ရိုးရိုးခါးနာတာလား၊ ကျောက်ကပ်ကြောင့် ခါးနာတာလား
myanmaplatform.com
|
2021-11-27

ခါးနာတဲ့ပြဿနာဟာ အသက်အရွယ်မရွေး လူတိုင်းနီးပါး ကြူံတွေ့ရတတ်တဲ့ပြဿနာတစ်ခုပါ။ အလေးအပင်မလိုက်လို့ ဖြစ်စေ၊ လေ့ကျင့်ခန်းလုပ်တာ ပြင်းထန်သွားလို့ဖြစ်စေ  ခါးနာတဲ့ ပြဿနာကိုခံစားရမှာပါ။ ဒီတော့အခန့်မသင့်လို့ ကိုယ်ကလည်း ခါးနေတယ်ဆိုရင် သက်သာအောင်ဘယ်လိုလုပ်ကြမလဲ။ ဘာကြောင့်မှန်းမသိဖြစ်နေတယ်မလား။ ခါးနာရင်အများစုက ကျောက်ကပ်ဖြစ်နိုင်ချေရှိတယ်လို့ ယေဘူယျသတ်မှတ်တတ်ကြပါတယ်။ မှားနေတာတော့မဟုတ်ပါဘူး။ ကျောက်ကပ်ပြဿနာရဲ့ လက္ခဏာတွေထဲမှာ ခါးနာတာပါတတ်ပေမယ့် အခြား ကျောက်ကပ်မဟုတ်ဘဲ ခါးမှာဒဏ်ဖြစ်နေလို့ ခါးနာတာတွေလည်း ရှိပါသေးတယ်။ မှားလည်း မှားချင်စရာပါပဲ။ ကျောက်ကပ် နှစ်လုံးကလည်း ခါးအောက်ပိုင်းပတ်လည်မှာပဲ ရှိနေတာမလား။ ဒီတော့ နှစ်ခုလုံးက ရောချင်စရာပဲပေါ့။ ဒါပေမဲ့ ခုပြောပြမယ့် နည်းလေးတွေနဲ့ ခွဲလို့ရပါတယ်။

ဘာ့ကြောင့်ဖြစ်ရတာလဲ 

ကျောက်ကပ်မှာ ကျောက်တည်တာတွေ၊ ကျောက်ကပ်ပိုးဝင်တာတွေကြောင့် ကျောက်ကပ်အောင့်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ခါးနာတာကျတော့ ခါးပတ်လည်မှာရှိတဲ့ အရိုး ။ ကြွက်သား နဲ့ အကြောတစ်ခုခု ဒဏ်ရာရသွားတာကြောင့် ခါးနာခြင်းဖြစ်ရတာပါ။


ရိုးရိုးခါးနာတာနဲ့ ကျောက်ကပ်ကြောင့် နာကျင်မှုပုံစံဘာတွေကွဲသလဲ

ကျောက်ကပ်ထဲ ကျောက်တည်ရင် စူးကနဲနာတာမျိုးခံစားရပြီး ကျောက်ကပ် ပိုးဝင်နေတာဆိုရင်တော့ ခါးအောက်ပိုင်း အောင့်တောင့်တောင့် ဝေဒနာကို ခံစားရမှာပါ။ လှုပ်ရှားမှုကြောင့် ခါးပိုနာတာမျိုး မရှိသလို သူ့ဘာသာသူလည်း သက်သာမသွားတတ်ပါဘူး။ ဒါပေမဲ့ အထဲက ကျောက်ကလေး နေရာရာရွေ့သွားတဲ့အချိန်မျိုးမှာတော့ နာကျင်မှု ပြင်းထန်တတ်ပါတယ်။


နာကျင့်မှုက ပျံ့နှံ့တတ်လား

ကျောက်ကပ်ကြောင့်ဖြစ်တဲ့ ခါးနာခြင်းဟာ ပေါင်အတွင်းပိုင်းနဲ့ ဗိုက်အောက်ပိုင်းတွေကိုပျံ့သွားပြီး အဲဒီနေရာတွေမှာပါ နာနေတတ်ပါတယ်။ အာရုံကြောထိလို့နာတဲ့ခါးနာခြင်းမှာတော့ နာကျင်မှုဟာ ခြေထောက် အောက်ပိုင်းအထိ ပျံ့သွားတတ်ပြီး ကြွက်သားထိလို့နာတဲ့ခါးနာခြင်းကတော့ ခါးပတ်လည်မှာပဲ နာကျင်မှု ဝေဒနာ ရှိနေတတ်ပါတယ်။

