
လူတစ်ယောက် ကျန်းမာဖို့အတွက် အာဟာရပြည့်ဖို့လည်း လိုအပ်ပါတယ်။ ဒါကို လျှာကနေ အလုပ်လုပ်ပေးပါတယ်။ လျှာဆိုတာက အရွယ်အစားသာ သေးငယ်တာ၊ ခန္ဓာကိုယ်အတွက် အလွန်ကိုအရေးပါလှတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လျှာက အရသာခံပေးတယ်၊ စကားပြောလို့ရအောင် လုပ်ပေးတယ်။
လျှာကနေ အစားအစာတွေရဲ့ အရသာ ချို၊ ချဉ်၊ ငံ၊ စပ်၊ ခါး အရသာတွေကို ခံစားပေးနိုင်ပါတယ်။ အရသာရှိတဲ့ဟာတွေကိုစားသုံးပေးမှသာလျှင် ကျန်းမာရေးကောင်းမွန်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာ လျှာက အရသာခံမရတာ၊ အရသာပြောင်းလဲသွားတာမျိုးကို ခံစားမိ တတ်ကြပါတယ်။ ပါးစပ်ပျက်နေတာ၊ ခံတွင်းပျက်နေလို့ ဆိုပြီး ပြောလေ့ရှိကြပါတယ်။ ဒါကြောင့် အခုပြောပြမှာ ကတော့က လျှာရဲ့ အရသာဘာကြောင့်ပျက်တာလဲ၊ လျှာကျန်းမာအောင် ဘယ်လိုဂရုစိုက်ရမလဲဆိုတာတွေကို ပြောပြပေးလိုက်ပါတယ်နော်။
လျှာအရသာ ဘာကြောင့် ပျက်တာလဲ
(၁) ရောဂါပိုးဝင်ခြင်း
လျှာအရသာပျက်ရတာက အသက်ရှုလမ်းကြောင်းထဲကို ဘက်တီးရီးယား (သို့) ဗိုင်းရပ်စ် ပိုးဝင်ခြင်းကြောင့် နေထိုင်မကောင်းဖြစ်ကာ အရသာ ပျက်သွားတာမျိုးဖြစ်ပါတယ်။ တုပ်ကွေးမိလို့ နေထိုင်မကောင်းတဲ့အခါ ဖျားနာခြင်း၊ နှာစေးခြင်း၊ ကိုက်ခဲခြင်း၊ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်းတွေအပြင် အရသာခံတဲ့ လျှာကိုလည်း ထိခိုက်သွားတာဖြစ်ပါတယ်။ ဒါကြောင့်အရသာခံမရတာ၊ အရသာပျက်တာဖြစ်ပါတယ်။

(၂) အာဟာရချို့တဲ့ခြင်းကြောင့်
လျှာအရသာပျက်ရခြင်းအကြောင်းအရင်းတွေထဲက နောက်တစ်ခုကတော့ အာဟာရချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ (ဥပမာ- ဗီတာမင် A, B6, B12 စတဲ့ ဗီတာမင်တွေနဲ့ Zinc ,copper စတဲ့ သတ္တုဓာတ်တွေ) က taste buds လေးတွေရဲ့ အရသာခံတဲ့ လုပ်ငန်းကို ပုံမှန်လေးလုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ဒါကြောင့် အဲဒီ အာဟာရတွေချို့တဲ့ရင်လည်း အရသာပျက်နိုင်ပါတယ်။

(၃) အာရုံကြောထိခိုက်ပျက်စီးခြင်း
အရသာခံနိုင်ဖို့အတွက် ဦးနှောက်ကတစ်ဆင့် ပါးစပ်ဆီကို ဆက်သွယ်ထားပေးတဲ့ အာရုံကြောလေး တွေကလည်း အရေးပါပါတယ်။ ဒါကြောင့် အဲဒီ အာရုံကြော nerve ကြောလေးတွေကို ထိခိုက်စေနိုင်တဲ့ နားပိုးဝင်ခြင်း၊ နားပတ်ဝန်းကျင် ခွဲစိတ်မှုပြုလုပ်ရခြင်း၊ သွားနဲ့ သွားဖုံးဆိုင်ရာ ပြုပြင်မှုများ ပြုလုပ်ခြင်း၊ ဦးခေါင်း ထိခိုက်မိခြင်း စတဲ့ အခြေအနေတွေမှာလည်း အရသာပြောင်းလဲနိုင်၊ အရသာ ပျက်နိုင်ပါတယ်။

