ဘယ်လိုဆေးတွေက တွဲပြီးမသောက်သင့်တာလဲ
myanmaplatform.com
|
2021-12-08

ဖျားလို့ပဲ ဖြစ်ဖြစ် ကာလတာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးတိုးရောဂါတွေရှိလိုပဲ ဖြစ်ဖြစ် နေမကောင်းဖြစ်လာပြီဆိုရင် ပျောက်ကင်းဖို့အတွက် ဆေးတွေကို မှီဝဲရပါတယ်။ နေမကောင်းဖြစ်တာနဲ့ လူတွေက ဆေးခန်းကိုအရင်သွားရမှာထက် ဆေးကို ဆိုင်ကနေဝယ်ပြီး သောက်လိုက်ကြတဲ့သူတွေက ပိုများပါတယ်။

 လုံးဝမသက်သာမှသာဆေးခန်းကို ပြေးကြတာပါ။ တွဲဖက် မသောက်သင့်တဲ့ဆေးကို သောက်မိမယ်ဆိုရင် ဆေးတစ်မျိုးရဲ့ အာနိသင် နည်းသွားစေတာဖြစ်ဖြစ်၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ များစေတာပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ထဲ ဘေးဥပါဒ်များစေပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ဆေးသောက်တော့ မယ်ဆိုရင် ဘယ်လိုဆေးတွေကို တွဲပြီးမသောက်သင့်လဲဆိုတာကိုပြောပြပေးချင်ပါတယ်။ 

အိပ်ဆေးနဲ့ နှာစေးပျောက်ဆေး

နှာစေးပျောက်ဆေးတွေဟာ သောက်ပြီးရင် အိပ်ချင်တတ်ပါတယ်။ ဒါကိုမှ အိပ်ဆေးနဲ့ တူတူသောက်မိမယ်ဆိုရင် ဦးနှောက်က အာရုံမစိုက်နိုင်တော့ဘဲ ညည်းစီစီဖြစ်နေမှာသေချာပါတယ်။  တကယ်လို့ စွဲသောက်နေတဲ့ အိပ်ဆေး (သို့) စိတ်ငြိမ်ဆေးရှိနေမယ်ဆိုရင် ဆရာဝန်ကို ကြိုပြောပြ သင့်ပါတယ်။


အကိုက်အခဲပျောက်ဆေး နှစ်မျိုးတွဲသောက်ခြင်း

အကိုက်အခဲပျောက်ဆေးတွေရဲ့သဘာဝအရ အစာအိမ်အနာဖြစ်စေတာမို့ အကိုက်အခဲပျောက်ဆေး နှစ်မျိုးတွဲသောက်မယ်ဆိုရင် အစာအိမ် ရောင်တာ၊ အစာအိမ်အောင့်တာတွေဖြစ်နိုင်လို့ တွဲသောက်ရင် သတိထားသင့်ပါတယ်။ လိုအပ်လို့သောက်မယ်ဆိုရင်တောင်အစာအိမ်ဆေးတစ်ခုခုနဲ့ တွဲသောက်ဖို့လိုပါမယ်။ အဓိက ကတော့ ဆရာဝန်ညွှန်ကြားတာမဟုတ်ရင် မသောက်သင့်ပါဘူးနော်။ 


သွေးကျဲဆေး Aspirin နဲ့ အကိုက်အခဲပျောက်ဆေးအနွယ်ဝင်များ

သွေးကျဲဆေး Aspirin နဲ့အတူအကိုက်အခဲပျောက်ဆေး Ibuprofens ကို တွဲသောက်မိမယ်ဆိုရင် သွေးကျဲဆေး Aspirin ရဲ့အာနိသင်ဟာထိရောက်သင့်သလောက်မထိရောက်နိုင်ဘဲ သွေးကြောကျဉ်းတာ ကိုလုံလောက်စွာ ကာကွယ်နိုင်မှာမဟုတ်တော့ပါဘူး။ ဒါအပြင်အစာအိမ်သွေးကြောပေါက်တာ အစာအိမ်သွေးယိုတာတွေ၊ အစာအိမ်အောင့်တာ နာတာ တွေလည်း ဖြစ်နိုင်သေးတာမို့ ဆရာဝန်ညွှန်ကြားချက်အတိုင်း သာသောက်သုံး သင့်ပါတယ်။


