
မိန်းမနဲ့ ယောကျာ်းလေးတွေမှာ မတူညီတဲ့အချက်တွေ တော်တော်များများရှိကြတာကို လူတိုင်းလက်ခံပြီးသား ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရမတူညီတာ ရှိသလို စိတ်ပိုင်းဆိုင်ရာအရ မတူညီတာတွေလည်း ရှိကြပါတယ်။ သမိုင်းတစ်လျှောက် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အမျိုးသမီးတွေက ဦးဆောင်ခဲ့တဲ့ ခေတ်တွေ ရှိခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ အမျိုးသားတွေက ရှေ့တန်းကိုရောက်လာခဲ့ပါတယ်။ ခုခေတ်ကတော့ လိင်တန်းတူညီမျှရေးလို့ အော်နေကြတဲ့ခေတ်ဆိုပေမယ့် အမျိုးသားတွေ ကြီးစိုးနေဆဲကာလထဲမှာပါနေပါတယ်။
ခေတ်တွေ ဘယ်လောက်ကြာကြာ ဘယ်သူတွေက ဘယ်အချိန်တွေမှာ ဦးဆောင်ခဲ့ဦးဆောင်ခဲ့ အမြဲတမ်း လူတွေ သိချင်နေတဲ့ မေးခွန်းတစ်ခုရှိနေခဲ့ပါတယ်။ ဒါကတော့ ရုပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုမဟုတ်ပါဘူး။ ဉာဏစွမ်းရည်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုပါ။ အမြဲတမ်းမေးလေ့ ရှိပြီး ရိုးရှင်းပါတယ်။ မိန်းမနဲ့ ယောကျာ်းတွေမှာ ဘယ်လို ကွာခြားလဲ ဆိုတာကို အမြဲသိချင်ကြပါတယ်။
ယောကျာ်လေးတွေက ဉာဏ်ပိုကောင်းသလား
ခေတ်ဟောင်းလေ့လာမှုတွေမှာတော့ ယောကျာ်းလေးတွေက မိန်းကလေးတွေထက်ဉာဏ်ပိုကောင်းတယ်လို့ ဆိုပါတယ်။ အကြောင်းအရင်းက ယောကျာ်းလေးဦးနှောက်က မိန်းကလေးတွေထက် ထုထည် ၈% ကနေ ၁၃ % ထိ ကြီးနေတတ်ပါတယ်။ အရွယ်အစားကြီးတယ်ဆိုတာ ခန္ဓာကိုယ်အရွယ်အစားနဲ့ အချိုးကျတယ်လို့ တစ်ထစ်ချပြောလို့ မရပါဘူးနော်။ ဘာလို့လဲဆိုတော့ ဝေလငါး၊ လင်းပိုင် နဲ့ ဆင်တို့ရဲ့ ဦးနှောက်တွေက လူသားတွေထက် အများကြီး ပိုကြီးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ သိမြင်တတ်ကျွမ်းမှုစွမ်းရည် (Cognitive Ability) ကတော့ ကျွန်မတို့ လူသားတွေထက် အများကြီးပိုနည်းတယ်လေ။

မိန်းကလေးတွေက ပိုဉာဏ်ကောင်းသလား
မိန်းကလေးတွေရဲ့ဦးနှောက်ဟာ အနည်းငယ် ပိုဆန်းကျယ်ပါတယ်။ တစ်ပြိုင်နက်တည်း သုံး၊ လေးမျိုးလုပ်နိုင်ကြောင်းကို သိပ္ပံနည်းကျလေ့လာမှုတွေမှာ တွေ့ရှိထားပါတယ်။ စမတ်ဖုန်းတွေမှာ Multi-tasking နည်းပညာမပေါ်ခင်ကတည်းက မိန်းကလေးတွေရဲ့ ဦးနှောက်ထဲမှာ Multi-tasking နည်းပညာရှိနေတဲ့ သဘောပါ။ အကြောင်းကတော့ မိန်းကလေးတွေရဲ့ ဦးနှောက်အပြင်လွှာ (Cortical Surface) က ယောကျ်ားလေးတွေထက် ပိုထူလို့ပါ။ ဦးနှောက်မှာက ဘယ်ခြမ်းနဲ့ညာခြမ်းဆိုပြီးတော့ ခွဲထားလိုက်ရင် ယောကျ်ားလေးတွေက တစ်ခြမ်းထဲမှာပဲ ချိတ်ဆက်လုပ်ကိုင်မှုအများအပြားလုပ်ဆောင်နိုင်ပေမယ့် မိန်းကလေးတွေရဲ့ ဦးနှောက်ကတော့ ဘယ်၊ ညာချိတ်ဆက်လုပ်ကိုင်နိုင်ပါတယ်။

