အူရောင်ငန်းဖျားရောဂါဆိုတာ ဘယ်လိုမျိုးလဲ
myanmaplatform.com
|
2021-11-28

အူရောင်ငန်းဖျားဆိုတာ အူလမ်းကြောင်းနဲ့ သွေးထဲမှာ ဘက်တီးရီးယားပိုး ဝင်ရောက်ခြင်း ဖြစ်ပါတယ်။ ဒီရောဂါက ကမ္ဘာ့နေရာအနှံ့အပြားမှာ ဖြစ်နိုင်ပေမယ့် ရေ၊ မသန့်ရှင်းတဲ့နေရာတွေနဲ့ ညစ်ပတ်တဲ့နေရာတွေမှာ ပိုဖြစ်ပါတယ်။ 

အူရောင်ငန်းဖျားကိုဖြစ်စေတဲ့ Salmonella typhi ဆိုတဲ့ ဘက်တီးရီးယားတွေက လူတွေမှာပဲ ရှင်သန်ပြီးကူးစက်ကြတာဖြစ်ပါတယ်။ အူရောင်ငန်းဖျားရောဂါ ဆိုတာ Salmonella typhi (သို့) Salmonella paratyphi ဘက်တီးရီးယားကြောင့်ဖြစ်သော ဖျားနာခြင်း ၊ နာမကျန်းဖြစ်ခြင်းကို ဆိုလိုပါတယ်။ ပိုးရှိသူထိတွေ့ထားတဲ့ အစားအစာနဲ့ ရေတွေမှာ  ဘက်တီးရီးယားတွေကို တွေ့နိုင်ပြီး အခြားသောလူတွေကို ကူးစက်နိုင်ပါတယ်။

အူရောင်ငန်းဖျားရောဂါ က ဘယ်လောက်အဖြစ်များသလဲ

အူရောင်ငန်းဖျားရောဂါ က ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာ အဖြစ်များပါတယ်။ အထူးသဖြင့်က ကလေးတွေမှာ အဖြစ်များတာပါ။ ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် အသက်အရွယ်မရွေး ကူးစက်ခံရနိုင်ခြေရှိပါတယ်။  ကာကွယ်ဆေးထိုးထားသူတွေမှာ အဖြစ်နည်းပေမယ့် လုံးဝမဖြစ်ဘူးလို့တော့ အာမမခံနိုင်ပါဘူး။ ကာကွယ်ဆေး ထိုးထားသူတွေရဲ့ 20-50 % လောက်က အူရောင်ငန်းဖျား ဖြစ်တတ်ပါတယ်။


အူရောင်ငန်းဖျားရောဂါရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါကူးစက်ခံရပြီး ၁ ပတ်ကနေ ၃ ပတ်အတွင်း အဖြစ်များတဲ့ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။ လက္ခဏာ တွေက ဖျားခြင်း၊ အဖျားက နေ့စဉ်တက်လာခြင်း (104.9F (40.5 C)) ထိအဖျားတတ်နိုင်ပါတယ်။ ဒါအပြင် ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ချွေးထွက်ခြင်း၊ ချောင်းဆိုးခြင်း၊  အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းသွားခြင်း(သို့) ဝမ်းချုပ်ခြင်း၊  အဖုအပိမ့်များ ထွက်ခြင်း၊ ဗိုက်အလွန်အမင်း ဖောင်းလာခြင်း စတာတွေဖြစ်တတ်ပါတယ်။ 

အူရောင်ငန်းဖျားရောဂါကို ဘာတွေကဖြစ်စေသလဲ

Salmonella typhi ပိုးရှိတဲ့ ရေနဲ့ အစားအစာတွေကို စားသောက်ခြင်းကြောင့် အူရောင်ငန်းဖျား ဖြစ်နိုင်ပါတယ်။ အူရောင်ငန်းဖျားရောဂါက အစားအသောက်ကနေတဆင့် ကူးစက်တတ်တဲ့ ကူးစက်ရောဂါဖြစ်ပါတယ်။ ကံကောင်းတာက ပိုးသတ်ဆေးတွေပေးပြီး ကုသနိုင်သလို အစားအသောက်တွေ သန့်ရှင်းအောင် ပြင်ဆင်ချက်ပြုတ်ပြီး ရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။


