို့မရတဲ့ ပြဿနာ ဖြစ်ပြီး လူတစ်ယောက်နဲ့ တစ်ယောက်မတူညီတဲ့ အတွက် ခံစားရတာ အနည်း၊ အများပဲ ကွာကြပါတယ်။ ရှောင်လွှဲလို့မရပေမယ့် ခံစားရတဲ့ ဝေဒနာတွေ၊ စိတ်ခံစားချက်တွေကို သက်သာအောင် အကူအညီပေးနိုင်မယ့် နည်းလမ်းလေးတွေတော့ရှိပါတယ်။


(၁) အမျှင်ဓာတ် ကြွယ်ဝတာကို စားသုံးပါ

အမျှင်ဓာတ်က ဝမ်းမှန်စေဖို့နဲ့ ဝမ်းပျော့ပျော့သွားစေဖို့အတွက်  အကောင်းဆုံး အားဖြည့်ပေးနိုင်ပါ။ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပြီး ရာသီလာချိန်မှာ ဖြစ်တဲ့ ဟော်မုန်း အပြောင်းအလဲကြောင့် အစာခြေစနစ် အပေါ် သက်ရောက်မှုကို အကောင်းဆုံး ကျော်ဖြတ်နိုင်စေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်နော်။ ဒါကြောင့် စားသုံးတဲ့ အစားအစာတွေထဲမှာ ပန်းသီး၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ အုတ်ဂျုံ၊ သစ်တော်သီး၊ ရပ်စ်ဘယ်ရီ၊ ပဲသီး၊ သဘောၤသီး စတာတွေ ပါဝင်အောင် စားပေးပါ။


(၂) ရေများများ သောက်ပါ

ဝမ်းမှန်စေဖို့ နဲ့ ဝမ်းပျော့ပျော့ သွားစေဖို့ ရေများများ သောက်ဖို့ လိုပါမယ်။ ဒါကြောင့် ရေကို အနည်းဆုံး ၈ ခွက် ပုံမှန် သောက်ပေးပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေမှသာလျှင် ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်မှာ ဖြစ်ပါတယ်။ 


(၃) ဝမ်းသွားချင်တဲ့အခါ အောင့်မထားဘဲ အိမ်သာကို ချက်ချင်းသွားပါ

ဝမ်းသွားချင်တယ်လို့ ခံစားမိပြီ ဆိုတာနဲ့ အိမ်သာကို ချက်ချင်း သွားပါ။ ဦးနှောက် နဲ့ ခန္ဓာကိုယ်ရဲ့ ခံစားရမှုတွေက တိုက်ရိုက် သက်ရောက်မှု ရှိနေလို့ပါ။ ဝမ်းသွားချင်တာကို မသွားဘဲ အောင့်ထားလိုက်မယ် ဆိုရင် ဝမ်းချုပ်စေမှာ အသေအချာပါပဲ။


(၄) လေ့ကျင့်ခန်း လုပ်ပါ

အကြောလျှော့လေ့ကျင့်ခန်းတွေနဲ့ အသက်ရှူလေ့ကျင့်ခန်းတွေကိုလည်း မိနစ်၃၀ လောက် ပုံမှန်လေးလုပ်ပေးတာကလည်း ရာသီမလာခင်မှာ ခံစားရတဲ့ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်တဲ့ပြင် စိတ်ဖိစီးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာပင်ပန်း နွမ်းနယ်မှုတွေကို သက်သာစေပါတယ်။ လေ့ကျင့်ခန်း လုပ်ပေးတာက အူတွေကို လှုပ်ရှားစေဖို့ လှုံဆော်ပေးပါတယ်။ အစာကြေစေဖို့ရော ဝမ်းမှန်စေဖို့ပါ ကူညီပေးတာပါ။ 


(၅) ရေဓာတ် ခမ်းခြောက်စေတဲ့ အရာတွေကို ရှောင်ပါ

ကော်ဖီ၊ လက်ဖက်ရည်၊ အယ်လ်ကိုဟောတို့လိုမျိုး အရာတွေက ဆီးခဏခဏ သွားစေတာကြောင့် ကိုယ်တွင်းမှာ ရေဓာတ် နည်းစေပါတယ်။ ဒီလို ရေဓာတ်နည်းပါးမှုက ဝမ်းချုပ်စေတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်မှု ကင်းစေဖို့ဆိုရင် ရေဓာတ် ဆုံးရှုံးစေတဲ့အရာတွေကို အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ 


#ခန္ဓာကိုယ်
#ခံစားရ
#ပြဿနာ
#ဝေဒနာ
#ကိုယ်တွင်း

Some text some message..