ကိုယ်ဝန်ဆောင်တားဆေးနဲ့ ပိုးသတ်ဆေး

ကိုယ်ဝန်တားဆေးရဲ့ အာနိသင်က သွေးထဲမှာ ဟော်မုန်းပမာဏ ငြိမ်နေမှ ကိုယ်ဝန်တားတဲ့ အာနိသင်ရနိုင်မှာပါ။ ပိုးသတ်ဆေးကို တားဆေးနဲ့ အတူတူတွဲသောက်မယ်ဆိုရင် ပိုးသတ်ဆေးက တားဆေးရဲ့ အာနိသင်ကို နည်းသွားစေပြီး တားဆေးသောက်ရင်းနဲ့ ကိုယ်ဝန်ရသွားတာတွေဖြစ်စေပါတယ်။


သံဓာတ်အားဖြည့်ဆေး နဲ့  Levothyroxine

လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းကနေ ဟော်မုန်းလုံလုံလောက်လောက် မထွက်တဲ့ရောဂါ (hypothyroidism) တစ်ခု ရှိပါတယ်။ အဆိုပါရောဂါအတွက် ပေးလေ့ပေးထရှိတဲ့ Levothyroxine ဆိုတဲ့ဆေးရဲ့အာနိသင်ကို သံဓာတ်အားဆေးတွေက လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် လည်ပင်းဆေးလည်းသောက် အားဆေးလည်း သောက်နေတဲ့သူတွေမှာ အားဆေးထဲမှာ သံဓာတ် ပါမပါ သိဖို့လိုအပ်ပါမယ်။ မဖြစ်မနေဆိုရင်လည်း ဆေးနှစ်မျိုးကို အချိန်ခွဲသောက်ဖို့ ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုအပ်ပါတယ်နော်။ 


နှာစေးပျောက်ဆေးနဲ့ သွေးကျဆေး

အလွယ်တကူ နားလည်အောင် နှာစေးပျောက်ဆေးလို့ ပြောရပေမဲ့ တကယ်တမ်းတော့ ဓာတ်မတည့်တာကြောင့်ဖြစ်တဲ့ နှာရည်ယို နှာချေ ပြဿနာတွေမှာ အသုံးများပါတယ်။ ဘာမီတွန်လို Cetrizine လို ဆေးမျိုးပေါ့။ အတူတူတွဲသောက်မိရင် ဒီဆေးတွေက သွေးကျဆေးတွေရဲ့အစွမ်းအာနိသင်ကို ထိခိုက်စေပြီး နှလုံးခုန်နှုန်းကို မြန်စေပါတယ်။ သွေးကျဆေးကလည်း ပုံမှန်သောက်နေရတယ်၊ နှာရည်ယိုနှာချေတာကလည်း မခံမရပ်နိုင်ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ညွှန်ကြားတဲ့အတိုင်း သောက်တာ အကောင်းဆုံးဖြစ်ပါတယ်။ 


အတက်ရောဂါဆေးနဲ့ ကိုယ်ဝန်ဆောင်တားဆေး

 အတက်ရောဂါသမားတွေသောက်တဲ့ဆေးတွေ (AEDs) က  နည်းနည်း ပြဿနာရှိပါတယ်။ ဒါကြောင့် အတတ်ရောဂါ ဆေးနဲ့ ကိုယ်ဝန်ဆောင်တားဆေးကို တွဲသောက်မိတဲ့အခါ ကိုယ်ဝန်တားဆေး တွေရဲ့အစွမ်း အာနိသင်ကို ဒုက္ခပေးနိုင်လို့ပါပဲ။

ဒါဆိုသင်တို့လည်းကိုယ် ရင်းနှီးနေတဲ့ ဆေးတွေကို တွဲသောက်သင့်လားမသောက်သင့်လား ဆိုတာ သိသင့်သလောက်သိမယ်ထင်ပါတယ်။ ဒါကြောင့် စပ်ဆေးသောက်တာဖြစ်ဖြစ်၊ ကိုယ်တိုင်စီမံပြီး သောက်တာဖြစ်ဖြစ် သတိထားသင့်ပါတယ်။ 


#ရောဂါ
#ကိုယ်ဝန်
#ဆေးသောက်
#ဆရာဝန်
#လောက

Some text some message..