အူရောင်ငန်းဖျားရောဂါ ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါလက္ခဏာ၊ ဆေးစစ်ချက်နဲ့ ဘယ်နေရာတွေကို ခရီးသွားခဲ့လဲဆိုတာကို မူတည်ပြီး စစ်ဆေးပါလိမ့်မယ်။ အတည်ပြုဖို့ ဓာတ်ခွဲခန်းမှာ သွေး၊ ဝမ်းတို့မှ Salmonella typhi ကို ပိုးမွေးပြီး ရောဂါရှာဖွေပါတယ်။ လိုအပ်ရင် အူရောင်ငန်းဖျား DNA အတွက် ပဋိဓာတ် ရှိမရှိ စစ်ဆေးပါလိမ့်မယ်။ 

နောက်ဆက်တွဲ ဆိုးကျိုးများ

အူမှ သွေးယိုစိမ့်ခြင်း၊ အူမှ သွေးများထွက်ခြင်း (သွေးပေါင် ရုတ်တရက်ကျသွားခြင်း၊ ဝမ်းထဲတွင် သွေးပါခြင်း) အူပေါက်ခြင်း၊ အူပေါက်သွားပြီး အူထဲကပစ္စည်းတွေနဲ့သွေးတွေ ဝမ်းခေါင်းထဲကို စိမ့်ထွက်သွားခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ အခြားကိုယ်တွင်း အင်္ဂါများရောင်ခြင်း (နှလုံး၊ ပန်ကရိယ)၊ ရောဂါပိုး ပျံ့နှံ့ခြင်း ၊ အဆုတ်ရောင်ခြင်း၊ ကျောက်ကပ်၊ ဆီးအိမ်နှင့် ကျောရိုးများကို ရောဂါပိုးများ ပျံ့နှံ့သွားခြင်းတွေ ဖြစ်နိုင်ပါတယ်။ 


အူရောင်ငန်းဖျားရောဂါကို ဘယ်လိုကုသပါသလဲ

အူရောင်ငန်းဖျားကို ထိရောက်စွာ ကုသတဲ့ တစ်ခုတည်းသောနည်းက ပိုးသတ်ဆေးပေးခြင်းပါပဲ။ သောက်ဆေး၊ ထိုးဆေး စသဖြင့် လူနာပေါ် မူတည်ပြီး ပေးပါလိမ့်မယ်။ ပိုးသတ်ဆေးတွေ ဖြစ်တဲ့အတွက် ဆေးပတ်လည်အောင် သောက်ဖို့ လိုပါတယ်။


ခံစားရတဲ့ ဝေဒနာတွေ သက်သာအောင်

ကြာရှည်တတ်တဲ့ အဖျားနှင့် ဝမ်းလျှောခြင်းတွေကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ရန် ရေများများ သောက်ပေးခြင်း၊ အစာအာဟာရဖြည့်ပေးခြင်း၊ အူပေါက်သွားပါက ခွဲစိတ်ကုသခြင်း၊ အူရောင်ငန်းဖျားရောဂါကို ကာကွယ်ခြင်း၊ အူရောင်ငန်းဖျားရောဂါဟာ အစားအသောက်ကနေ ကူးစက်တာဖြစ်တဲ့အတွက် တတ်နိုင်သမျှ အစားအသောက်ပြင်ဆင်တဲ့နေရာမှာ သန့်သန့်ရှင်းရှင်းဖြစ်ဖို့၊ အစာမစားခင် လက်ဆေးဖို့ အရေးကြီးပါတယ်။


#အစားအစာ
#လက္ခဏာ
#ရောဂါ
#ကုသ
#လောက

Some text some message..