(၄) ဆေးဝါးများကြောင့်
ရောဂါတွေကြောင့် မဟုတ်ဘဲ အချို့သောဆေးဝါးတွေ သောက်သုံးနေမယ်ဆိုရင်လည်း အရသာခံစားမှု ပျက်နိုင်ပါတယ်။ ဥပမာ - ပိုးသတ်ဆေးများ၊ စိတ်ကျရောဂါ ကုသရန် အသုံးပြုသော ဆေးများ၊ ဓာတ်မတည့်ခြင်းအတွက် အသုံးပြုသော anti histamine ဆေးများ၊ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ဆေးများ၊ ဆီးဆေးများ၊ ACEI လို့ခေါ်တဲ့ သွေးတိုးကျဆေး နဲ့ လည်ပင်းရှိ thyroid ဂလင်းအတွက် အသုံးပြုသော ဆေးဝါးတွေကြောင့် အရသာ ပျက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါအပြင် ကင်ဆာကုထုံးတွေနဲ့ ဓာတ်ရောင်ခြည်ကုထုံးတွေကြောင့်လည်း အရသာပျက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

(၅) အသက်အရွယ်ကြောင့်
ဒါကတော့ ရှောင်လွှဲလို့မရတဲ့ သဘာ၀ အကြောင်းအရင်းတစ်ခုပါပဲ။ အသက် ၅၀ ပတ်ဝန်းကျင်ကို စရောက်လာတဲ့အခါ အရသာခံပေးတဲ့ Taste buds လေးတွေက စကျုံ့လာပြီး အရသာခံစားနိုင်စွမ်းတွေလည်း တဖြည်းဖြည်း ကျဆင်းလာပါတယ်။ အစပိုင်းမှာတော့ အချိုနဲ့ အငံအရသာတွေ ခံစားနိုင်မှုက ပုံမှန်ထက်လျော့နည်းလာပြီး နောက်ပိုင်းမှာတော့ အချဉ်နဲ့ အခါးအရသာတွေကိုပါ ခံစားဖို့ ခက်ခဲလာနိုင်ပါတယ်။
အရသာပျက်တာတွေ ဖြစ်လာပြီဆိုရင်တော့ အစာစားချင်စိတ်ကိုပါ သိသိသာသာ လျော့ကျစေပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အသက်ကြီးလာတဲ့ သဘာဝဖြစ်စဉ်အရ ကျဆင်းလာတဲ့ အရသာခံစားနိုင်မှုကိုတော့ ပြုပြင်လို့မရပေမယ့် ကုသလို့ရတဲ့၊ ပြုပြင်လို့ရတဲ့ အကြောင်းအရင်း တွေကြောင့်လည်း ဖြစ်နိုင်တာကြောင့် ဒီလို အရသာပျက်စေနိုင်တဲ့ အချက်လေးတွေကို သိထားမယ်ဆိုရင် အများကြီးအထောက်အကူဖြစ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
လျှာကျန်းမာရေးအတွက် လုပ်ဆောင်သင့်တဲ့အချက်တွေက ဘာတွေလဲ

(၁) လျှာကို တိုက်ပေးပါ
သွားတိုက်တဲ့အခါ အများစုက သွားကြိုသွားကြားတွေကိုသာ သတိထားတိုက်တတ်ကြပြီး လျှာကိုတိုက်ဖို့ တော့မေ့နေတတ်ကြပါတယ်။ အမှန်ကတော့ သွားတိုက်တဲ့အခါတိုင်း လျှာကို သွားပွတ်တံလေး နဲ့တိုက်ပေးသင့်ပါတယ်။ ဒါမှလျှာပေါ်မှာ ကပ်ငြိနေတဲ့ အရာတွေ။ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ ဘက်တီးရီးယားလေးတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။