(၁) စိတ်ခံစားမှုနဲ့ စိတ်ခံစားမှုမှတ်ဉာဏ်ကို အာရုံခံနိုင်တဲ့ ဦးနှောက်တွင်းရှိ နေရာတစ်ခုဟာ ယောကျာ်းလေးတွေမှာ ပိုမိုကြီးမားတာ တွေ့ရပါတယ်။ မှတ်ဉာဏ်နဲ့ သင်ယူနိုင်စွမ်းရည်ကို ဗဟိုပြုတဲ့ ဦးနှောက်အစိတ်အပိုင်း အနေနဲ့ကတော့ မိန်းကလေးတွေက ပိုမိုကြီးမားပါတယ်။

(၂) မိန်းကလေးတွေဟာ တစ်ချိန်တည်းမှာ အလုပ်များစွာကို ပြုလုပ်နိုင်သော်လည်း ယောကျာ်းလေးတွေကတော့ အဲဒီလိုပြုလုပ်ဖို့ စိတ်ညစ်ညူးတတ်ကြပါတယ်။ မိန်းမတွေဟာ ဦးနှောက်တည်ဆောက်ပုံအရ ကိစ္စတစ်ခုခုရဲ့ အသေးစိတ်ကအစ မှတ်မိတတ်ပြီး ယောကျာ်းတွေကတော့ အရေးကြီးအချက်တွေကိုသာ မှတ်မိတတ်ပါတယ်။

(၃) လမ်းပျောက်တဲ့အခါမှာ မိန်းကလေးများက လမ်းညွန်ဆိုင်းဘုတ်များကို ပြန်လည်မြင်ယောင်တတ်ပြီး ယောကျာ်းလေးတွေကတော့ လာခဲ့တဲ့ခရီးအကွာအဝေးနဲ့ ဦးတည်ရာလမ်းကြောင်းတွေကို ပြန်လည် မြင်ယောင်ကြပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးများထက် လိင်ကိစ္စအကြောင်း ပိုမိုတွေးတောတတ်ကြပြီး လိင်နဲ့ပတ်သက်တဲ့အတွေးတွေ လွှမ်းမိုးလေ့ရှိကြပါတယ်။

(၄) မိန်းကလေးတွေဟာ ပိုမိုစကားများတတ်ပြီး တစ်နေ့တာမှာ ယောကျ်ားတွေ ပြောတာထက် သုံးဆ ပိုမိုပြောဆိုနိုင်ပါတယ်။ ယောကျာ်းနဲ့ ဟာသတစ်ခုအပေါ် လက်ခံနိုင်စွမ်း ကွဲပြားပါတယ်။ စကားတစ်ခွန်း အပေါ်မှာ မိန်းကလေးတွေဟာ စိတ်ခံစားမှုနဲ့ ကျိုးကြောင်းဝေဖန်မှုမပါဘဲ နားထောင်လက်ခံနိုင်ပေမယ့် ယောကျာ်းလေးတွေကတော့ ယုတ္တိကျမှု ရှိ/မရှိ တစ်ဆက်တည်း တွေးတောလေ့ရှိပါတယ်။ ဒါကြောင့် မိန်းကလေးတွေဟာ ယောကျာ်းလေး တွေထက်စာရင် မြှပ်ထားတဲ့အချက်တွေကို ပိုမိုသိမြင်လွယ်တာ ဖြစ်ပါတယ်။

(၅) ယောကျာ်းလေးတစ်ယောက်ဟာ ပွေ့ဖက်ခြင်းခံရတဲ့အခါ ဘာမှသိပ်မထူးခြားနိုင်ပေမယ့် မိန်းကလေးတစ်ယောက် စက္ကန့် ၂၀ ပွေ့ဖက်ခြင်းခံရတဲ့အခါ မိမိကိုယ်ကိုယုံကြည်မှုနဲ့ ပျော်ရွှင်မှုကို တိုးပွားစေပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် စနစ်ကျပြီး သပ်ရပ်မှုရှိတတ်ကြပါတယ်။ မိန်းကလေးတွေ ကိစ္စအများကြီးအပေါ် အာရုံထားနေစဉ် ယောကျာ်းလေးတွေက ကိစ္စတစ်ခုတည်းမှာ အာရုံစိုက်နိုင်တာမို့ အခြေအနေတစ်ခုကို ပိုပြီးမြန်ဆန်စွာ တုံပြန်နိုင်ပါတယ်။ ယောကျာ်းလေးတွေရဲ့ ဦးနှောက်ဟာ အချိန်ကြာတာနဲ့အမျှ ကျုံ့နိုင်စွမ်း ပိုမြန်ဆန်ပါတယ်။ ဒါကြောင့် အမျိုးသမီးကြီးတွေဟာ အသက်ကြီးတဲ့ထိ မှတ်ဉာဏ်ကောင်းမွန်တတ်ကြတာ ဖြစ်ပါတယ်။ အားလုံးကို ခြုံပြီးပြောရရင် မိန်းကလေးတွေက ပိုသာနေတာကို တွေ့ရမှာဖြစ်ပါတယ်။