သွားနှုတ်ကုသခြင်းနဲ့ သတိပြုစရာများ
myanmaplatform.com
|
2021-12-07

ခန္ဓာကိုယ်ကျန်းမာဖို့အတွက် သွားက အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ သွားမှာ ပြဿနာ တစ်ခုခုဖြစ်နေပြီဆိုရင် ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရတွေကို ဝါးပေးဖို့အတွက် အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သွားကျန်းမာရေးကို အထူးဂရုစိုက်သင့်ပါတယ်နော်။ သွားကျန်းမာရေးကို ဂရုစိုက်ရသလို သွားနှုတ်တော့မယ်ဆိုရင် သွေးတိုးကိုလည်း သတိထားသင့်ပါတယ်။ ဒါကြောင့် အခုက သွေးတိုးရှိတဲ့သူတွေ သွားနှုတ်တော့မယ်ဆိုရင် ဘာတွေကို ဆင်ခြင်းသင့်သလဲ သတိထားသင့်သလဲဆိုတာကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ 

သွားနှုတ်ကုသခြင်းဆိုတာ

သွားနှုတ်ကုသခြင်းဆိုတာ အသေးစားခွဲစိတ်ကုသမှု တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအသေးစားခွဲစိတ်မှု လုပ်တဲ့အခါမှာ ဆရာဝန်တွေက လူနာရဲ့ ကျန်းမာရေးရာဇဝင်တွေကို မေးလေ့ရှိပါတယ်။ ရောဂါအခံရှိတဲ့လူနာကို အခြားဆေးဝါးတွေ အသုံးပြုမိမှာစိုးလို့ ဖြစ်ပါတယ်။ လူနာတစ်ယောက်နဲ့ တစ်ယောက်ကိုကုသပုံချင်းမတူညီသလို အသုံးပြုတဲ့ ဆေးဝါးတွေကလည်း မတူပါဘူး။ ဒါကြောင့် သွားနှုတ်ကုသတော့မယ်ဆိုရင် ဆရာဝန်ကို မထိန်ချန်ထားသင့်ပါဘူးနော်။


ရောဂါအခံရှိသူတွေကို ဘယ်လို ကုသရသလဲ

သွားနှုတ်ကုသတော့မယ်လူနာကို ခွဲစိတ်တော့မယ်ဆိုရင် ထုံဆေးအရင်ထိုးပေးရပါတယ်။ ထုံဆေးထိုးပြီးမှ ပုံမှန် ထုံဆေးထဲမှာ သွေးကြောကျဉ်းစေသော ပစ္စည်း ( Adrenaline) လို့ခေါ်တဲ့ပစ္စည်းတစ်မျိုးကို ထုံဆေးပုလင်း ထဲမှာရောထည့်အသုံးပြုရပါတယ်။ Adrenaline ဟာ ထုံဆေးကို ပိုပြီးအားကောင်း အောင်ပြုလုပ်ပေးခြင်း၊ ကြာရှည်ထုံနေအောင်ပြုလုပ်ပေးခြင်း၊ သွေးကြောများကို ကျဉ်းအောင်ပြုလုပ်ပေးခြင်းကြောင့် ထုံဆေးများ သွေးကြောများထဲသို့ မရောက်စေခြင်း၊ သွေးထွက်နည်းအောင် ပြုလုပ်ပေးခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။ သာမန် နှလုံးရောဂါ မရှိသူ ၊ကျန်းမာရေးကောင်းသူများ သည် Adrenaline ကြောင့် ရရှိသောဘေးထွက်ဆိုးကျိုးနည်းပါတယ်။ နှလုံးရောဂါ ၊ သွေးတိုးရောဂါ အခံရှိသူများအတွက် သွေးဖိအား ၊ သွေးတိုးရောဂါ အခြေအနေ ကိုမူတည်ပြီး Adrenaline ပမာဏ ကို ချိန်ဆ အသုံးပြုရပါတယ်။  သွေးတိုးရောဂါ (သို့) နှလုံးရောဂါရှိသူများအနေဖြင့် ရောဂါ ရာဇဝင်၊ သောက်သုံးနေကျ ဆေးဝါးများကို သွားမနှုတ်ပေးမှာစိုးရိမ်ပြီး ဆရာဝန်ကိုမပြောပြဘဲ ဖုံးကွယ်ထိန်ချန်ထားလိုက်ရင် ဆရာဝန်ဟာ Adrenaline ပမာဏကို ချိန်ဆရာတွင်အခက်အခဲဖြစ်နိုင်ပြီးအခြားသော ကျန်းမာရေး ဆိုးကျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။ 