(၂) အာဟာရမျှတအောင်စားပေးပါ
လျှာကကြွက်သားအစိုင်အခဲလေးတစ်ခုပေါ့။ ဒါကြောင့် အခြားကြွက်သားတွေလိုပဲ ကျန်းမာသန်စွမ်း နေစေဖို့အတွက် အာဟာရကိုလိုအပ်မှာ အသေအချာပါ။ ဒါကြောင့် လျှာကျန်းမာနေစေဖို့အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း (ဂျင်း) ၊ အုန်းသီးတို့ကို စားပေးပါ။ ဒီအစားအစာတွေက လျှာကို မကျန်းမမာဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါအပြင်လျှာကျန်းမာရေးအတွက်လိုအပ်တဲ့ သံဓါတ် ပြည့်ဝနေစေဖို့အတွက်လည်း ဟင်းနုနွယ်၊ အနီရောင်အသား၊ ပင်လယ်စာ၊ ကြက်သားတို့ကို စားပေးပါ။

(၃) ရေဓါတ်ပြည့်ဝအောင်နေပါ
ရေဓါတ်ပြည့်ဝမှုကလည်း လျှာကျန်းမာရေး အတွက်တော်တော်လေး အထောက်အကူပြုပေးတာပါ။ ရေသောက်နည်းတဲ့အခါ တံထွေးထွက်တာနည်းသွားနိုင်ပါတယ်။ တံထွေးက ခံတွင်းထဲက ဘက်တီးရီးယား တွေကို အဓိကတိုက်ထုတ်ပေးနေတဲ့အရာပေါ့။ ဒါကြောင့် သွားပိုးစားတာနဲ့ လျှာကျန်းမာရေး ကောင်းစေဖို့အတွက် တစ်နေ့ကိုရေ ၂ လီတာပုံမှန်သောက်ပေးပါ။

(၄) ၆ လတစ်ကြိမ် သွားဆေးခန်းသွားပေးပါ
ပုံမှန်ခံတွင်းကျန်းမာရေးစစ်ဆေးမှုက လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်ပါ။ ဒီလိုပုံမှန်သွားနဲ့ခံတွင်း ကျန်းမာရေးစစ်ဆေးတာက သွားနဲ့သွားဖုံးတွေမှာဖြစ်လာနိုင်တဲ့ရောဂါတွေနဲ့ လျှာကင်ဆာဖြစ်နိုင်ခြေကိုပါ သိသိသာသာလျော့ကျစေနိုင်မှာပါ။ ဒါကြောင့် သွားဆေးခန်းကို ၆ လတစ်ကြိမ်ပုံမှန်သွားပေးပါ။

(၅) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာက လျှာကျန်းမာရေးကိုတော်တော်လေးထိခိုက်စေနိုင်တာပါ။ ဒါအပြင် ဆေးလိပ်သောက်တာကြောင့် ခံတွင်းကင်ဆာလည်းဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်တာက လျှာရဲ့ အရသာခံနိုင်စွမ်းကို ကျဆင်းစေနိုင်သလို လျှာကင်ဆာကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လျှာကျန်းမာ ဖို့ဆိုရင်ဆေးလိပ်ဖြတ်ဖို့လိုပါမယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသသင့်လဲ။
ဦးခေါင်းထိခိုက်မိထားတာ၊ ပါးစပ်ပတ်ဝန်းကျင် ဒဏ်ရာရထားတာ၊ လေဖြတ်တာ၊ အာရုံကြောထိခိုက်မိထားတာ စတဲ့ပြင်းထန်တဲ့ အခြေအနေတွေ ရှိပြီး ရုတ်တရက် လျှာအရသာပျက်တာမျိုး ဖြစ်လာမယ်ဆိုရင်တော့ ချက်ချင်းဆရာဝန်နဲ့ပြသသင့်ပါတယ်။