ကျောက်ကပ် ကြောင့်ဖြစ်တဲ့ခါးနာခြင်းက ဆေးကုသမှု မခံယူမချင်း သက်သာသွားမယ့် နာကျင်မှု မျိုး မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာ ပုံစံအမှန်လေးပြင်လိုက်ရုံနဲ့သက်သာသွားမှာမဟုတ်သလို လှုပ်လှုပ်ရှားရှား လုပ်လွန်းလို့ ပိုဆိုးသွားတာမျိုးလည်း မရှိပါဘူး။

ရိုးရိုးခါးနာတာကျတော့ တစ်ချိန်လုံး ခါးကိုအားပြုထိုင်နေတာ ။ မတ်တပ်ရပ်တာ ကြာတဲ့ အခါမျိုးတွေမှာ ပိုဆိုးတတ်ပြီး ကိုယ်အနေအထားကို ပြင်လိုက်တဲ့အချိန် လေ့ကျင့်ခန်းလေး လုပ်ပေးတဲ့အချိန်မှာ သက်သာသွားတတ်ပါတယ်။


ကျောက်ကပ်ကြောင့် ခါးနားခြင်းလက္ခဏာတွေက 

ကျောက်ကပ်ကြောင့်ဖြစ်တဲ့ ခါးနာခြင်းက ကျောက်ကပ်ကျောက်တည်ခြင်း၊ ပိုးဝင်ခြင်း၊ ချမ်းတုန်ပြီးဖျားတာ၊ ပျို့အန်တာ၊ ဆီးသွားရင်နာတာ၊ ဆီးအနည်ထိုင်တာ၊ ဆီးထဲသွေးပါတာ၊ ဆီးမထိန်းနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကျောက်ကပ်ကျောက်တည်ခြင်း၊ ကျောက်ကပ်ပိုးဝင်ခြင်းတွေက ဆေးစား၊ ဆေးသောက်၊ ခွဲစိတ်တာမျိုးတွေလုပ်မှ သက်သာတတ်တဲ့ ပြဿနာတွေဖြစ်ပါတယ်။ 


ရိုးရိုးခါးနာခြင်းလက္ခဏာတွေက

ရိုးရိုး ခါးနာတာမှာကျ နာနေတဲ့ ခါးနေရာက ရောင်နေတာ၊ ထိလိုက်ရင် ပိုနာတာ၊ ကြွက်သားကြီးတွေ တင်းနေတာနဲ့ ခါးအောက်ပိုင်း အားမရှိတာ စတဲ့ ဝေဒနာတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။ ခါးနာတာနဲ့အတူ ဆီးတွေ၊ ဝမ်းတွေ မထိန်းနိုင်တာတွေပါရှိနေတယ်ဆိုရင်တော့ ခါးဆစ်ရိုးထဲက အကြောတွေ ထိနေတဲ့ ပြဿနာ ဖြစ်နိုင်တာကြောင့် ဆရာဝန်ဆီ မြန်မြန်သွားဖို့လိုပါတယ်။


ဘယ်လိုပဲ ဖြစ်ဖြစ် ခါးနာပြီဆိုရင် ဆရာဝန်ဆီကို မဖြစ်မနေသွားသင့်ပါတယ်။ ဒါမှ ရိုးရိုးခါးနာတာလား၊ ကျောက်ကပ်ကြောင့်ဖြစ်တာလားဆိုတာ သိနိုင်မှာဖြစ်ပါတယ်။ ခါးနာတာက မပေါ့ဆသင့်တဲ့ ရောဂါတစ်မျိုးဖြစ်တာကြောင့် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်နော်။ 


#လက္ခဏာ
#ခါးနာခြင်း
#ခံစားရ
#ပြဿနာ
#ကြွက်သား

Some text some message..