ဘယ်လို ကျန်းမာရေးဆိုးကျိုးတွေလဲ 

သွေးတိုးရောဂါ (သို့) နှလုံးရောဂါရှိသူများအနေဖြင့် ရောဂါ ရာဇဝင်၊ သောက်သုံးနေကျ ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ဆရာဝန်ကိုမပြောပြဘဲ ထိန်ချန်ထားပါက သွေးဖိအားလွန်ကဲစွာ မြင့်တက်လာခြင်း၊ နှလုံးခုန်နှုန်းများ ပိုမြန်လာခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်နှုန်းမူမမှန်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်း၊ သွေးတိုးရောဂါကို ပိုဆိုးစေခြင်း၊ ရင်ဘတ်အောင့်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ 


သွေးတိုးနေရင် သွားနှုတ်လို့ ရသလား

သွားနှုတ်ကုသခြင်းဆိုတာ သွားရောဂါ ကုသခြင်းအများအပြားထဲက ကုသမှု တစ်မျိုးဖြစ်ပါတယ်။ သွားနာ၊ သွားကိုက်တဲ့ ဝေဒနာလောက်နဲ့ သွားနှုတ်စရာမလိုပါဘူး။ သွားနာ၊ သွားကိုက်နေတဲ့အချိန်မှာ သွေးပါတိုးနေတာမျိုးဆိုရင် သွားနှုတ်ဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် အခြားရောဂါဝေဒနာကို အရင်သက်သာ အောင်လုပ်ပြီးမှသာ သွားနှုတ်သင့်ပါတယ်။ 


သွားနှုတ်တိုင်းသက်သာနိုင်သလား

သွားနှုတ်ရင် သက်သာမယ်ဆိုတဲ့ အတွေးမျိုးရှိရင် ပယ်ဖျောက်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ သွားနှုတ်လိုက်တိုင်း သက်သာမယ်ထင်ပြီး ဆရာဝန်ကို ဖိအားပေးပြောတာတွေက မှန်ကန်တဲ့ ကုသမှု မဟုတ်ပါဘူး။ ကိုယ်ဖြစ်ချင်တာထက် ဆရာရဲ့ညွှန်ကြားချက်ကို လိုက်နာသင့်ပါတယ်။ လိုအပ်တဲ့ သွေးဖောက်စစ်ဆေးခြင်းတွေကို လိုက်နာသင့်ပါတယ်။ ဒါမှသာ သွားမနှုတ်သင့်တဲ့ အခြေအနေ၊ သွားနှုတ်သင့်သောအခြေအနေတွေကို ဆရာဝန်က ဆုံးဖြတ်တဲ့အခါ ပိုမိုပြည့်စုံမှာဖြစ်ပါတယ်။ 


သွားနှုတ်ပြီးဆေးသောက်တာကို မပေါ့ဆပါနဲ့

သွားနှုတ်ပြီးနောက် ညွှန်ကြားထားတဲ့ ဆေးဝါးတွေကို အတိအကျလိုက်နာပြီး သောက်ပေးသင့်ပါတယ်။  မသောက်ဘူးဆိုရင် ဆေးယဉ်ပါးခြင်း၊ အနာပိုးဝင်ခြင်း၊ အနာကျက်ချိန်နှေးခြင်း စသဖြင့် နောက်ဆက်တွဲ ဆိုးကျိုးတွေရရှိစေနိုင်ပါတယ်။ အရက်သေစာ (Alcohol) သောက်သုံးထားချိန်မှာ သွားနှုတ် ကုသတာမျိုးမလုပ်ပါနဲ့။ အရက်နဲ့ သောက်ရမည့်ဆေးများ၊ သုံးရမည့်ဆေးများနှင့် ဓာတ်ပြုတာမျိုးရှိခဲ့ရင် အန္တရာယ်ရှိနိုင်ပါသည်။

သွားနှုတ်ပြီးရင်သွားပြန်စိုက်ပါ

သွားနှုတ်ပြီး အနာကျက်လာရင် သွားနှုတ်ထားသောနေရာအား (သွားအစားထိုး) ပြန်စိုက်ပါ။ မစိုက်လျှင် အရိုးများပိုပြီး ကျုံ့ခြင်း၊ ကပ်လျှက်သွားများယိုင်ခြင်း၊ မျက်နှာချင်းဆိုင်သွားများရှည်ထွက်လာခြင်း၊ သွားကျဲခြင်း စသည့်နောက်ဆက်တွဲဆိုးကျိုးများရရှိလာနိုင်ပါသည်။ 


ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာပါ

ပဋိဇီဝဆေးဝါးတွေ သောက်ဖို့ဆရာဝန်ကညွှန်ကြားထားရင် ဆေးပတ်လည်အောင်သောက်ပါ။ နာကျင်မှုနဲ့ ရောင်ရမ်းမှုသက်သာစေဖို့ အကိုက်အခဲပျောက်ဆေးပေးထားမှာဖြစ်ပေမယ့် သွေးထွက်များလာရင်၊ အရမ်းနာကျင်ကိုက်ခဲလာရင်၊ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေဖြစ်လာရင် ဆရာဝန်နဲ့ထပ်ပြပါ။


#ကျန်းမာရေး
#ဆိုးကျိုး
#ရောဂါ
#ဆရာဝန်
#ကုသ

Some text some message..